Saturday, October 17, 2009

ဖွတ်မရ ဓားမပါ ဆုံးကြရမည့် မြန်မာအလုပ်သမားများဘဝ

ရဲရင့်


မြန်မာ နှင့်ထိုင်း နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နေသည့် အစီအမံ သစ်များကြောင့် ထိုင်းနိုင်ငံ အတွင်း သန်းချီ ရောက်ရှိနေသည့် မြန်မာ အလုပ် သမားများ ရင်ဆိုင် နေရသည့် ခါးသီး မှုများမှာ တနေ့ထက်တနေ့ အခြေ အနေများ ပို၍သာ ဆိုးရွားလာ သည်ဟု အလုပ်သမား များနှင့် အလုပ်သမား အရေး ဆောင်ရွက် နေသည့် အဖွဲ့များက သုံးသပ်ပြော ဆိုကြသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေးပြုလုပ်မှု နားလည်ခြင်း စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီမှုအရ ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ လူကုန်ကူးမှုမခံရရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေးတို့အတွက် ၂၀၀၈ ခုနှစ်တွင် လုပ်ငန်းစတင် အကောင်အထည် ဖော်ခဲ့ပြီး မြန်မာနိုင်ငံသားများသားအတွက် နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

ထိုင်းတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာ (၁၀) သိန်းခန့်ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ နောက်ထပ်သက်တမ်း တိုးမပေးတော့ဘဲ ဆက်လက် အလုပ်လုပ်လိုသူများသည် မြန်မာနိုင်ငံမှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

ဘန်ကောက်၊ မဟာချိုင်ဒေသ ငါးသေတ္တာအလုပ်ရုံမှ မြန်မာအလုပ်သမားတဦးက “ဒီနှစ်ကုန်ရင် မြန်မာတွေ အားလုံးပြန်ရမယ်။ တရားဝင်အလုပ်သမားဖြစ်အောင် နိုင်ငံသား စိစစ်မှုပြန်လုပ်ပြီးမှ ထိုင်းကို ပြန်ဝင်ခွင့်ရမယ်။ ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စကို အလုပ်သမားတွေ စိတ်ဝင်စားမှုနည်းတယ်။ သွားမှာလာမှာနဲ့ ကုန်ကျမှာနဲ့ဆိုရင် အများစု မလုပ်ချင်ကြဘူး။ ဒီကြားထဲ လက်မှတ်လုပ်တဲ့သူတွေရဲ့ မိဘဆွေမျိုးတွေ ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေရှိတော့ အများစုက ပြန်မလုပ်ချင်ကြဘူး။ ဒီကိစ္စထိုင်းနဲ့ မြန်မာအစိုးရပဲ အခွန်အကောက်တွေ ရရှိမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ဆင်းရဲမွဲတေမှုနွံထဲကနေ ရုန်းထွက်လို့မရတဲ့အပြင် အကြွေးသံသရာမှာပဲ လည်နေကြရမှာဖြစ်တယ်” ဟု ပြောသည်။

(၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အမှန်တကယ်ကုန်ကျငွေမှာ မြန်မာဘက်တွင် ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်တွင် ဘတ် (၂,၀၀၀) သာ ကုန်ကျသော်လည်း အလုပ်ရှင်နှင့် ပွဲစားများပေါင်းကာ တဦးလျှင် ဘတ် (၈) ထောင်မှ (၁) သောင်းအထိယူပြီး ပြုလုပ်ပေးနေသဖြင့် အလုပ်သမားများ ကြွေးနွံနစ်ရမှုများ ပို၍တိုးပွားလာခဲ့သည်။

ထိုင်းရှိ မြန်မာအလုပ်သမားအများစုမှာ အမှန်တကယ်ကုန်ကျမည့် ငွေနှင့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ မသိကြသောကြောင့် အလုပ်ရှင်နှင့် ပွဲစားများ၏ခေါင်းပုံဖြတ်ခြင်း ခံနေကြရသည်။

သတင်းအချက်အလက် အမှန်အကန် သိရှိနိုင်ရန်အတွက် မြဝတီရှိ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှ ထုတ်ဝေဖြန့်ချိသည့် လက်ကမ်းစာစောင်တွင် မြန်မာအလုပ်သမားများ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ ဖော်ပြထားသော်လည်း ရေရာသည့်ဖြေဆိုမှုမျိုးမရှိဟု ဆက်သွယ်မေးမြန်းသူများက ပြောကြသည်။

လက်မှတ်လျှောက်ထားသူများ၏ မိဘဆွေမျိုးသားချင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက မတရားခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများ ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြဝတီမြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အထူးအဖွဲ့ရုံး ဖုန်း ဝ၈၇-၅၂၅၉၇၈၃ သို့ ဘန်ကောက်မြို့၊ ဘန်နားရှိ ရေခဲစက်ရုံအလုပ်သမားတဦးက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိတဦးက “မြန်မာပြည်က အကျယ်ကြီးပဲ၊ ကျနော်တို့ အားလုံးဘယ်သိနိုင်မှာလဲ။ တနေ့တနေ့ ဖြေရတဲ့ဖုန်းတွေက အများကြီးပဲ။ ဒါတွေက ပေါက်ကရတွေပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအလုပ်သမားက ၎င်းသည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ရန် ကိုယ်ရေးအချက်အလက်များ ပေးပြီးသည့်နောက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့ရှိ ၎င်း၏မိဘများနေအိမ်သို့ ရဲနှင့်စစ်တပ်မှ လာရောက်ခြိမ်းခြောက်ပြီး ငွေကျပ် (၁) သိန်း တောင်းခဲ့သည့်အတွက် လက်မှတ်မလုပ်ရန် မိဘများက အကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ အလားတူဖြစ်ရပ်မျိုး ကရင်ပြည်နယ်အတွင်းရှိ နေရပ်ဒေသအချို့၌လည်း ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမားအချို့က ပြောသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လမှသြဂုတ်လအထိ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရာတွင် မြန်မာအလုပ်သမား (၁ဝ) သိန်းနီးပါးခန့် မှတ်ပုံတင်ခဲ့ကြသော်လည်း လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ မြန်မာနယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်မြို့တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာ (၂၁) ရက်နေ့အထိ သွားရောက်လျှောက်ထားသူ (၁,၄၅၅) ဦးသာ ရှိသည့်အတွက် ပမာဏအားဖြင့် အလွန်နည်းပါးသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောဆိုသည်။

မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ၏အရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းလူ့အခွင့်အရေးအဖွဲ့တခု၏ရုံးမှ ထိုင်းရှေ့နေတဦးက “လက်ရှိ မြန်မာဘက်က နိုင်ငံသားစိစစ်မှုနှုန်းအရဆိုရင် ဘယ်လိုမှအလုပ်မဖြစ်နိုင်ဘူး။ ဒီကိစ္စအတွက် ထိုင်းအစိုးရဘက်က အချိန်ထပ်တိုးပေးရမယ့် အနေအထားရှိတယ်။ အဲလို တခုခုစီစဉ်ဆောင်ရွက်ပေးတာ မရှိရင်တော့ ထိုင်းအစိုးရနေနဲ့ တရားမဝင်အလုပ်သမား ပြဿနာနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲကိစ္စတွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ အခုအခြေအနေကို ကြည့်ရတာ မြန်မာအလုပ်သမားတွေက သူတို့အစိုးရကို အယုံအကြည်မရှိတဲ့ သဘောဖြစ်နေတယ်” ဟု ပြောသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုရင် သူ့နိုင်ငံသားတွေကို နိုင်ငံသားစိစစ်မှုအတွက် ထိုင်းကနေ ကိုယ့်နိုင်ငံကို ပြန်ဖို့မလိုဘူး။ လာအိုအစိုးရက ထိုင်းနိုင်ငံထဲကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသားစိစစ်မှုပြုလုပ်ပေးတဲ့အတွက် အလုပ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိခဲ့တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီနိုင်ငံတွေလိုလုပ်မှပဲ အဆင်ပြေနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံသားစိစစ်မှု သဘောတူညီမှု စာချွန်လွှာကို ၂ဝဝ၂ ခုနှစ်တွင် ထိုင်းနှင့်လာအို၊ ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာတို့ အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိအချိန်ထိ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်များက ဘန်ကောက်တွင် ရုံးများဖွင့်ထားပြီး ၎င်းတို့နိုင်ငံသားများအတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် အလုပ်သမားများအနေဖြင့် ခရီးဝေးသွားစရာမလိုဘဲ ငွေကုန်ကြေးကျနည်းကာ ဘန်ကောက်မြို့တွင် နေ့ချင်းပြီးပြုလုပ်နိုင်သည်။

လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ မြန်မာဘက်မှ ဘန်ကောက်တွင် ရုံးဖွင့်၍ဝန်ဆောင်မှုပေးမည်ဆိုလျှင် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုကို ရရှိမည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “လာအိုနဲ့ ကမ္ဘောဒီးယားလို စနစ်မျိုးလုပ်သင့်တယ်။ နောက်ပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးရမယ်။ အလုပ်သမားတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ပြန်လည်တည်ဆောက်ရမယ်။ အဲလိုမှ မလုပ်ရင်တော့ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး” ဟု ပြောသည်။

ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိပြီး ထိုင်းအလုပ်ရှင်နှင့်အတူ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် နယ်စပ်မြို့တို့တွင် မြန်မာမှတ်ပုံတင်မူရင်းနှင့် သွားရောက်ရမည်ဖြစ်သည်။ ထိုင်းအလုပ်သမား လက်မှတ်မရှိသူများ လျှောက်ထားခွင့်မရှိဟုလည်း ထိုင်းနှင့်မြန်မာဘက်က ကြေညာထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှသြဂုတ်လ (၂၈) ရက်အထိ အလုပ်သမားမှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင်မပြုလုပ်သူများသည် တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏တာဝန်ခံ ဦးမိုးဆွေက “မြန်မာအလုပ်သမားတွေ လက်မှတ်လုပ်တာ နည်းပါးရတာက လက်မှတ်လျှောက်တဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငွေညှစ်ခံရတဲ့ပြဿနာတွေကြောင့်ပါ။ လက်မှတ်လျှောက်တဲ့ မဟာချိုင်က အလုပ်သမတဦး ပုံစံဖြည့်ပြီး မကြာဘူး၊ သူ့အိမ်က ဖုန်းဆက်လာတယ်၊ အိမ်ကို လာခြိမ်းခြောက်ပြီး တလ ကျပ် (၃) သောင်း တောင်းတယ်၊ မလုပ်နဲ့တော့လို့ပြောတယ်။ ဒီလိုမျိုး အာဏာပိုင်တွေရဲ့ မရိုးသားမှုတွေကြောင့် ဖြစ်ရတာ” ဟု ပြောသည်။

ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမားရုံးတွင် တင်သွင်းရသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ လျှောက်လွှာကို ထိုင်းအလုပ်သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။

မြန်မာဘက်မှအာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသားစိစစ်စစ်ဆေးရာတွင် မတရားအကျပ်ကိုင် ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း ဘားအံမြို့နယ် သံလွင်မြစ်ကမ်းနံဘေးရှိ ကျေးရွာတရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူတဦးကလည်း ပြောဆိုသည်။

ဘန်ကောက် ပထုံဌာနီ ပလတ်စတစ်စက်ရုံမှ အလုပ်သမားတဦးကမူ အလုပ်ရှင်များက ယာယီနိုင်ငံကူးလက်မှတ်အတွက် လက်မှတ်လုပ်လိုသူတဦးလျှင် ဘတ်ငွေ (၁) သောင်းခန့် အဆမတန် တောင်းသည့်အတွက်ကြောင့် အလုပ်သမားအများစုက စိတ်ဝင်စားမှုနည်းကြကြောင်း ထောက်ပြပြောဆိုသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း ထိုင်းအလုပ်ရှင်အများစုသည် မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ်လျှောက်ထားမှုကို မလိုလားကြကြောင်း၊ ယခင်ကဲ့သို့ အလုပ်သမားများအပေါ် သက်သာသည့် လုပ်အားခဖြင့် ခေါင်းပုံဖြတ်နိုင်ရန် အခွင့်အလမ်းများ နည်းပါးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

မဲဆောက်မြို့ရှိ အိုမီဂါ အထည်ချုပ်စက်ရုံမှ မြန်မာမန်နေဂျာတဦးက “အလုပ်ရှင်အများစုကတော့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်မှာကို မပြောနဲ့ ထိုင်းအလုပ်သမား မှတ်ပုံတင်လုပ်တာတောင် မကြိုက်ကြဘူး။ ကျနော်တို့ စက်ရုံမှာဆိုရင် အလုပ်သမားပေါင်း (၁,၀၀၀) နီးပါးရှိတယ်။ သူတို့ အများဆုံး တနေ့ ဘတ် (၈ဝ) ပဲရတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့လုပ်အားခက (၁၅၁) ဘတ် ဖြစ်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတယောက်အပေါ်မှာ တနေ့ဘတ် (၇ဝ) အမြတ်ရတယ်။ လူ (၁,၀၀၀) ဆိုတော့ တလကို (၂၁) သိန်း အနည်းဆုံးရတယ်။ တရားမဝင်အလုပ်သမား အသုံးပြုတဲ့အတွက် ဆိုင်ရာကို ပေးကမ်းရတာ အလွန်ဆုံးတလ (၁) သိန်းပဲ။ ဒါကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေကို ပိုကြိုက်ကြတာဖြစ်တယ်”ဟု ရှင်းပြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မြင့်က လွန်ခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့က ထိုင်းနိုင်ငံတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအပြီးတွင် “ကျနော်တို့ အခုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် ဖြစ်တယ်။ အလုပ်သမားတွေကို အခွန်ကောက်တာ၊ မိသားစုတွေအပေါ် တစုံတရာ ငွေကြေးကောက်ခံတာတွေ ပြုလုပ်မယ်ဆိုတာတွေဟာ ကောလာဟလများသာဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ယာယီနိုင်ငံကူးလက်မှတ်ရရှိသူအချို့ ဘန်ကောက်အပါအဝင် သက်ဆိုင်ရာဒေသအလုပ်ခွင်များသို့ ပြန်ရောက် ရှိချိန်တွင် ၎င်းတို့ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားလိုက်ပြီး လုပ်အားခမှာလည်း ထိုင်းနိုင်ငံတွင် ဒေသအလိုက် သတ်မှတ်ထားသည့် နှုန်းထားများမရရှိကြသည့်အပြင် လက်မှတ်သွားလုပ်စဉ် ကုန်ကျငွေ ဘတ် (၁) သောင်းခန့် ကိုလည်း အရစ်ကျပေးသွင်းနေရသည်ဟု လက်မှတ်သိမ်းဆည်းခံရသူတဦးက ပြောသည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နာယက၊ သံမှူးကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဖွဲ့စည်းမည်ဟု အစိုးရမီဒီယာများတွင် လွန်ခဲ့သည့်ဇူလိုင်လလယ်က ကြေညာခဲ့သော်လည်း အလုပ်သမားများအတွက် ယနေ့အထိ တစုံတရာအကူအညီပေးမှု မရှိသေးဟု လေ့လာသူများက ပြောသည်။

မဲဆောက် ဘန့်စောင်ခွဲအထည်ချုပ်စက်ရုံမှ အလုပ်ကြပ်တဦးက “ကျနော်တို့ မဲဆောက်ဒေသတွင်း စက်ရုံတွေမှာ တရားဝင်တာရော၊ မဝင်တာရော အလုပ်သမား (၁) သိန်းခွဲရှိတယ်။ မြဝတီဘက် ပြန်လုပ်ရမယ့် လက်မှတ်ကို ဘယ်သူမှ ပြန်မလုပ်ကြဘူး။ ကျနော်ရဲ့ (၁၅) နှစ်ကျော် အတွေ့အကြုံအရ အရင်ကလည်း မြန်မာတွေကို အတင်းအကျပ် ပြန်ပို့တာတွေရှိတယ်။ နောက်တော့ ပြန်လက်ခံကြတာပဲ။ မြန်မာတွေ မရှိတာနဲ့ ဒေသတွင်း စက်ရုံ (၂၀၀) လောက်ဟာ အလုပ်လုပ်မယ့်လူ မရှိလို့ ပိတ်ရတာတွေဖြစ်လာတယ်။ အရင်ကလည်း ထိုင်းဘက်က အလုပ်သမားလက်မှတ် သက်တမ်း မတိုးပေးတာတွေ ရှိတယ်။ သန်းနဲ့ချီတဲ့ မြန်မာတွေက လက်မှတ်ရှိရှိ မရှိရှိ နေကြတာဆိုတော့ အလကားဖြစ်မယ့်အတူတူ ထိုင်းဘက်က မှတ်ပုံတင်ခွင့် ပြန်ပြုလိုက်တော့ အစိုးရအတွက် ဝင်ငွေ ဘတ်ဘီလီယံနဲ့ချီပြီးရတဲ့ အနေအထားမျိုးရှိခဲ့တော့ အခုကိစ္စကိုလည်း အလုပ်ရှင်အလုပ်သမားတွေက သိပ်အလေးမထားကြတာ” ဟု ပြောသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအာဏာပိုင်များက ယခုလုပ်ငန်းစဉ်သည် မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်ပြီး အလုပ်အလုပ်ခွင့် ဗီစာရရှိထားသဖြင့် ထိုင်းအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်နှင့် အကာအကွယ်များ ရရှိမည်ဖြစ်သည်ဟု ဆိုသော်လည်း လက်ရှိမြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများသည် လျှော့ပါးလာခြင်းမရှိဘဲ ပို၍ဆိုးရွားလာသည့် အနေအထားများသာ များပြားလာသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူဖြစ်သည့် မြန်မာစစ်အစိုးရအနေဖြင့် မှန်ကန်သည့် သဘောထားနှင့် စေတနာမပါဘဲ ဟန်ပြသက်သက်သာ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများ အရေးကိစ္စသည် ပို၍တိုးပွားလာမည်သာ ဖြစ်သည်ဟုလည်း ပြောကြသည်။

ထိုင်းနှင့်မြန်မာဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအမံများသာဖြစ်ပြီး ထိုင်းတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် တစုံတရာ အကျိုးဖြစ်ထွန်းမှုများ အရိပ်အယောင်မတွေ့ရသေးဘဲ နှစ်ထပ်ကွမ်းဒုက္ခသည် ဘဝအဖြစ်သို့သာ ရောက်ရှိလာကြရသည်ဟု မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုနေကြသည်။

No comments: