Monday, March 1, 2010

ဗိုလ်ချုပ်အောင်ဆန်း စာအုပ် ပြန်ကြားရေးဝန်ကြီး ဆုချီးမြှင့်

NEJ/ ၁ မတ် ၂ဝ၁ဝ

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ယနေ့ကျင်းပသော သုတစွယ်စုံစာပေ ဆုပေးပွဲ အခမ်းအနား တွင် “မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကိုရေးသည့် တက္ကသိုလ်စိန်တင်အား ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကိုယ်တိုင် ချီးမြှင့်ပေးသည်ဟု သိရသည်။

ယင်းစာအုပ်ကို သုတစွယ်စုံစာပေဆုပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group၊ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်ခြင်းဖြစ်သည်။

“ကျနော့်အနေနဲ့ သုံးသပ်ပြောရရင် ဒီလိုသုတစွယ်စုံ စာပေဆုပေးပွဲမှာ ဒီစာအုပ်ကို ၀န်ကြီးကိုယ်တိုင်ချီးမြှင့်တာက သုတစွယ်စုံ စာပေဆုကို ပေးတဲ့ ဒေါက်တာတင်ထွန်းဦးနဲ့ ၀န်ကြီးက ခင်မင်လို့လည်း ဖြစ်နိုင်တယ်။ နောက်တခုကတော့ တကယ့်ကို အပြောင်းအလဲတခုလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ဒီဗိုလ်ချုပ်စာအုပ်ကို ထုတ်ဝေခွင့် ရထားပေမယ့် ဂျာနယ်စာမျက်နှာပေါ်တွေမှာ သိပ်ပြီးတော့ အရေးပေးခံရတာမျိုး မရှိဘူး။ အခု သုတစွယ်စုံစာပေဆု ပေးတဲ့ထိ လုပ်လာတယ် ဆိုတာတော့ အတော့်ကို ပြောင်းလဲမှုတခုလို့ မြင်တယ်ဗျ” ဟု အခန်းအနားတက်ရောက်ခဲ့သော ပြည်တွင်းသတင်းအယ်ဒီတာ တဦးက သုံးသပ်သည်။

အခမ်းအနားတွင် ဒေါက်တာတင်ထွန်းဦးက ဗိုလ်ချုပ်အောင်ဆန်းစာအုပ်နှင့်ပတ်သက်၍ တက္ကသိုလ်စိန်တင် စုဆောင်းရေးသား တင်ပြထားသည်ကို စနစ်တကျရှင်းပြရာတွင် ၎င်းအနေဖြင့် အဆိုပါစာအုပ်ကို ကြိုက်နှစ်သက်ကြောင်းနှင့် ဗိုလ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို ရေးသားထားသည်မှာ လေးနက်သည့်အတွက် ရွေးချယ်ပေးခြင်းဖြစ်ကြောင်း ပြောသည်ဟု အခမ်းအနားတက်သူတဦးက ပြောပြသည်။

သုတစွယ်စုံစာပေဆုသည် ပဉ္စမမြောက်ဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောစာအုပ် ပါဝင်လာသည်မှာ ထူးခြားချက်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်းသမားများက ပြောသည်။

ယခုနှစ် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်ဆုကို တက္ကသိုလ်စိန်တင်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ဖြင့်လည်းကောင်း၊ စာပဒေသာဘာသာရပ်ဆုကို ကိုကို(စက်မှုတက္ကသိုလ်) က အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွားဆောင်းပါးများ စာအုပ်ဖြင့်လည်းကောင်း၊ လူမှုစီးပွားဘာသာရပ်ဆုကို ဒေါက်တာချစ်က လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ စာအုပ်ဖြင့်လည်းကောင်း၊ ဘာသာပြန်ဘာသာရပ်ဆုကို ကြည်မင်းက ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း စာအုပ်ဖြင့်လည်းကောင်း၊ ရည်ညွှန်းစာပေဘာသာရပ်ဆုကို ကျော်ဝင်းက စာအုပ်များဖြင့် နှစ်ပေါင်းများစွာ စာအုပ်ဖြင့်လည်းကောင်း၊ လူငယ်စာပေဘာသာရပ်ဆုကို ပါမောက္ခ ဒေါက်တာတင်စိုးက ဘာလဲဟဲ့ဒေါက်တာဘွဲ့ စာအုပ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာရေးရာဘာသာရပ်ဆုကို ရဲထွဋ်က သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန် စာအုပ်ဖြင့်လည်းကောင်း၊ အသုံးချသိပ္ပံဘာသာရပ်ဆုကို ဒေါက်တာစိုးလွင်က လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ စာအုပ်တို့ဖြင့်အသီးသီးရရှိခဲ့ကြကြောင်း၊ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သိရသည်။

No comments: