Sunday, January 10, 2010

ကရင်ဒုက္ခသည်များ၏ အဖြူရောင် ခရစ္စမတ်

ဆိုင်မွန် ရောက်ဂ်နင်း

ကက်စတယ်လ်ဘား၊ အိုင်ယာလန်နိုင်ငံ။ ။ မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ စစ်တပ်၏ စစ်ဆင်ရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ထွက်ပြေးလွတ်မြောက်လာကြ ပြီးနောက် ကရင်တိုင်းရင်းသား ဒုက္ခသည်တစုသည် နှင်းများကျရာ အိုင်ယာလန်နိုင်ငံ အနောက်ပိုင်း၌ အဖြူရောင် ခရစ္စမတ် ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့ကြသည်။

"ဟိုအရင်ကဆိုရင် အချိန်တိုင်းလို စစ်တပ်က ကျနော်တို့ ရွာကို ရောက်လာပြီး ကျနော့်အမေကို ခင်ဗျားသား ဘယ်မှာလဲ လို့ လာလာ မေးတယ်" ဟု ဖိုးထာက ပြောသည်။ သူ့အမေကလည်း စစ်တပ်ကို သူ ထိုင်းနိုင်ငံတွင် ရှိနေသည်ဟု ပြောခဲ့သည်။

သို့သော် ယခုတော့ ထိုအခြေအနေ မဟုတ်ခဲ့သည်မှာကြာပြီ ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် လူငယ်တဦးဖြစ်သူ ဖိုးထာ မှာ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့သည်။ ဘန်ကောက်တွင် နှစ်အတန်ကြာနေထိုင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက သူ့ကို နိုင်ငံမြောက်ပိုင်းရှိ ဘန့်ဒုန်ယန်း ဒုက္ခသည် စခန်းသို့ ပို့ဆောင် ခဲ့သည်။ သူသည် ထိုစခန်းတွင်း၌ ၁၀ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်ပြန်လည် နေရာချထား ရေးအစီအစဉ်အရ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် သူက ဘန်ကောက်ရှိ သူငယ်ချင်းထံသို့ အပတ်စဉ်ကဲ့သို့ ဖုန်းခေါ် စကားပြောနိုင်ပြီ ဖြစ်သည်။ သူငယ်ချင်း က သူ့အမေနှင့် အဆက်အသွယ်ရှိဆဲ ဖြစ်သောကြောင့် အမေနှင့်သား သတင်းဆက်သွယ်နိုင်ကြသည်။

ဖိုးထာသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က အိုင်ယာလန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချပေးခြင်း ခံရသည့် ကရင်ဒုက္ခသည် ၁၀၀ ခန့်ထဲမှ တဦး ဖြစ်သည်။ ဖိုးထာ မှာ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ သန်းတွင် ၇ သန်းခန့် ရှိသော ကရင်တိုင်းရင်းသားထဲမှ တဦး ဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း အခြေချနေထိုင်သည့် ကရင်တိုင်းရင်းသား ၄၀၀,၀၀၀ ခန့်ရှိသည်။ ကရင်လူမျိုးများက ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ကက်စတယ်ဘားတွင် တွေ့ဆုံခဲ့ရသူ ကရင်လူမျိုး ၆ ဦး၌ ဖိုးထာ တဦးသာ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ စစ်တပ်နှင့် ကရင်အမျိုးသား တပ်ဖွဲ့များအကြား လက်နက်ကိုင်တိုက်ပွဲများက ကြိုကြားကြိုကြား ဆိုသကဲ့သို့ ဖြစ်ပွားနေခဲ့ပြီး သာမန်ကရင်လူထုအတွက် မြန်မာစစ်တပ်၏ တိုက် ခိုက်သည့် ထိုးစစ်များဒဏ်ကိုလည်း အကြီးအကျယ်ထိခိုက် ခံစားခဲ့ကြရသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည် ၁၄၀,၀၀၀ ခန့်အနက် ကရင် ဒုက္ခသည် အများဆုံး ဖြစ်သည်။ စီးပွားရေး မပြေလည်မှုကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသူ ၃ သန်းကျော်တွင် ကရင်လူမျိုးက သိန်းနှင့်ချီ၍ ရှိနေသည်။

"စစ်တပ်က ရွာတွေကို ရောက်လာပြီး ကရင်သူပုန် ရှိ မရှိ လာရှာတယ်။ တခါတလေမှာ သူပုန်တွေနဲ့ ဘာမှ မသက်ဆိုင်တဲ့သူတွေ လည်း နှိပ်စက်ညှဉ်းပန်းခံကြရတယ်။ အသတ်ခံကြရတယ်"ဟု ဖိုးထာက ပြောပြသည်။

တခြား ဒုက္ခသည်တဦးဖြစ်သူ မနေထွန်းကလည်း"စစ်တပ်က ရပ်ထဲရွာထဲရောက်လာပြီး လူတွေကို ပေါ်တာထမ်းဖို့ အဝေး ကို ခေါ်သွားတယ်။ တကယ့်ကို ကျွန်တွေကို ဆက်ဆံသလိုပဲ"ဟု ဖြည့်စွက်ပြောသည်။

"ကျနော့်ဦးလေးလည်း စစ်တပ်အတွက် ပေါ်တာထမ်းရင်းနဲ့ သေသွားတယ်၊ သူ ဘာဖြစ်သွားသလဲဆိုတာ ကျနော်တို့ မသိရဘူး" ဟု ဖိုးထာကလည်း ဆိုသည်။

"ပေါ်တာအဖြစ် ဆွဲခေါ်ခိုင်းခံရတဲ့ တခြားဒုက္ခသည်တွေ ဆီကလည်း ရိုက်နှက်ခံကြရတယ်။ တနေ့ကို ၁၆ နာရီကနေ နာရီ ၂၀ အထိ တောထဲမှာ အလုပ်ခိုင်းခံကြရတယ်။ ရေနည်းနည်း စားစရာနည်းနည်းပဲ ပေးတယ် ဆိုတာတွေကို ကြားရတယ်”ဟု သူက ဆက်ပြောသည်။

"မြန်မာနိုင်ငံရှိ ရာဇ၀တ်မှုများ" (Crimes in Burma) အမည်ရ ဟားဗတ်တက္ကသိုလ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတခုအရ မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်တကျနှင့် အကျယ်အပြန့် ဖြစ်ပွားနေကြာင်း၊ အစိုးရ၏ မူဝါဒတစိတ် တဒေသ အားဖြင့် ဖြစ်ပွားနေရကြောင်း ဖော်ပြထားသည်။ ၎င်းအစီရင်ခံစာက နိဂုံးချုပ်ဖော်ပြထားရာတွင် ဤချိုးဖောက်ကျူးလွန်မှု များသည် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုရန် လိုအပ်နေကြောင်း အကြံပြုထားပြီး မြန်မာစစ်အစိုးရအနေနှင့် လူသားမျိုးနွယ် တရပ်လုံးကို ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်မှုများ၊ နိုင်ငံတကာ စံနှုန်းအရ စစ်ရာဇ၀တ်မှုများ အဆင့်အထိကျူးလွန်နေဖွယ် ရှိကြောင်း ဖော်ပြ ထားသည်။

၎င်းအစီရင်ခံစာဖော်ပြချက်အရ "အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် စနစ်တကျနှင့် အကျယ်အပြန့် ကျူးလွန် နေသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အကျဉ်းရုံး သတ်ဖြတ်မှုများ"ကြောင့် ကရင်ဒုက္ခသည်များထွက်ပြေး လာကြ ရခြင်း ဖြစ်သည်ဟု သိရသည်။

"တောထဲမှာ ၃ လလောက် ပုန်းနေရပြီး ထိုင်းနိုင်ငံကို ထွက်လာဖို့ တဖြည်းဖြည်း လမ်းရှာကြရတယ်၊ ပုံမှန်ဆိုရင် နယ်စပ်ကိုရောက် ဖို့ ၄ ရက်ခရီးလောက် လျှောက်ကြရတယ်။ ဒါပေမယ့် စစ်တပ်က မတွေ့အောင် သတိထားပြီး ဖြည်းဖြည်းသွားရတာ"ဟု မနေထွန်း က ပြောပြသည်။

"အဲဒီနောက် ဒုက္ခသည် စခန်းထဲမှာ ၁၀ နှစ်လောက်ကြာအောင် နေကြရတယ်။ ထိုင်းအာဏာပိုင်တွေက စခန်းအပြင် ထွက်ခွင့် မပေးဘူး။ ၁၀ နှစ် လုံးလုံး NGO တွေ၊ TBBCလို အဖွဲ့အစည်းတွေက ပေးကမ်းထောက်ပံ့ တာပဲ မှီခိုနေခဲ့ ကြရတယ်"ဟုလည်း သူက ဆိုသည်။

ဒုက္ခသည်များက အခွင့်အရေး အနည်းအငယ်ရသည်နှင့် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းရွေးချယ်ကြသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပါ။

"ကျမက ၂၀၀၅ ခုနှစ်မှာ ရွှေ့ပြောင်းအခြေချဖို့ လျှောက်လွှာတင်တယ်။ ဒါပေမယ့် စာရင်းက အရှည်ကြီး၊ အကြာကြီးစောင့်ကြရ တယ်"ဟု မနေထွန်းက ပြောသည်။

သူ့အလှည့်ရောက်ရန် ၂ နှစ်ကြာ စောင့်လိုက်ရသည်။ သူ့ကို အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချရမည်ဟု တာဝန်ရှိသူများက ပြော ဆိုကြောင်း၊ ဤနိုင်ငံအကြောင်းကိုလည်း သူသိပ်မသိကြောင်း ပြောပြသည်။

"ကျမတို့ အိုင်ယာလန်ကိုရောက်တော့ ၂ လလောက် ဘယ်လီဟောနစ် (Ballyhaunis) ဒုက္ခသည်များ ပြန်လည်နေရာချထား ရေးစင်တာ မှာ နေကြရသေးတယ်။ အဲဒီမှာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ ဥပဒေ၊ နေ့စဉ်ဖြတ်သန်းရင် ကြုံရမယ့် ဘ၀ရေးရာ ကိစ္စတွေ လေ့လာကြရတယ်"ဟုလည်း မနေထွန်းက ပြောသည်။

၂ နှစ်ကျော်ကြာသည့်နောက်တွင် အိုင်ယာလန်နိုင်ငံရှိ သူတို့ဘ၀တွင် နေသားကျပျော်ရွှင်နေပြီဟု အားလုံးက ပြောဆိုသည်။ ရာသီ ဥတုကြောင့် ဆင်းရဲပင်ပန်းရပုံကိုတော့ အားလုံးက ညည်းညူကြသည်။

"ဒီနေရာက ဘ၀က မြန်မာနိုင်ငံနဲ့ နှိုင်းစာရင် ကွာခြားပါတယ်။ သိပ်ပြီး ကွာခြားလှပါတယ်၊ မြန်မာနိုင်ငံမှာလည်း လယ်ကွင်းတွေပဲ။ အိုင်ယာလန်မှာလည်း လယ်ကွင်းတွေပဲ။ ဒီမှာတော့ အရာအားလုံးကို စက်နဲ့ လုပ်ကြတယ်။ ဟိုမှာတော့ ကျွဲနွားသုံး ထွန်ယက်ကြရ တာပေါ့"ဟု တခြားသော ဒုက္ခသည်တဦးဖြစ်သူ ဖောကွဲ က ပြောသည်။

"ဒီမှာတော့ လူတိုင်းက ကားကိုယ်စီနဲ့။ လျှပ်စစ်မီးကလည်း အချိန်မရွေးရတယ်။ လူတိုင်းမှာလည်း အ၀တ်လျှော်စက်လို အခြေခံ အိမ်အသုံးအဆောင်တွေ ရှိနေကြတယ်။ မြန်မာပြည်က ကျမတို့အရပ်နဲ့တော့ ဘယ်တူပါ့မလဲ"ဟုလည်း သူက ဆိုသည်။

ဤအုပ်စုအဖွဲ့ဝင် အများစုက သင်တန်းအစီအစဉ်များနှင့် အင်္ဂလိပ်စာ သင်တန်းများတွင် စရင်းပေး တက်ရောက်နေကြပြီ ဖြစ် သည်။ အငယ်ဆုံး အဖွဲ့ဝင် ၅ ဦးကတော့ ယခုနှစ်နွေရာသီတွင် အထက်တန်းကျောင်း နောက်ဆုံးစာမေးပွဲ ၀င်ကြရမည် ဖြစ်သည်။

စာသင်ခန်းထဲတွင် ဒုက္ခသည်များကို သူတို့၏ မိတ်ဆွေများ၊ မည်သည့်နေရာမဆို ရှိနေသည့် မိသားစုဝင်များနှင့် ဆက်သွယ် ဆုံဆည်း နိုင်ရန် အင်တာနက် လိုင်း စီစဉ်ထားပေးသည်။

ဖိုးထာ က"ကျနော့်ညီမ တယောက်က ဆွီဒင်မှာရှိတယ်။ အစ်ကိုတယောက်က နယူးယောက်မှာ"ဟု ပြောသည်။

"မြန်မာပြည်မှာတော့ စစ်တပ်နဲ့ အစိုးရက ကျမတို့ဆီက ယူတာပဲ၊ အိုင်ယာလန်မှာတော့ အစိုးရက ကျမတို့ကို ကြည့်ရှုကူညီ ပေး တယ်"ဟု ဖောကွဲကလည်း ပြောဆိုသည်။

မြန်မာစစ်တပ်က တိုင်းရင်းသားဒေသများရှိ မြေယာများကို သိမ်း၍ ခြေကုတ်ယူသည်။ ထို့နောက် လိုအပ်သည့် ပစ္စည်းအသုံး အဆောင်များကိုလည်း အလိုရှိသရွေ့ရယူသည်ဟု ဆိုသည်။

ဟားဗတ်တက္ကသိုလ်က ထုတ်ပြန်သည့် အစီရင်ခံစာက ခန့်မှန်းဖော်ပြထားရာတွင် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာစစ်တပ်က နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် ကျေးရွာပေါင်း ၃,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆင်ရေးများကြောင့် လူပေါင်း ၅၀၀,၀၀၀ မျှ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး တောတောင်များထဲ ပြေးလွှားပုန်းအောင်းနေကြရကြောင်းလည်း ယင်း အစီရင်ခံစာအရ သိရသည်။

အဆုံးစွန် ဆိုရလျှင် မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ ဖျက်ဆီးမှုများသည် ဆူဒန်နိုင်ငံ ဒါဖော ဒေသ ဖျက်ဆီးမှု အတိုင်းအဆနှင့်ပင် ညီနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

အိုင်ယာလန်နှင့် မြန်မာနိုင်ငံအကြား နိုင်ငံ လုံခြုံရေးကိစ္စအပေါ် သဘောထားချင်း ကွာခြားပုံကို အလေးအနက်ပြု၍ မနေထွန်း က ပြောပြသည်။

"ကျမတို့ နိုင်ငံမှာတော့ ရဲဆိုရင် ပုန်းနေကြရတယ်။ ဒီမှာတော့ လမ်းမပေါ်လျှောက်ပြီး ဟဲလို.. ကောင်းသော မနက်ခင်းပါ၊ ခင်ဗျား နေကောင်းပါရဲ့လားလို့ မေးလို့ရတယ်။ သူကလည်း ပြန်ပြုံးပြပြီး ပြန်နှုတ်ဆက်လိမ့်မယ်။ ဘာ ပြဿနာမှမရှိဘူး"ဟု သူကဆိုသည်။

သို့သော်လည်း အိုင်ယာလန်သို့ ရောက်လာကြသည့် ဒုက္ခသည် မည်သူတဦးကမျှ အိုင်ယာလန်နိုင်ငံသည် ချမ်းမြေ့သာယာသည့် တံခါးပေါက်တခုအဖြစ် ထောက်ခံပြောဆိုကြခြင်း မရှိသေးချေ။

"အသားကျဖို့ အခက်ခဲဆုံးကတော့ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုပဲ"ဟု မနေထွန်းနှင့်အတူ နေသူ ဖောကွဲက ပြောသည်။ တခြားသူ များကလည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်ကြသည်။

အိုင်ယာလန်နိုင်ငံ၏ ယခုအပိုင်းသည် တနှစ်ပတ်လုံးလိုလို လေထန်နေတတ်ပြီး မိုးများ စိုစွပ်စွာ ရွာနေတတ်သည့် ဒေသလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် မျှတသော အပူချိန် ရှိသည်။ တခြား ဗဟို ဥရောပ ဒေသများနှင့် နှိုင်းစာလျှင် ရာသီ ဥတုလေးခု အကြား တွင်လည်း အပြောင်းအလဲက အနည်းငယ်မျှသာ ရှိတတ်သည်။

ယခုနှစ်တွင် အိုင်ယာလန်ဒေသ အများအပြားတွင် နှင်းများကျသည့် အဖြူရောင် ခရစ္စမတ်ကို ကြုံရသည်။ အေးခဲနေသည့် ရာသီဥတုက ရက်ပေါင်းများစွာ ဆက်ရှိနေမည်ဖြစ်ပြီး သုညအောက် ရာသီဥတုက ၂၀၁၀ နှစ်ကူးသည့်တိုင် တည်နေသည်။

"ကျမတို့က ဒီအအေးနဲ့ အသားမကျနိုင်သေးဘူး"ဟု မနေထွန်းက ပြူတင်းပြင်ပရှိ မီးခိုးရောင် ကောင်းကင်ကို ခေါင်းဆတ်ပြရင်း ပြောသည်။ နှစ်သစ်ကူးမတိုင်မီတွင် နှင်းများပို၍ ကျမည်ဟုလည်း သူက သိထားသည်။

မည်သို့ပင်ဖြစ်စေ ဤအဖွဲ့က အိုင်ယာလန်တွင် ပျော်ရွှင်နေပြီ ဖြစ်သည်။ သူတို့မွေးရပ်မြေရှိ နှိပ်စက်မှုများနှင့် ဝေးခဲ့ရပြီ ဖြစ်သကဲ့သို့ တနေ့တနေ့ အပြောင်းအလဲမရှိဘဲ ဖြတ်ကျော်ခဲ့ရသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့်လည်း ဝေးကွာခဲ့ရပြီ ဖြစ် သည်။ သူတို့က ကရင်-အိုင်းရစ်အသင်းကို ဖွဲ့စည်းခဲ့ကြပြီး ကရင်နှစ်သစ်ကူးပွဲတော် ကဲ့သို့သော လုပ်ငန်း ဆောင်တာများလည်း ပူးပေါင်းလုပ်ဆောင်နေကြသည်။ အိုင်းရစ်လူမျိုး မိတ်ဆွေများနှင့် ပူးတွဲ လုပ်ကိုင်နေကြပြီး မေယို အသက် မွေးဝမ်းကျောင်း ပညာရေးကော်မီတီ (Mayo Vocational Education Committee) ကဲ့သို့သော အဖွဲ့အစည်းများနှင့် လက်တွဲ၍ အိမ်ရှင်နိုင်ငံနှင့် ပို၍နီးစပ်စွာ ဆက်ဆံရေးထူထောင်နိုင်ရန်လည်း ကြိုးပမ်းနေကြသည်။

ဤသို့ အဆက်အသွယ်များကြောင့် ကရင်လူမျိုးများအနေနှင့် သူတို့၏ ရိုးရာ ကပွဲကို ဖျော်ဖြေကပြနိုင်ရုံမျှမက၊ အိမ်ရှင် အိုင်းရစ် လူမျိုးများထံလည်း သူတို့ယဉ်ကျေးမှုကို ရှင်းပြနိုင်ခဲ့ကြသည်။ အိုင်းရစ်လူမျိုးတို့၏ ယဉ်ကျေးမှု ရိုးရာပွဲတချို့တွင်လည်း ပါဝင်ဆင်နွှဲ နိုင်ခဲ့ကြသည်။

"ကျနော် ကရုတ် ပက်ထရစ် (Croagh Patrick) တောင်ပေါ်ကို ၃ ခါတောင် တက်ပြီးပြီ"ဟု အဖွဲ့ထဲက အငယ်ဆုံးဖြစ်သူ တကော စူး က ပြောသည်။ မီတာ ၈၀၀ ကျော်မြင့်သည့် ဤတောင်ကုန်းပေါ်မှကြည့်လျှင် ရှုမငြီးနိုင်သည့် သမုဒ္ဒရာကြီး၏ မြင်ကွင်းကို ကြည့် မြင်နိုင်သည်။

ကရင်နှင့် အိုင်းရစ်လူမျိုးတို့၏ ဆက်နွယ်မှုက ရှည်ကြာဖွယ်လည်း ရှိသည်။

ဖိုးထာက အွိုင်ဆင် (Oisin) အရပ်ရှိ ၁၇ လ သား ကလေးငယ်အတွက် ဂုဏ်ယူနေသည့် ဖခင်တဦးလည်း ဖြစ်သည်။ အိုင်ယာလန်နိုင်ငံတွင် ပထမဦးဆုံးမွေးဖွားသည့် ကရင်ကလေး ငယ်လည်း ဖြစ်သည်။

"ကလေးက ကျနော်တို့ထက် ရာသီဥတုဒဏ်ကို ပိုခံနိုင်တယ်"ဟု ဖိုးထာက ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အစိုးရစစ်တပ်များက ကရင်ဒေသအတွင်းသို့ ထပ်မံထိုးစစ်ဆင်မှုများ ပြုလာခဲ့ပြန်ပြီး ကရင် ၁၀,၀၀၀ ခန့် ကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပြန်သည်။

ဖောကွဲက မြန်မာစစ်အစိုးရသည် အလိုဆန္ဒရှိသမျှအတွက် လူထုကို အင်အားသုံး အကျပ်ကိုင်နေသည့် အစိုးရမျိုး ဖြစ်သည်ဟု ဆိုသည်။

"၂၀၁၀ ရွေးကောက်ပွဲက ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး၊ စစ်တပ်ကပဲ နိုင်ငံကို ဆက်ပြီးထိန်းချုပ် ထားကြမှာပါ"ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရက တိုင်းရင်းသားအုပ်စုများအကြား သွေးခွဲ အနိုင်ယူသည့် အုပ်ချုပ်ရေးစနစ်ကို ကာလ ကြာရှည် ကျင့်သုံးနေခဲ့သည်။ ကရင်များလည်း ဤဒဏ်ကို မလွတ်နိုင်ဘဲ ခံစားကြရသည်။

စစ်အစိုးရနှင့် မဟာမိတ်ပြု ထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA)က စစ်အစိုးရ အလိုကျ ကရင် တိုင်းရင်းသား အချင်းချင်း ပြန်၍ စစ်ခင်းတိုက်ခိုက်နေသည်။ DKBA အဖွဲ့က ကရင်လူထု အကျိုးစီးပွားကို အဓိက ကိုယ်စားပြု ရပ် တည်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ထံမှ ၁၉၉၅ ခုနှစ်က ခွဲထွက်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

"ကရင်အချင်းချင်း အခုလို ပြန်ပြီး တိုက်ခိုက်သတ်ဖြတ်နေရတာ ၀မ်းနည်းစရာ ကောင်းပါတယ်"ဟု မနေထွန်းက ပြောသည်။

သူတို့ကို အိမ်ပြန်လိုပါသလားဟု မေးကြည့်ဖြစ်သည်။

ဖောကွဲက"ပြန်ချင်ပါတယ်။ ဒါပေမယ့် ပြန်လို့ မရသေးဘူး။ ပြန်ရဖို့ဆိုရင် အပြောင်းအလဲတွေ အများကြီး ဖြစ်လာဖို့ လိုအပ်ပါတယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး ရမှသာ ပြန်နိုင်မှာပါ"ဟု ဆိုလေသည်။

SIMON ROUGHNEEN ရေးသားသည့် Karen Refugees Have a White Christmas in Ireland ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

No comments: