Friday, June 25, 2010

ဘတ်ဂျက်အခက်အခဲကြောင့် ဒုက္ခသည်ရိက္ခာအချို့ ဖြတ်မည်

ရဲရင့် / ၂၅ ဇွန် ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် (၁) သိန်းခွဲခန့်အား ထောက်ပံနေသည့် စားနပ်ရိက္ခာများအနက် အမျိုးအစားအချို့ကို ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်ဟု ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) အဖွဲ့က ပြောကြားသည်။

ဒုက္ခသည်များကို အကူအညီပေးနေသည့် ယင်းအဖွဲ့မှ ဌာနေ၀န်ထမ်းတဦးက “ဘတ်ဂျက်ငွေအခက်အခဲကြောင့် လာမယ့် စက်တင်ဘာလကစပြီး ပဲဝါခြမ်း ထောက်ပံ့မှုကို ရပ်ဆိုင်းမှာဖြစ်တယ်” ဟု ပြောသည်။

ဒုက္ခသည်များကို ပဲထောက်ပံ့မှု ရပ်ဆိုင်းမည့်အပြင် လိုအပ်လာပါက သကြားနှင့်အာဟာရမှုန့် ထောက်ပံ့မှုများကိုလည်း ဖြတ်တောက်ရန်ရှိသည်ဟု ယင်းဝန်ထမ်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မတီ (KRC) ဥက္ကဋ္ဌ ရောဘတ်ထွေးက “ဒီကိစ္စဟုတ်ပါတယ်။ ငွေလဲနှုန်းကျပြီး ကုန်ဈေးနှုန်းတွေတက်တော့ အလှူရှင်ဆီကရတဲ့ငွေနဲ့ ဘယ်လိုမှ ဆက်ပြီးပေးဖို့မလွယ်တော့ဘူး။ ထိုင်းမှာ အထူးသဖြင့် ပဲဈေးက နှစ်ဆလောက် တက်သွားတယ်” ဟု ပြောသည်။

ဒုက္ခသည်များကို ပေးဝေသည့် ပဲဝါခြမ်းအသေးမှာ ယမန်နှစ်၌ (၁) ကီလို (၃၅) ဘတ်ခန့်သာရှိပြီး လက်ရှိပေါက်ဈေးမှာ (၇၀) ဘတ် ဖြစ်နေသည်။

ဒုက္ခသည်အများစုကမူ အဓိကဟင်းလျာအဖြစ် အားထားစားသုံးနေရသည့် ပဲကို တ၀က်နှုန်းဖြင့်သာ ဖြတ်တောက် စေလိုကြသည်ဟု သိရသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ မစန်းအေးက “ပဲက ချက်ပြုတ်ရတာလည်း လွယ်တယ်၊ အာဟာရလည်းရှိတယ်။ စခန်းထဲမှာ တခြားဝင်ငွေ ရှိတဲ့လူတွေက ဘာမှမဖြစ်ကြပေမယ့် တကယ့်ကို ချို့တဲ့ ဒုက္ခသည်တွေအတွက်ကတော့ ပဲဟာ မရှိမဖြစ်ဘဲ” ဟု ပြောသည်။

နို့ဖိုးဒုက္ခသည်စခန်းမှ ကျောင်းဆရာမနော်ရှဲက “စခန်းထဲမှာ နေ့စဉ်ကလေးတွေ အများဆုံး စားနေရတာက ပဲဟင်းပဲ။ ပဲကို ဘာအသီးအနှံနဲ့ ရောရော စားရတာ အဆင်ပြေတယ်။ ပဲဖြတ်မယ့်အစား မီးသွေး၊ သကြားနဲ့ အာဟာရမှုန့်တွေကို တ၀က်စီ ဖြတ်တာက ပိုပြီး အဆင်ပြေမယ်” ဟု ပြောသည်။

ယခုအခါ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာဖြန့်ဝေရာ၌ တိကျမှုရှိစေရန်အတွက် TBBC မှ တာဝန်ရှိသူများကိုယ်တိုင် စိစစ်ကြပ်မတ်လျက်ရှိပြီး စစ်ဆေးချိန်တွင် စခန်းတွင်းမရှိသူများကို ရိက္ခာဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိသည်။

ဒုက္ခသည်တဦးလျှင် ဆန် (၁၅) ကီလို၊ ငါးပိ (၁) ကီလို၊ ဆီ (၁) လီတာ၊ လောင်စာတောင့် (၉) ကီလို၊ အာဟာရမှုန့် ကီလိုဝက်နှင့် (၃) လတကြိမ်နှုန်းဖြင့် ဆား (၁) ကီလို၊ ပဲ (၁) ကီလို၊ သကြား (၁) ကီလိုနှင့် ငရုပ်သီးကီလိုဝက်ရရှိပြီး (၅) နှစ်အောက် ကလေးငယ်များမှာ အဆိုပါရိက္ခာများ၏ ထက်ဝက်နှုန်းရရှိသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၄၀,၀၀၀) ကျော် နေထိုင်လျက်ရှိသည်။

No comments: