Wednesday, October 21, 2009

အန်အယ်လ်ဒီနှင့် အမေရိကန် သံအရာရှိများ တွေ့ဆုံ

NEJ /၂၁ အောက်တိုဘာ ၂၀၀၉

ရန်ကုန် အမေရိကန် သံရုံးမှ သံရုံး တာဝန်ခံ အပါအ၀င် အမေ ရိကန် အရာရှိ (၃) ဦးသည် ယမန်နေ့က အန်အယ်လ်ဒီ ရုံးချုပ်သို့ သွားရောက်ကာ အန်အယ်လ်ဒီမှ ခေါင်းဆောင် အချို့နှင့် တွေ့ဆုံ ခဲ့သည်။

ယင်းသို့ အမေရိကန် သံအရာရှိများ လာရောက် တွေ့ဆုံ ရခြင်းမှာ မြန်မာ နိုင်ငံသို့ အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်ဘဲလ် လာရောက်ရန် ရှိသည့်အတွက် အန်အယ်လ်ဒီ ၏ သဘော ထားကို ကြိုတင် သိရှိနိုင်ရန် တွေ့ဆုံ မေးမြန်းခြင်း ဖြစ်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “မြန်မာနိုင်ငံကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ် လာမယ်လို့သိရတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ကြိုတင်အချက်အလက် လာယူတဲ့အနေအထားလို့ ယူဆပါတယ်။ သူတို့ကတော့ ကျနော်တို့အပါအ၀င် အခြားအဖွဲ့အစည်းတွေအားလုံးကို တွေ့သွားပြီး မြန်မာ့နိုင်ငံရေးအနေအထားကို စုံစမ်းလေ့လာဖို့ဖြစ်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။

အန်အယ်လ်ဒီရုံးချုပ်သို့ လာရောက်ကြသူများမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်ဂါနှင့် သံရုံးမှ အရာရှိတဦး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးတို့ဖြစ်ကြပြီး ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲမှ (၃) နာရီခွဲကျော်ခန့်ထိ အန်အယ်လ်ဒီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ အစရှိသူများပါဝင်ကြပြီး အဓိကအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် အရေးယူပိတ်ဆို့မှု (sanction) ကိစ္စနှင့်ပတ်သက်၍ သဘောထားများကို မေးမြန်းခဲ့သည်ဟု သိရသည်။

“ရွေးကောက်ပွဲကိစ္စကတော့ ကျနော်တို့က အပြတ်ပြောလို့မရပါဘူး။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပဲ ရပ်တည်ထားတယ်လို့ သူတို့ကို ရှင်းပြလိုက်ပါတယ်။ သူတို့လည်း ဒါကို သဘောပေါက်ပါတယ်။
ဒီကိစ္စတွေဟာ ကျနော်တို့ စီအီးစီနဲ့တင် ဆုံးဖြတ်လို့မပြီးသေးပါဘူးလို့ ပြောလိုက်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဆန်ရှင်ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်း ကြိုဆိုပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံအစိုးရအပါအ၀င် တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အားလုံးနှင့်တွေ့ဆုံရန်၊ ထို့အပြင် တိုက်ရိုက်တွေ့ဆုံမှု တခုတည်းမဟုတ်ဘဲ ဖြစ်နိုင်ချေအားလုံးကို လုပ်ကိုင်နိုင်ရန် ကြားထဲက ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

အန်အယ်လ်ဒီရုံးချုပ်သို့ အမေရိကန်သံအရာရှိများ လာရောက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “သူတို့ဘက်ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့မိသားစုထဲကို အဆင်ပြေပြေနဲ့ရောက်ရှိသွားအောင် တချက်ပေါ့၊ နောက်ပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြင့်ပြီးတော့ ဖြစ်ပေါ်လာအောင် တကြောင်းပေါ့လေ။ နောက်တခုက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမြန်မာ့မိတ်ဆွေများက ပြောထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းသားအားလုံး လွတ်မြောက်ပြီးတော့ကာ နိုင်ငံရေးဖြစ်စဉ်ထဲမှာ တပါတည်းပါဝင်နိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်ပေးဖို့ အကောင်းတွေဖြစ်လာအောင် ကြိုးပမ်းချင်တဲ့အတွက်ကြောင့် ထိတွေ့ဆက်ဆံပြီးတော့ အစိုးရအပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တွေ့ဆုံလာတာဖြစ်ပါတယ်” ဟု ပြောသည်။

တွေ့ဆုံမှုများဖြစ်ပေါ်လာခြင်းသည် plan တခုကို အတိအကျချပြီး သွားနေသည့် အနေအထားမျိုးမဟုတ်သော်လည်း informal process ဖြစ်လာသည့်အတွက် နိုင်ငံတကာနှင့် ပိုမိုထိတွေ့မှု ရှိလာနိုင်သည်ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။

No comments: