မျိုးချစ်သူ/ ၁၉ ဇန်န၀ါရီ ၂ဝ၁ဝ
သတင်းစာဆရာနှင့် စာရေးဆရာကြီး လူထုဦးလှ၏ ရာပြည့်အခမ်းအနားကို မန္တလေးမြို့ မဏိရတနာရာမ မြတောင်တိုက်၌ ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။
လူထုဦးလှ၏ အသက်တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော် (၅၅) ပါးကို နေ့ဆွမ်းကပ်လှူခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
လူထုဦးလှ၏ ရာပြည့်အခမ်းအနားအတွက် ဆရာကြီး ဒဂုံတာရာ၊ ဦးသော်ကောင်း၊ ဆရာမကြီး ကလျာ (၀ိဇ္ဇာသိပ္ပံ) နှင့် ဦးဝင်းငြိမ်းတို့က ပေးပို့သော မွေးနေ့သ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြောင်း လူထုဦးလှ၏သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။
ထို့အပြင် စာရေးဆရာကြီး လူထုစိန်ဝင်း၊ ဆရာမ ခင်နှင်းဦးနှင့် စောနိုင် (မန္တလေးတက္ကသိုလ်) တို့ ရေးသားကြသော စာတမ်း (၄) စောင်ကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်ဟု စာရေးဆရာ ညီပုလေးက ပြောသည်။
ဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းအနားသို့ ရန်ကုန်မှ စာပေလောကသား (၅၀) ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
၎င်းက “ရန်ကုန်က သတင်းစာဆရာကြီး ဦးဝင်းတင်တို့၊ ဆရာအံ့မောင်တို့ လာတာတွေ့တယ်ဗျ။ ကျနော်တို့လည်း သတင်းစာဆရာ တယောက် ဖြစ်နေတဲ့အတွက် သတင်းစာဆရာတွေနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို နောင်လည်း တက်နိုင်အောင် ကြိုးစား မှာပါ” ဟု ပြောသည်။
အခမ်းအနားသို့တက်ရောက်သည့် စာပေ၀ါသနာရှင်တဦးဖြစ်သူ မစန္ဒာကလည်း “ကျမက ဆရာကြီးရေးတဲ့စာအုပ်တွေကို ကြိုက်ပါတယ်။ ကျမငယ်ငယ်ကဆိုရင် ဆရာကြီးရေးတဲ့ ပုံပြင်စာအုပ်တွေနဲ့ ကြီးပြင်းလာရတာပါ။ အခုလိုရာပြည့်အခမ်းအနားကို တက်ခွင့်ရတာ ဆရာကြီး ကျေးဇူးကြောင့်ပဲ ထင်ပါတယ်” ဟု ပြောသည်။
မန္တလေးထုတ် သတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးကလည်း “လူထုဦးလှဆိုတာ ဘယ်လိုမှ မေ့လို့ရမှာမဟုတ်တဲ့ သတင်းစာဆရာကြီးတဦးပဲ။ အခုလည်း သူ့ရာပြည့်ပွဲကိုလုပ်တယ်။ နောင်လည်း သားစဉ်မြေးဆက် ဒီလိုအခမ်းအနားတွေ ဆက်လုပ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
လူထုဦးလှကို ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာတွင် အဖကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင်တို့က ၁၉၁၀ ပြည့် နှစ်၊ ဇန်န၀ါရီ (၁၉) ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၂၆ ခုတွင် ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ (၇) တန်းအောင်မြင်ကာ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်ခဲ့သည်။
လူထုဦးလှသည် ၁၉၃၃ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ (၈) နှစ်ကြာ ကြီးပွားရေးမဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး ၁၉၄၅ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ (၁၁) နှစ်ကြာ လူထုဂျာနယ်၊ ၁၉၄၆ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ (၂၁) နှစ်ကြာ လူထုသတင်းစာကို ထုတ်ဝေခဲ့ကာ ကြီးပွားရေးနှင့် လူထုစာအုပ်တိုက်မှ စာအုပ်ထုတ်ဝေရေးကို ၁၉၃၈ ခုနှစ်မှ သေဆုံးချိန် ၁၉၈၂ ခုနှစ် သြဂုတ်လ (၇) ရက်နေ့အထိ (၄၄) နှစ်တာ ထုတ်ဝေခဲ့ကာ စာပေတာဝန်ကို ထမ်းဆောင်ခဲ့သည်။
လူထုဦးလှရေးသားခဲ့သည့် စာအုပ်ပေါင်းများစွာအနက် ထင်ရှားသည့်စာအုပ်များမှာ 'ထောင်နှင့် လူသား' (စာပေဗိမာန် စာပဒေသာဆု)၊ 'လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ' (ယူနက်စကို စီးပွားရေး လူမှုရေးဆိုင်ရာဆု)၊ “ရခိုင်ကျေးလက်ပုံပြင်များ” (စာပေဗိမာန် အနုပညာ စာပေဆု၊ ကလေးသူငယ်ဆိုင်ရာ စာပေဒုတိယဆု) တို့ဖြစ်သည်။
လူထုဦးလှရေးခဲ့သည့် စာအုပ်များနှင့် ထုတ်ဝေခဲ့သည့် စာနယ်ဇင်းများကို အင်္ဂလိပ်၊ ဂျပန်၊ ဂျာမန်နှင့် ရုရှဘာသာသို့ ပြန်ဆိုထားသည့် စာအုပ် (၁၀) အုပ်ရှိကြောင်း သိရသည်။
လူထုဦးလှ၏ ရာပြည့်အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ကျင်းပခဲ့သည်။
No comments:
Post a Comment