Saturday, May 1, 2010

ဆင်ဖြူတော်နှင့် ဘောင်းဘီချွတ်သူ

ရန်ကုန်သားတာတေ

ကြွက်စုတ်။ ။ တိုက်ပွဲကား တဖြည်းဖြည်း ပြင်းထန်လျက် ရှိလေပြီ။

ဖိုးရှုပ်။ ။ ဘာလဲဟ … ထိုင်းက ရှပ်နီ၊ ရှပ်ဝါ၊ ရှပ်ရောင်စုံတွေနဲ့ စစ်တပ်တွေလား။

ကြွက်စုတ်။ ။ မဟုတ် … လားလားမှ မဟုတ်။

ဖိုးရှုပ်။ ။ သြော်သိပြီ … နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ပြောထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ နအဖ တပ်တွေလား။ ငါလည်း သိ … သိ။

ကြွက်စုတ်။ ။ နိုး … မဟုတ်။ တိုက်ပွဲကား တဖြည်းဖြည်း ပြင်းထန်သည်ထက် ပြင်းထန်လျှက် ရှိလေသည်။

ဖိုးရှုပ်။ ။ အင်း … ကြွက်စုတ် … နင်ပဲ ရူးသွားတာလား၊ ငါပဲ ကြောင်သွားတာလား ဟင်။

ကြွက်စုတ်။ ။ ငြိမ်ငြိမ်နေစမ်းပါ ဖိုးရှုပ်ရယ်။ အာရုံပျက်လိုက်တာ။ ငါ ဆြာတေကို အားကျလို့ စာရေးဆရာလုပ်မလို့ဟ။

ဖိုးရှုပ်။ ။ စာရေးဆရာ … ဟုတ်လား။ မွဲဆေးက ဖော်တော့မယ်။ စာရေးဆရာ ဘယ်လို လုပ်မှာလဲ၊ ဘယ်တော့ လုပ်မှာလဲ၊ ဘာကြောင့်လုပ်မှာလဲ၊ ဘယ်မှာလုပ်မှာလဲ။

ကြွက်စုတ်။ ။ မင်းကလည်း အခုမှ အခြေခံသတင်းစာ သင်တန်းပြီးထားမှန်း သိသာလိုက်တာ။ အခုပဲစာရေးဆရာ လုပ်မှာ … အခုကို စရေးနေပြီ၊ ပါးစပ်နဲ့။ ဒီခေတ်မှာ မြန်မာစာကို ဇော်ဂျီဖောင့်နဲ့ ရိုက်တတ်သူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ဂျီတော့မှာ ချက်ရွန်း ထိုင်သူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ဘလော့ရှိသူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ခေတ်မီသူတိုင်း စာရေးဆရာ လုပ်ကြတယ် …။ အဲဒီတော့ ငါလည်း စာရေးဆရာ လုပ်မှာပေါ့။

ဖိုးရှုပ်။ ။ ကဲပါ … စာရေးတာတော့ ဟုတ်ပါပြီ။ နင်က ဘာရေးမှာလဲ။

ကြွက်စုတ်။ ။ အင်တာနက်ပေါ်က တိုက်ပွဲခေါ်သံ ဆိုတဲ့ ဖြစ်ရပ်မှန် ဝတ္ထုရှည်ကြီးရေးမလို့ ...။ နင်လုပ်တာနဲ့ ငါ အာရုံ ပျက်သွားတာ။ ဘယ်ရောက်သွားပါလိမ့်။

ဖိုးရှုပ်။ ။ တိုက်ပွဲကား ပြင်းထန်သည်ထက် ပြင်းထန်ရာက တဖြည်းဖြည်း မယုံနိုင်လောက်အောင် ပြင်းထန်လာလေပြီ။ ဆက်ရေးတော့။

ကြွက်စုတ်။ ။ အေး ဟုတ်တယ် ...။ ဆက်ရေးမယ်။ ထိုသို့ လေလှိုင်း … လျှပ်လှိုင်း … ဒီဂျစ်တယ် လှိုင်း … အင်တာနက် … အင်တာဖြူ … အင်တာပြာ များပေါ်တွင် ပြင်းထန်စွာ တဘက်နှင့် တဘက် … အော်ဆဲသူကဆဲ … စကားလုံးနှင့် နရင်းရိုက် သူကရိုက် … ဗုံးထောင်သူကထောင် … ဗုံးကြဲသူက ကြဲ ဖြစ်ချင်တိုင်း ဖြစ်နေကြချိန်၌ … ၌ … ၌ ...။

ဖိုးရှုပ်။ ။ ဘယ်သူနဲ့ ဘယ်သူဖြစ်တာလဲဟ။

ကြွက်စုတ်။ ။ ခက်ပါလား … ပို့စ်မော်ဒန်နည်းနဲ့ ရေးထားတာ။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ် ဆိုတာ နောက်တော့ တဖြည်းဖြည်း သဘောပေါက်လာလိမ့်မယ် ...။ မထူးပါဘူးကွာ … ပြောပြမယ်။ နအဖ ဆွေမျိုးနီးစပ် တွေနဲ့ အင်တာနက် နိုင်ငံရေး သမားတွေ ဖြစ်တာ။

ဖိုးရှုပ်။ ။ အင်းအင်း … သိပြီ ဆက်ပြော။

ကြွက်စုတ်။ ။ ဘယ်ရောက်သွားပါလိမ့် … သိပြီ။ ထိုသို့ ဖြစ်ချင်တိုင်းဖြစ်နေ ကြချိန်၌ တခုသော လုံခြုံရာအရပ် ကြပ်ပြေး နေပြည်တော်ကြီးတွင် … အောက်လမ်း နည်းပညာများကို တဘက်ကမ်းခတ် ကျွမ်းကျင်သူ တပ်ချုပ်ကြီးမှာ ဇနီးသည် အကူအညီယူ၍ ယတြာ စစ်မျက်နှာသစ် တခု ဖွင့်ရန် အပြင်းအထန် အားထုတ်နေတော့သည်။ ဒန်တန့်တန် ...။

ဖိုးရှုပ်။ ။ အောင်မယ် … မင်းဟာက တယ်ဟုတ်ပါလား။

ကြွက်စုတ်။ ။ ဟုတ်ဆို … စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ နှစ်လောက တိုက်ပွဲဆိုတဲ့ စာအုပ်ထဲကနေ ခိုးချထားတာ ကိုးဟ။ အဲဒီစာအုပ်ထဲမှာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်နဲ့ မဟာမိတ်တပ်တွေ ရေပြင်၊ မြေပြင်၊ လေပြင်မှာ တိုက်ပွဲ ဖြစ်နေ ကြတုန်း သူတို့ရဲ့ ဝိညာဉ်လိပ်ပြာတွေအချင်းချင်း စုန်းအတတ်၊ မှော်အတတ်တွေနဲ့ ပုံစံအမျိုးမျိုးလုပ်ပြီး တိုက်ကြတဲ့အကြောင်း ရေးထားတာ … အဟဲ။

ဖိုးရှုပ်က ကြွက်စုတ်ကို မျက်စောင်း ထိုးလိုက်သည်။ ထိုစဉ် သူတို့လေပေါနေရာ ချင်းမိုင်ကျုံးနဘေးသို့ ဦးရုက္ခစိုးပါ ရောက်လာလေသည်။ ဦးရုက္ခစိုးမှာ နတ်ဖြစ်သောကြောင့် ကြွက်စုတ်၏ အကြံအစည် အားလုံးကို သိထားပြီးဖြစ်ရာ ပြန်လည် ရှင်းပြစရာ မလိုတော့ပေ။ ဦးရုက္ခစိုး နောက်တွင် ချိုကုပ်ဒူးကြီးလည်း ပါလာသည်။ ကြွက်စုတ် စကားကို နားစွန်နားဖျား ကြားလိုက်သည့် ချိုကုပ်ဒူးကြီးက အငမ်းမရမေးတော့သည်။

ချိုကုပ်။ ။ ဟာ … အရမ်း စိတ်ဝင်စားတယ် ကြွက်စုတ်ရာ … မင်းရေးထားတဲ့ စာအုပ်လား ...။ ပေးဖတ်စမ်းပါဦး။

ဖိုးရှုပ်။ ။ သူရေးတဲ့ စာအုပ်က ထွက်ဖို့ နေနေသာသာ တလုံးတောင် မရေးရသေးဘူး။ ခုမှ သူများရေးတာကို ခိုးချဖို့ လုပ်တုန်း။ ဒါနဲ့ … ချိုကုပ်ဒူးကြီးက ဘယ်က ဘယ်လို ချင်းမိုင်ရောက်လာတာလဲ။ မနေ့ကတင် နေပြည်တော်မှာ ကဆုန်ညောင်ရေ သွန်းနေတာ မဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ မနေ့ကတင် ကဆုန်ညောင်ရေသွန်းတယ်။ ဒီမနက် ဆင်ဖြူတော်စီးပြီး ချင်းမိုင်လာတယ်။ဦးရုက္ခစိုးဆီက ယတြာလေး ဘာလေး ရမလား လာတောင်းတာ။ ကွိုင်ကွိုင်က လွှတ်လိုက်တာလေ။

ကြွက်စုတ်။ ။ မဖြစ်နိုင်တာဗျာ။ ဆင်ဖြူတော်နဲ့ ဘယ်လိုလုပ် ချင်းမိုင်ရောက်မှာလဲ။ လေယာဉ်စီးလာတာ မဟုတ်လား။

ရုက္ခစိုး။ ။ ခက်ပါ့ ကြွက်စုတ်ရယ်၊ မင်းကို ရှင်းရတာက တမျိုး။ ဆင်ဖြူတော်ဆိုတာ လေယာဉ်ရဲ့ နာမည်ကို ပြောတာဟ။ သူ့ဗေဒင်ဆရာက သူ့ကို အဲဒီလိုပဲ ပြောရမယ်လို့ မှာထားတာ။

ချိုကုပ်။ ။ ဟုတ်တယ် … ဟုတ်တယ်။ ဆင်ဖြူတော် ပိုင်သတော်မူသော မင်းတြားကြီးပေါ့။ ဟဲဟဲ။

ဖိုးရှုပ်။ ။ ဆင်ဖြူတော်ဆိုတာ မင်းကျင့်တရား ၁၀ ပါးနဲ့ အညီ အုပ်ချုပ်တဲ့ မင်းတွေဆီကို အလိုလို ရောက်လာတတ်တာတဲ့ … ကြားဖူးတာပဲ။ ချိုကုပ်ဒူးကြီးဆီကိုကော ဒီဆင်ဖြူတော်လေယာဉ်က ဘယ်လို ရောက်လာတာလဲ။

ချိုကုပ်။ ။ ဝယ်လိုက်တာလေ ...။ အဲ … အလိုလို ရောက်လာတာပေါ့။ ကျုပ်လည်းမင်းကျင့်တရား ၁၀ ပါးနဲ့ အညီအုပ်ချုပ်တာပဲ။ သူတော်ကောင်းမင်းဗျ၊ ဘာမှတ်လဲ။ ၉ ပါးသီလကို ၉ စက္ကန့် စောင့်ထားတာ။ ကဲ ဦးရုက္ခစိုး … ယတြာပေးတော့။

ရုက္ခစိုး။ ။ ကျုပ်က ယတြာပေးရအောင် ဗေဒင်ဆရာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အေးအေး နေစမ်းပါရစေဗျာ။

ချိုကုပ်။ ။ ဟာ … ပေးပါ ဦးရုက္ခစိုးရယ်။ ခု ဆို ကျုပ် နိုင်ဖို့ ဘာမှ မလိုတော့ဘူး။ လမ်းပျောက်မြေပုံက တဖြည်းဖြည်း ပုံပေါ်နေပြီ။ အခု … သိန်းဂိန်ကိုလည်း ဘောင်းဘီ ချွတ်လိုက်ပြီ။ နောက်ထပ် နည်းနည်းဆို နိုင်ပြီ။

ကြွက်စုတ်။ ။ ဒီအရွယ်ကြီး ရောက်မှ ဘောင်းဘီချွတ်တာ မရှက်ဘူးလားဗျာ။ အဲဒါကော ယတြာပဲလား။

ချိုကုပ်။ ။ အာ ဘောင်းဘီချွတ်တယ် ဆိုတာက ဗိုလ်သိန်းဂိန်ကနေ ဦးသိန်းဂိန်လုပ်လိုက်တာ။ ယတြာချေတာ မဟုတ်ဘူး။ တကယ်ချွတ်တာ။

ဖိုးရှုပ်။ ။ သူ ဘောင်းဘီချွတ်တာကလည်း ခိုးကြောင် ခိုးဝှက်နဲ့ပါလားဗျ။ ကြေလည်း မကြေညာပါလား။

ချိုကုပ်။ ။ မကြေညာဘူး ဆိုတာက သူက ရှက်တတ်တယ်လေ။ လူရှေ့သူရှေ့ သိပ်ထွက်ချင်တာ မဟုတ်ဘူး။ သူ့ ထိပ်ကြီးကလည်း အရမ်းပြောင်နေတယ် မဟုတ်လား။

ရုက္ခစိုး။ ။ ဟင် … ဘာမှလည်း မဆိုင်ဘူး။

ချိုကုပ်။ ။ ဆိုင်တော့ မဆိုင်ဘူးပေါ့။ ဒီလိုပဲ လျှောက်ပြောရတာပေါ့ ...။ တကယ်တော့ ကျုပ်လည်း နည်းနည်း ရှက်လို့ပါ။ အဟီး။ ကျုပ်တို့လုပ်မယ့်ဟာတွေ အားလုံး လူတွေက ကြို ကြိုသိနေတာ ဆိုတော့လေ ... နည်းနည်း ပြောင်များ ကျနေမလားလို့။ အဲဒါနဲ့ ဆော်ကြမ်း ကို မြန်မာ့အမှောင်မှာ မသိမသာလေး ပြောင်းရေးပေးဖို့ ပြောလိုက်တာပါ။

ရုက္ခစိုး။ ။ မှတ်သားလောက်ပါပေ့ဗျာ။

ချိုကုပ်။ ။ မှတ်သားလောက်ရင် ယတြာပေးတော့ဗျာ။ ကျုပ်နောက်ကျနေရင် ကွိုင်ကွိုင်က ဆူဦးမယ်။

ကြွက်စုတ်။ ။ နေပါဦးဗျ။ ဦးသိန်းဂိန် ဘောင်းဘီချွတ်ပြီးတော့ ဘာဆက်လုပ်မှာလဲ။

ချိုကုပ်။ ။ ဘောင်းဘီချွတ်ပြီးတော့ အတွင်းခံပါ ချွတ် … အာ ယောင်ကုန်ပြီ။ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်ပေးမှာပေါ့။ ပြီးရင် ရွေးကောက်ပွဲဝင် … သမ္မတလုပ်။ ဒါပဲလေ။ သိန်းဂိန်တင်မကဘူး တခြားချိုကုပ်တွေကိုလည်း ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ် ပေးမလို့ နေပြည်တော်မှာ ပုဆိုးတွေဝယ်စုနေတယ်။

ရုက္ခစိုး။ ။ အဲဒါက သိပြီးသား ဇာတ်လမ်းဟောင်းကြီးပဲ။ ဘာယတြာလိုသေးလို့လဲ။ NLD လည်း မရှိတော့ဘူး။ ခင်ဗျားပဲ နိုင်မှာပဲဟာ။

ချိုကုပ်။ ။ ဒါတော့ ဒါပေါ့ ဦးရုက္ခစိုးရယ် … ဒါပေမယ့် ခုနက ကြွက်စုတ်ပြောသလို … ဟိုဘက်က အတိုက်အခံတွေ၊ နိုင်ငံရေး သမားတွေ၊ သူတို့ အမျိုးတွေ၊ သားမြေးတီတွတ် ကျွတ်တွေက ကျုပ်ကို အောက်လမ်းတွေ၊ ၁၂ ကြိုးတွေ … ဇော်ကနီ၊ ဇော်ကနက်တွေနဲ့ တိုက်ရင် ဘယ်လို လုပ်မလဲ။ နည်းနည်းတော့ ကာဗာ လုပ်ထားမှ ဖြစ်မယ်။ ပွဲက ပြီးခါနီးလေ … တခုခု မှားမှာ ကြောက်လေပဲ။ ယတြာကောင်းရင် မင်းတောင် အလောင်းဖြစ်ဆိုလား ဘာလား ရှိတယ်မဟုတ်လား။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးမှာလည်း ဗေဒင်ဆရာတွေ ရှိတယ်မဟုတ်လား။ သူတို့က မပေးဘူးလား။

ချိုကုပ်။ ။ သူတို့ ရှိတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ခေတ်မီသွားအောင် နိုင်ငံခြားက ယတြာလေး လိုချင်လို့ပါ။

ကြွက်စုတ်။ ။ ပြောမရရင်လည်း ပေးလိုက်ပါတော့ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ အင်း မပေးရင်လည်း ပြန်မယ့်ပုံမပေါ်ဘူး။ ကဲကဲ ဒီလိုလုပ် … ချိုကုပ်ဒူးကြီးဆီမှာ ဆင်ဖြူတော် အစစ်ရှိလား။ လေယာဉ်ပျံတွေ ပြောတာမဟုတ်ဘူးနော်။

ချိုကုပ်။ ။ မရှိဘူးလေ။ ဖင်တွန့်ရှာထားတာပဲ ရှိတယ်။ အဲဒီ ဆင် ၃ ကောင်နဲ့တော့ မပတ်သက်ချင်လို့ မင်းဓမ္မကုန်းဘက် သွားတောင် မသွားဘူး။

ရုက္ခစိုး။ ။ အင်း ဒါဆို ကိုယ့်ဘာသာ တွေ့အောင်ရှာပေါ့။ တွေ့ရင် … အဲဒီဆင်ဖြူတော် ပါထားတဲ့ အီးတုံး ၃ တုံးကို တကြိမ်တည်းနဲ့ အာမထိ လျှာမထိ မြိုပြီး … အောင်ပြီ … အောင်ပြီ … လို့ ၃ ခါတိတိအော် … ။ ဒါပဲ။

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုး ကိုယ်ရောင်ဖျောက်ကာ ထွက်သွားသည်။ ချိုကုပ်ဒူးကြီးက “အဲဒီလို လုပ်ရင် ဘာဖြစ်မှာလဲ ဦးရုက္ခစိုး” ဟု လှမ်းမေးသည်ကိုလည်း ပြန်မဖြေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ချိုကုပ်ဒူးကြီးမှာ သူလိုချင်သည့် ယတြာရပြီ ဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် ဆင်ဖြူတော်လေယာဉ်စီးကာ ဌာနေပြန်သွားလေတော့၏။

ထိုနေ့မှစ၍ နေ့စဉ် သတင်းများထဲ၌ ချိုကုပ်ဒူးကြီးတယောက် ဆင်ဖြူတော်ကို တောနင်း ရှာဖွေနေကြောင်း၊ ဆင်ဖြူတော် မတွေ့ပါက ဆင်မည်းတကောင်ကို ထုံးသုတ်ကာဝမ်းနှုတ်မည် ဖြစ်ကြောင်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖတ်ရှုနေရ လေတော့သည်။

No comments: