Tuesday, March 2, 2010

တွေ့ဆုံရေးအတွက် တရုတ်ကြားဝင်ပေး - ၀ ခေါင်းဆောင်ငြင်းဆန်

သျှမ်းသံတော်ဆင့်

ယခုလ ၂၆ ရက်နေ့ စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် တရုတ်ဆက်သွယ်ရေး အရာရှိများ ကြားဝင်ပေးသော် လည်း ၀ ခေါင်းဆောင် ထပ်မံငြင်းဆန် ထား သည်ဟု သိရသည်။

“လားရှိုးမှာ ဗိုလ်ရဲမြင့်နဲ့တွေ့ဖို့ ဥက္ကဌကြီးရဲ့ လုံခြုံရေးတာဝန်တွေပါ ယူပေးဖို့ တရုတ်ကို နအဖ က အကူအညီ တောင်းထားတယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ဥက္ကဌကြီး ပေါက်ယူချမ်းကိုယ်တိုင်သွားအောင် ၀ ကို တရုတ်ကဖိအားပေး ဖို့ပေါ့” - ၀ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦးက ပြောပါသည်။

ယခုလ ၂၂ ရက်နေ့တွင် တရုတ်ဆက်သွယ်ရေးအဖွဲ့ တဖွဲ့က လာမည့် ၂၆ ရက် နအဖ ကိုယ်စား လှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် လားရှိုး၌ ၀ ခေါင်းဆောင် ပေါက်ယူချမ်း သွားရောက်တွေ့ဆုံရန် ဖြောင်းဖြတိုက်တွန်းပေးခဲ့သည်။ ကျန်းမာရေးကြောင့် ခရီးမသွားနိုင် ကြောင်း ၀ ဘက်က ထိုနေ့၌ပင် အကြောင်းပြန်ကြားလိုက်သည်ဟု - ၀ အဆင့်မြင့် အရာရှိ တဦးကပြော ပါသည်။


“ကျနော်တို့ရဲ့ ဥက္ကဌ ကြီးက ကျန်းမာရေးသိပ်မကောင်းဘူးလေ၊ နေကောင်းကျန်းမာ သွားလာလှုပ်ရှားနိုင်သူ ကို နေမကောင်းတဲ့သူက သွားတွေ့ရမယ်ဆိုတာ မဟုတ်ဘူးသေးဘူး။ တခြားခေါင်းဆောင်တွေ ကိုယ်စားသွားဖို့ ပြောပေမယ့် သူတို့က ဥက္ကဌကြီးမှ ဥက္ကဌကြီးဆိုတော့ နောက်ကွယ်မှာ ရိုးသားမှုရှိမရှိမပြောနိုင်ဘူး” - ဟု အဆို ပါ ၀ အရာရှိက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ လွန်ခဲ့သည့် တစ်ပတ်က နအဖ ၏ စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အပစ်ရပ်ပြဿနာကူညီဖြေရှင်းပေးရန် တရုတ်ပြည်သို့သွားပြီး အကူအညီတောင်းခံ ခဲ့သည် ဟုဆိုသည်။

၂၀၀၉ နိုဝင်ဘာ ၁၄ ရက်နေ့က ၀ပြည်သွေးစည်းရေးပါတီ ဒုဥက္ကဌ ရှောက်မင်လျဲန် နှင့် အခြားအဆင့်မြင့် ၀ ခေါင်း ဆောင်များ တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့်နောက်ဆုံးတွေ့ဆုံခဲ့သည်။ ထိုစဉ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ‘စကားပြော တာအဆင့်မရှိဘူး၊ အောက်တန်းကျလွန်းတယ်၊ အထက်စီးပြောလွန်းတယ် ’ - ဟု အဆိုပါ ၀ အရာရှိက ပြောပြသည်။

ထို့နောက်ပိုင်း ၀ ခေါင်းဆောင် ပေါက်ယူချမ်းကိုယ်တိုင် သွားရောက်တွေ့ဆုံရန် နအဖ ဘက်ကမ်းလှမ်းခဲ့သည် မှာ ၄ ကြိမ်တိတိရှိပြီဖြစ်၏။ ကျန်းမာရေးကြောင့် သွားမတွေ့နိုင်ကြောင်း ငြင်းဆန် ခဲ့ပြီး စစ်အစိုးရတွေ့လိုက ဖေဖေါ်ဝါရီ ၂၀ ရက် ၀ ဌာနချုပ် ပန်ဆန်းမြို့သို့ လာရောက်တွေ့ဆုံနိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ ၀ ဘက်မှ ပြန်လည် ဖိတ်ကြားလိုက်သော်လည်း လာရောက်တွေ့ဆုံခြင်းမရှိချေ။

No comments: