Narinjara News
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်အနီးတွင် ပင်လယ် ဓါးပြများ သောင်းကျန်းနေသဖြင့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများ အနေဖြင့် အထူးအခက်ကြုံတွေ့နေကြရသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားမြို့ ငါးဖမ်း ဘုတ် အသင်း ဥက္ကဌ မူဇီဘူရာဟာမန်က “ ခုသောင်းကျန်းနေတဲ့ ပင်လယ် ဓါးပြတွေကို မနှိမ်နှင်းဘူးဆိုရင် ရှေ့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ ငါးလုပ်ငန်းကို အထူးထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။
ယခုအခါ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နယ်စပ် အနီး ပင်လယ်ပြင်တွင် ပင်လယ်ဓါးပြ (၇)ဖွဲ့မှ (၈)ဖွဲ့ထိ သောင်းကျန်းနေပြီး ပင်လယ်ဓါးပြများ အနေဖြင့် ငါးများကို လုယက် ယူသည်သာမက ငါးဖမ်းဘုတ်များကို အပိုင်စီး သိမ်းယူခြင်း၊ ငါးဖမ်းသမားများကို ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေသည်။
၎င်းပြင် ပင်လယ် ဓါးပြများသည် ငါးဖမ်းဘုတ်များကို အပိုင်စီးနှင်းပြီး ငါးဖမ်းသမားများကို ပင်လယ်ထဲသို့ ပစ်ချလေ့ရှိပြီး ၂၀၀၉ ခုနှစ် အတွင်း ငါးဖမ်းသမား ၃၈ ဦး ပင်လယ်ဓါးပြများ၏ ဓါးစာခံ ဖြစ်ခဲ့ရသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ ရေတပ် အပါအ၀င် ကမ်းခြေစောင့်တပ်ဖွဲ့ အနေဖြင့် ပင်လယ်ပြင်ထဲတွင် လုံခြုံရေး ပြည့်ပြည့်၀၀ မပေးနိုင်သဖြင့် ပင်လယ်ဓါးပြများမှာ ယခင်ကထက် ပိုမို အတင့်ရဲလာပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်တွင် လှည့်လည် သွားလာနေသည်ဟု သိရသည်။
တခါတရံ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ကုန်ပစ္စည်းများ တင်ပို့နေသော စက်လှေများကိုလည်း ပင်လယ်ဓါးပြများက ဓါးပြတိုက်ယူလေ့ရှိသည်။
တက်ကနက် ဘောင်တော်ဆိပ်ကမ်းသို့ သစ်တင်ပို့နေသူ စက်လှေပိုင်ရှင် တဦးကို မေးကြည့်ရာ သူက “ ဓါးပြတွေက မြန်မာဘက်ကတော့ မဖြစ်နိုင်ပါဘူး။ မြန်မာစစ်အစိုးရက ဓါးပြတွေကို တွေ့ရင် သတ်ပစ်တဲ့အတွက် အခု ဓါးပြတွေဟာ မြန်မာနိုင်ငံက မဖြစ်နိုင်ပါဘူး။ ဘင်္ဂလာဒေခ်ျ့နဲ့ အိန္ဒိယ နိုင်ငံက ဖြစ်ဖို့ များပါတယ်။ ခုလို ပင်လယ် ဓါးပြတွေ သတင်းကို ရထားတဲ့အတွက် ကျွန်တော်တို့က သိပ်ဝေးဝေးက မဖြတ်ဘဲ ကမ်းနီးနီးက ဖြတ်ပီး ဘင်္ဂလာဒေခ်ျ့ကို လာရောက်ကြတာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ပင်လယ် ဓါးပြများမှာ ခေတ်မှီ လက်နက်များ ကိုင်ဆောင်ထားပြီး လျှပ်တပြက် ငါးဖမ်းဘုတ်များနှင့် ကုန်တင် မော်တော်ဘုတ်များကို မထင်မှတ်သော နေရာမှ ၀င်ရောက်ပြီး တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။
No comments:
Post a Comment