ကိုထွေး Thursday, 11 March 2010
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေက ဆိုသည်။
ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေများကို အင်္ဂါနေ့မှ စတင်၍ နေ့စဉ် ထုတ်ပြန်လျက်ရှိရာ ယနေ့ ထပ်မံ ထုတ်ပြန်သည့် ဥပဒေ အခန်း(၁၆)၊ ၉၁(ခ)တွင် ကျင်းပပြီးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လိုက်လျောညီထွေ မရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များ အလိုအလျောက် ပျက်ပြယ်ကြောင်း ပါရှိသည်။
၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။
NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက“ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဖြစ်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူတွေရဲ့ သဘောတူညီချက် မပါဘဲ ဖျက်သိမ်းလိုက်ပြီလို့ ဆိုနိုင်ပါတယ်”ဟု ပြောသည်။
တချိန်တည်းမှာပင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို အာဏာပိုင်များက ယမန်နေ့ ညနေမှ စတင်၍ ပြန်လည် ဖွင့်ပေးနေကြောင်း သိရသည်။
“တိုင်းရုံးတွေကို ဖွင့်ခွင့်ပေးတယ်ဆိုတာ အရင်တုန်းက တောင်းဆိုထားတဲ့ဟာကို လျှော့ပေးလိုက်တဲ့ သဘောပေါ့၊ တခြားပါတီ တွေလည်း လှုပ်ရှားခွင့်ရှိနေတော့ NLDကိုလည်း ပေးရလိမ့်မယ်ဆိုပြီး ဖွင့်ပေးတယ်လို့ ယူဆတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီး ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကြေညာခဲ့ပြီးနောက် ယင်းသို့လုပ်ဆောင်ခြင်း ဖြစ်သည်။
“ချိတ်ပိတ်ထားတဲ့ ရုံးတွေကို ပြန်ဖွင့်ပေးတာ၊ ရန်ကုန်တင်မဟုတ်ဘူး တပြည်လုံးမှာ ပြန်ဖွင့်ခွင့်ပေးတယ်၊ ဘာကြောင့် ဖွင့်လဲ ဆိုတာကတော့ ကျနော်တို့ ခန့်မှန်းဖို့ ခက်ပါတယ်၊ စပိတ်ကတည်းကိုက အကျိုးအကြောင်းလည်း မဆီလျော်ဘူး၊ ဥပဒေနဲ့လည်း မညီဘူး အဲသလို ပိတ်ထားတာ၊ ဘာရည်ရွယ်ချက်လည်း ဆိုတာကိုတော့ သူတို့ပဲသိမှာပဲ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယင်းသို့ ဖွင့်လှစ်ပေးနေသော်လည်း အာဏာပိုင်များက NLDအဖွဲ့ချုပ်ကို အကြောင်းကြားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်၊ တိုင်းကိုသာ အကြောင်းကြားကြောင်း၊ ယမန်နေ့ကထွက်ရှိသော ရွေးကောက်ပွဲ ဥပဒေသည် NLDကိုပစ်မှတ်ထားခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို NLDရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ချိန်ခွင် လျှာညှိ သည့် သဘောမျိုးဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
NLDရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD တာဝန်ခံ ဒေါက်တာသန်းငြိမ်းကို ယမန်နေ့ ညနေ ၅ နာရီ တွင် ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူ၍ ရုံးများ ပြန်လည် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆို သည်။
“ရန်ကုန်တိုင်းရုံးရော မြို့နယ်ရုံးတွေရော ပြန်ဖွင့်ပေးမယ်ပေါ့၊ အရင်ကော်မရှင်က မရှိတော့ဘူးပေါ့၊ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေက ခေါ်ပြောတယ်ပေါ့၊ ကျနော်ကြားရသလောက်တော့ မြန်မာတပြည်လုံးလို့ ယူဆတာပဲ၊ မြို့နယ်တွေ ကိုလည်း ညတွင်းချင်း ဖွင့်ချင်တယ်ပေါ့ဗျာ၊ ဆိုင်းဘုတ်တွေ ချထားတဲ့ မြို့နယ်တွေကတော့ ဆိုင်းဘုတ်ပြန်တင်ဖို့ နောက် ကော်မရှင်နဲ့ ဆက်လုပ်ဖို့ ပြောတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။
NLDရုံးခန်းများကို ယခင်ရွေးကောက်ပွဲ ကော်မရှင်က ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မရှင်ကို ယမန်နေ့က ဖျက်သိမ်း ခဲ့ခြင်းကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြီးသတ်လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ NLDအနေဖြင့် တရားဝင် လုပ်ဆောင်ရန် ရက်ပေါင်း ၆၀ သာရှိတော့ကြောင်း၊ ယင်းနောက် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
No comments:
Post a Comment