ခိုင်လင်း/ ၂၁ ဇန်န၀ါရီ ၂ဝ၁ဝ
တရုတ်-မြန်မာနယ်စပ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်ဘက်မှ သွင်းကုန်ပစ္စည်းများအား မန္တလေးသို့ တိုက်ရိုက်သယ်ဆောင်စေပြီး ဂိုဒေါင်ချခွင့်ကို ပိတ်ပင်ထားသည်။
ကုန်ပစ္စည်းအမှားအယွင်းရှိ၍လည်းကောင်း၊ ဈေးကွက်လိုအပ်ချက်အရလည်းကောင်း သယ်ယူခြင်းခေတ္တဆိုင်းငံ့ထားရန်အတွက် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ၂ဝဝ၅ ခုနှစ် ကုန်သွယ်ရေးဇုန်စဖွင့်ကတည်းက တလုံးလျှင် ကျပ်သိန်း (၁,ဝဝဝ) ကျော် တန်ဖိုးစီရှိသည့် ဂိုဒေါင်များကို ကုန်ပစ္စည်းများ ခေတ္တသိုလှောင်ထားနိုင်ရန် ဆောက်လုပ်အသုံးပြုခဲ့သည်။
ယင်းသို့ ဂိုဒေါင်အသုံးပြုခွင့်ကို မကြာသေးမီက ပြောင်းရွှေ့လာသည့် လက်ထောက်ညွှန်မှူးနှင့် ဒု-စခန်းတာဝန်ခံဖြစ်သူ ဦးသောင်းနိုင်၏အစီအစဉ်ဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သည်တဦးက ပြောသည်။
၎င်းက “ကိုယ်သယ်လာတဲ့ ဆိုဒ်က အသေး၊ လိုင်စင်ထဲမှာက ဆိုဒ်က အကြီး၊ တရုတ်ပြည်ထဲ လောလောဆယ်မရှိသေးလို့ အချိန်ကန့်သတ်ချက် အရ ဆိုဒ်ငယ်လေးတွေ ဝယ်လာရတာရှိတယ်။ အဲဒီခါ မတူဘူးဆိုပြီး လိုင်စင် ပြန်လျှောက်ရတယ်။ အဲဒီအတွက် အရင်က ဂိုဒေါင်မှာ ချထားခွင့်ရတာ ရှိတယ်။ ဈေးကွက်အရ (၁ဝ၅) မိုင်မှာ ခဏ ပစ္စည်းအောင်းထားရတာ ရှိတယ်။ အဲလိုခါမှာ ဂိုဒေါင်မှာ ပစ္စည်းချရတယ်။ အခုက ပစ္စည်းမချခိုင်းဘူး။ တခါတည်းကို ပစ္စည်းသိမ်းလိုက်တော့တာ။ သူပြောတာက တရုတ်ပြည်ကျယ်ဂေါင်ဘက်မှာ သေချာလုပ်ခဲ့ပေါ့။ ဒီရောက်မှ ဂိုဒေါင်ချတယ်ဆိုတာ မရိုးသားဘူးပေါ့။ အဲလို ပြောတယ်။ ဂျူတီဆောင်တဲ့ခါ လိုင်စင်တွေနဲ့ ကိုက်မကိုက်ဆိုတာ သူတို့ပေါ်မှာ မူတည်တာ။ ကိုယ်က ကြိုဘယ်သိမလဲ” ဟု ပြောသည်။
လက်ရှိ ကုန်သွယ်ရေးဇုန် တာဝန်ခံ ဒု-ဗိုလ်မှူးကြီး မောင်မောင်ထွန်းသည် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နားလည်မှု မရှိ၍ နာမည်ခံ တာဝန်ခံသာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (နကသ) ဝန်ထမ်းဖြစ်သည့် ဦးသောင်းနိုင်ကသာ ခြယ်လှယ်ပြီး ထင်သလို အမိန့်များထုတ်ကာ ပြုလုပ်နေသည်ဟု နကသ ဝန်ထမ်းများနှင့် နီးစပ်သူ အေးဂျင့်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ အေးဂျင့်တွေနဲ့ မတည့်ကြဘူး။ တလောက ကုန်သွယ်ဇုန်ထဲက အဝင်၊ အထွက်လုပ်တဲ့နေရာမှာ ထွက်တဲ့ နေရာကနေ ဆိုင်ကယ်တွေ ဝင်နေလို့ဆိုပြီး အေးဂျင့်တွေကို ဖမ်းလိုက်သေးတယ်။ ကြော်ငြာဘုတ်မှာ စာကပ်ရင် တမျိုးလေဗျာ။ ကုန်ပစ္စည်းတွေကို ဟိုဟာ မကိုက်ဘူး၊ ဒီဟာ မကိုက်ဘူးဆိုပြီး အတော် ပြဿနာရှာတာ။ ဒီပုဂ္ဂိုလ်ရောက်လာမှ ဖြစ်တာ။ သူက ပအိုဝ့်၊ ဒေါ်ကြိုင်ကြိုင်ရဲ့ တူလိုလို၊ ဘာလိုလို၊ တိုင်းမှူး အောင်သန်းထွဋ်တောင် အခုလို ကိစ္စတွေမှာ ဘာမှ ဝင်မပြောရဲဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကလည်း (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် စစ်ဆေးပြီးသည့် ကုန်ကားများကို ထွက်ခွင့်မပေး သေးဘဲ မဲနှိုက်ပြီး ကား (၃) စီးရွေးချယ်ကာ ထပ်မံစစ်ဆေးသည့်စနစ်ကို ကျင့်သုံးခဲ့သဖြင့် အချိန်ကြန့်ကြာမှု၊ ကုန်ပစ္စည်း အတင်အချ ပိုလုပ်ရ၍ ငွေပိုကုန်မှု၊ ကုန်ပစ္စည်း ကျိုးကြေပျက်စီးမှုများကြောင့် ကုန်သည်များက ဝိုင်းဝန်း တောင်းဆိုခဲ့သဖြင့် အဆိုပါ မဲနှိုက်စစ်ဆေးသည့်စနစ်အား ပြီးခဲ့သည့်အပတ်မှစ၍ ရပ်နားလိုက်သည်။
(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ကုန်စစ်ဆေးရေးစခန်း ဖြစ်သကဲ့သို့ လာဘ်ပေး၊ လာဘ်ယူမှုများနှင့် ပတ်သက်၍ ဝန်ထမ်းများနှင့် ကုန်သည်များကို ဖမ်းဆီးအရေးယူခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးခြင်း စသည့် ပြဿနာများ မကြာခဏ ဖြစ်နေသည့် စခန်းလည်းဖြစ်သည်။
No comments:
Post a Comment