Sunday, January 10, 2010

နယ်စပ်အရေး ဆွေးနွေးရန် ဘီဒီအာရ် ညွန်ချုပ် မြန်မာသို့ ထွက်ခွာ

Narinjara News

မြန်မာနှင့် နယ်စပ် အရေးဆွေးနွေးရန်အတွက် ဘင်္ဂလာဒေခ်ျ့ ရိုင်ဖယ် (ဘီဒီအာရ်) ညွန်ချုပ်သည် ယနေ့ (စနေနေ့)တွင် မြန်မာနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားသည်။

ဘီဒီအာရ် ညွှန်ချုပ် မိုင်နုန် အစ္စလာမ်နှင့် အတူ အဖွဲ့ဝင် ၅ ဦး အတူလိုက်ပါသွားကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့တွင် မြန်မာနယ်စပ် တပ်ဖွဲ့ နစက ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နယ်စပ် အရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မြန်မာဘက်က ရခိုင်နယ်စပ် တလျောက်တွင် စစ်ရေးတိုးမြှင့် တည်ဆောက် နေမူများအား လျော့ချရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောသည်။

၎င်းပြင် ဆွေးနွေးပွဲတွင် မြန်မာဘက်မှ မူဆလင်များကို ဘင်္ဂလာဒေခ်ျ့သို့ နှင်ထုတ်နေမူများကို ရပ်တန့်ရန်နှင့် နှစ်နိုင်ငံ နယ်စပ် တလျောက်ရှိ တပ်ဖွဲ့များအကြား ယုံကြည်မူများ တည်ဆောက်သွားရန်လည်း တောင်းဆိုသွားမည် ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် လက်နက်မှောင်ခို လူမှောင်ခို ကိစ္စရပ်များ အပါအ၀င် မူးယစ်ဆေးဝါး ကိစ္စ၊ နှစ်ဘက် နယ်စပ်တွင် ဖြစ်ပေါ်နေသော ဒုစရိုက် ဂိုဏ်များ နှိမ်နှင်းရေး ကိစ္စများကိုလည်း ဆွေးနွေးသွားကြမည်ဟု သိရသည်။

ဆွေးနွေးပွဲမှာ ၄ ရက်ကြာမြင့်မည် ဖြစ်ပြီး ဆွေးနွေးပွဲပြီးပါက ဘီဒီအာရ် ညွန်ချုပ် အနေဖြင့် မြန်မာ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

၎င်းအပြင် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေ၊ ဘူးသီးတောင်၊ ပလက်ဝနှင့် မောင်တောမြို့ရှိ နစက ဌာနချုပ်သို့လည်း လာရောက် လည်ပတ်မည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘင်္ဂလာဒေခ်ျ့ ညွန်ကြားရေးမှူး အဆင့် ဆွေးနွေးပွဲကို လွန်ခဲ့တဲ့နှစ် ဒီဇင်္ဘာက ၁၀ ရက်ကနေ ၁၆ ရက်ထိ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားသော်လည်း မြန်မာဘက်က အချိန်ကပ်ပြီးမှ ရွှေ့ဆိုင်းခဲ့သဖြင့် ယခုလ ၁၀ ရက်နေ့မှ ပြန်လည် စတင်နိုင်ခြင်း ဖြစ်ပါသည်။


No comments: