Friday, October 30, 2009

နာရေးကူညီမှုအသင်းကို တရားစွဲရန် အမှုဖွင့်ထား

သန်းထိုက်ဦး Friday, 30 October 2009

ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသော နာရေး ကူညီမှု အသင်းကို မြောက်ဒဂုံ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အာဏာပိုင် များက တရားစွဲ ဆိုရန် ပြင်ဆင်နေ သည်ဟု ၎င်း အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။

နာရေး ကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင် သာယာက အသုံးပြုခွင့် အမိန့်မရဘဲ အဆောက် အဦးကို အသုံး ပြုသည်ဟု စွပ်စွဲ၍ တရားစွဲဆိုရန် ယမန်နေ့က အမှုဖွင့် ထားကြောင်း နာရေး ကူညီမှု အသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင် သရုပ် ဆောင် ဦးကျော်သူက ပြောသည်။

“မနေ့က တရားရုံးမှာ အမှု ဖွင့်ဖို့ ခေါ်တယ်၊ ကျနော်က မသွားဘူး၊ မန်နေဂျာကို လွှတ်လိုက်တယ်၊ အဲဒီ မန်နေဂျာ ကို လွှတ်လိုက်တော့ ဟိုက တရား သူကြီးက မန်နေဂျာနဲ့ မပြီးဘူး ပေါ့လေ၊ တရားစွဲ ခံရမယ့် လူကိုယ်တိုင် (ဦးကျော်သူ)ပါမှ ဆိုပြီးတော့ အမှုဖွင့် လိုက်တယ်” ဟု ၎င်း က ပြောသည်။

နာရေးကူညီမှုအသင်း၏ အဆောက်အဦးကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်း ရှေ့တွင် ရေမြောင်းမတူးသည့်အတွက် မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်က ယခုကဲ့သို့ တရားစွဲဆိုရန် အမှုဖွင့်ရန်စီစဉ်နေ ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုအမှုနှင့် ပတ်သက်၍ ဆေးခန်းအဆောက်အဦး ပိတ်ပင်လိုက်ပါက လက်ရှိဆေးဝါး လာရောက်ကုသနေသော လူနာများအတွက် အခက်အခဲရှိကြောင်း၊ ဆေးကုသမှုလုပ်ငန်းကို ရပ်ဆိုင်း၍မရကြောင်းလည်း ဦးကျော်သူက ပြောသည်။

“ဆေးခန်းကို ရပ်ခိုင်းရင် အကုန်ဒုက္ခရောက်ကြမှာပဲ၊ မရပ်ခိုင်းဘဲနဲ့ ထောင်ချရင်လည်း ကျနော် လိုက်သွား လိုက်ရုံပဲ ဒါပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆေးခန်းတွင် လာရောက်ကုသနေသော လူနာ စုစုပေါင်း ၂၀၀ခန့် ရှိကြောင်း သိရသည်။

နာရေးကူညီမှုအသင်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေ စိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခဲ့ရာမှ မြို့နယ်စည်ပင် အာဏာပိုင်များက ပိတ်ပင်ခဲ့သည့်အတွက် လွန်ခဲ့သည့် ဇူလိုင်လတွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်းတိုး ချဲ့ဖွင့်လှစ်ခဲ့သည်။ ၎င်း အသင်းအား ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ ကူညီခြင်းဖြစ် သည်။

ယင်းဆေးခန်းတွင် မျက်စိအထူးကု၊ အရိုးအကြော၊ မီးယပ်နှင့်သားဖွား၊ ကလေးအထူးကု၊ အရေပြား၊ သွား အထူး ကု ဆရာဝန်နှင့် အထွေထွေ အထူးကု ဆရာဝန် စသည့် ဆရာဝန်များရှိပြီး အထွေထွေ ရောဂါများအပြင် အသေး စား ခွဲစိတ်ကုသမှုများပါ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ် ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များပေးခဲ့သည်။

No comments: