Monday, June 28, 2010

ငွေကြေးဖောင်းပွမှာ ကြောက်လို့ ရွှေစု၊ ရွှေဈေးတက်တော့ ပိုဆိုး

မဇ္ဈိမသတင်းဌာန

(USA Today သတင်းစာပါ John Waggoner ၏ ဆောင်းပါးကို ဘာသာပြန်ပါသည်။)

စတော့ဈေးကွက် မြှုပ်နှံမှုသည် လောဘကြောင့်ဟုဆိုလျှင် ရွှေမြှုပ်နှံမှုသည် ကြောက်ရွံ့မှုကြောင့် ဖြစ်လိမ့်မည်။ ထိုကြောက်ရွံ့မှုသည် ယခုအခါ နွားသိုးဈေးကွက် (အတက်ဈေးကွက်) ထဲရောက်နေသည်။

တိုင်းပြည် (အမေရိကန်) က တင်ရှိနေသော ကွေးမြီ ၈.၉ ထရီလီလျံ ဒေါ်လာကို ပြန်ဆပ်ရန် တခုတည်းသော နည်းလမ်းမှာ ငွေစက္ကူများ ပိုမိုရိုက်နှိပ်ထုတ်ဝေဖို့သာ ရှိသည်ဟု စိုးရိမ်နေပါသလား။ ရွှေဈေးသည် ငွေကြေးဖောင်းပွချိန်တိုင်းတွင် တက်လေ့ရှိသည်။ နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးကျမည်ဟု ထင်နေပါသလား၊ ဒါဆို ရွှေဝယ်ထားလိုက်ပါ၊ အစိုးရတွေ ပြုတ်ရင် ရွှေက တန်ဖိုးတက်တာပဲ။

အစိုးရကို ဝေဖန်သူဆိုတာ ရှိမြဲဖြစ်ပြီး ၁၉၃၂ ခုနှစ်မှာ ရွှေဒင်္ဂါးသွန်းလုပ် သုံးစွဲတာကို ရပ်လိုက်ပြီး ငွေစက္ကူ ထုတ်ဝေကတည်းက ဝေဖန်အပြစ်တင်လာကြပါသည်။ သို့သော်လည်း သူတို့ စိုးရိမ်ထိတ်လန့်နေကြသည်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာနေပါသည်။ ယနေ့ စတော့ဈေးကွက်ကဲ့သို့ အတက်ကြမ်းနေခြင်း၊ ဘဏ်စနစ်၏ အတောမသတ် အလွန်ကြီးမားသော ဆုံးရှုံးမှုတွေထဲမှ ငွေစက္ကူ၏ ခဏတာ ပေါ်ပင်ဖြစ်မှုကို ပြသနေပြီး `ဒါတွေက တကယ်ပြောရရင် စိတ်ကူးယဉ် ဝတ္ထုတပုဒ်ပဲ´ ဟု တက္ကဆက်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ အတ်မာ့က်မင်း (Art Markman) က ပြောသည်။

ရွှေဝယ်ချင်သလား၊ သင့်မှာ ရွေးချယ်စရာ အများကြီးရှိသည်

ရွှေဝယ်စေရန် စွဲဆောင်မှုမှာ တနေ့ကျလျှင် ဒေါ်လာ ၂ဝ တန် ငွေစက္ကူဆိုသည်က ဘာမျှ တန်ဖိုးမရှိသော စက္ကူစိမ်း တရွက်မျှသာ ဖြစ်လာလိမ့်မည်ဆိုသော စိုးရိမ်စိတ်မှလာပြီး၊ ငွေစက္ကူတည်းဟူသော စိတ်ကူးယဉ်ဝတ္ထုတပုဒ်မှာ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟု စိုးရိမ်ခြင်း ဖြစ်သည်။ ယင်းသည် အထွေထွေစီးပွားရေး ပြိုပျက်မှုကြီးဖြစ်မှသာ ပေါ်နိုင်သည်။ ထိုအရာသည်ပင် ရွှေရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုကြီး ဖြစ်နေပြန်သည်။ `ရှိသမျှ ပုံအောလောင်း စိတ်ထားကနေ လာတာဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်တိုင်း ရွှေဈေးတက်ရတာရဲ့ အကြောင်းက ဒါပဲ´ ဟု Tocqueville ရွှေရန်ပုံငွေ မန်နေဂျာ ဂျွန်ဟာသားဝေး (John Hathaway) က ပြောသည်။

အထွေထွေစီးပွားရေး ပြိုပျက်မှုကြီး၏ ကြီးမားသော အကျိုးဆက်များဘက်က ကြည့်မည်ဆိုလျှင် ရွှေသည် စည်သွတ်ဝက်ပေါင်ခြောက်နှင့် ကျည်ဆံလောက်ပင် အသုံးမကျပါ။ Krugerrand (တောင်အာဖရိကနိုင်ငံထုတ် ရွှေဒင်္ဂါး) ကို သင် စား၍မရပါ။ မည်သို့ပင်ဖြစ်စေ သောကဖိစီးနေသော ခေတ်ကြီးတွင် ရွှေသည် စိုးရိမ်သောကများအတွက် နတ်ဆေးတော်ကြီး ဖြစ်နေဦးမည်။

အန္တရာယ် - ရွှေလည်း ပူပေါင်းပေါက်ကွဲမှု အန္တရာယ်ရှိ

လွန်ခဲ့သော ၁၂ လ က ၉၄ဝ ဒေါ်လာသာ ပေါက်ခဲ့သော ရွှေဈေးသည် ယခု ၁၂၅၇.၂ ဒေါ်လာအထိ ဈေးမြောက်နေသည်။ ရွှေချောင်းများ ဝယ်ယူစုဆောင်းပြီး မြှုပ်နှံကာ စတော့ဈေးကွက်တွင် အရောင်းအဝယ် လုပ်နေသော ရန်ပုံငွေများသည် ယခုအခါ လူကြိုက်များ တာစားနေသည်။ သူတို့သည် ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးဆုံး ရွှေဝယ်ယူပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ပြင်သစ် ဗဟိုဘဏ်အောက် တဆင့်သာ နိမ့်သည်။ အမေရိကန်တွင် ရွှေအများဆုံး ရောင်းချသူဖြစ်သော အမေရိကန်အစိုးရသည် ယခုနှစ်တွင် ရွှေချောင်း အောင်စပေါင်း ၆၁၅ ၅ဝဝ ကို ရောင်းချခဲ့သည်။

အစဉ်အလာအားဖြင့်ဆိုပါက စက္ကူငွေကြေးပေါ်တွင် အယုံအကြည်နည်းလာချိန်တွင် ရွှေ၏ တန်ဖိုး မြင့်တက်လာမြဲ ဖြစ်သည်။ အစိုးရက အလွန်အကျူး ရိုက်နှိပ်သုံးစွဲ၍သော်၎င်း၊ အစိုးရ ပြုတ်ကျတော့မည့် အခါတွင်၎င်း ထိုသို့ မြင့်တက်လာမြဲဖြစ်သည်။ ရွှေကို စက်မှုလုပ်ငန်းများတွင် သုံးစွဲခြင်း၊ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ခြင်းများ ရှိသော်လည်း အဓိကအားဖြင့် သူ့ကို လူသားသမိုင်းတလျှောက် သတ္တုငွေကြေးအဖြစ် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ သူသည် ရှေးရိုးဂိုဏ်းအတွက် ရှားပါးခြင်း၊ အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်း၊ သိုဝှက်ထား၍ရခြင်း စသော ဂုဏ်အင်္ဂါများဖြင့် ပြည့်စုံသည့် အသပြာဖြစ်သည်။

ငွေစက္ကူမှာမူ သူနှင့်မတူ။ အမေရိကန်အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားခြင်းသာဖြစ်ပြီး ပြည်ထောင်စု ဗဟိုဘဏ်မှတဆင့် ဖန်တီးခြင်းသော်၎င်း၊ ဖျက်ဆီးခြင်းသော်၎င်း ပြုနိုင်သည်။ ယင်းအချက်သည် ရွှေတွင် ရင်းနှီးမြှုပ်နှံသူအများစုအတွက် စိတ်မသက်မသာ ဖြစ်စရာဖြစ်သည်။ ချေးငွေအကျပ်အတည်းကို လျော့ပါးစေရန် ကြိုးပမ်းမှုအဖြစ် ဗဟိုဘဏ်က ချေးငွေစာချုပ် ၂.၃ ထရီလီယံဖိုးမျှ ဝယ်ယူပိုင်ဆိုင်ထားရသည်။ ထိုအထဲတွင် အိမ်ခြံမြေ အပေါင်ထားသည့် ကြွေးမြီ ၁.၃ ထရီလီယံ ပါဝင်သည်။ `ဒီဆပ်ကပ် လူပြက်တွေက ဘယ်လောက် ထပ်ဒုက္ခပေးဦးမှာလဲ။ ကျနော်သာ လောင်းကစားသမားဆိုရင် တခုခုတော့ အကာအကွယ် ယူထားရမှာပဲ´ ဟု ဟားသားဝေးက ဆိုသည်။ ဟားသားဝေး ရံပုံငွေသည် အကာအကွယ်အဖြစ် ရွှေအောင်စပေါင်း ၉၈ ဝဝဝ ကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူစုဆောင်းထားသည်။

သူလို ဘေးဆီးရန်ကာ လုပ်ထားသူမှာ သူတဦးတည်း မဟုတ်ပါ။ တန်ဖိုးရှိ သတ္တုများ ရောင်းဝယ်ဖောက်ကားရာ ဒိုင်ကြီးဖြစ်သော အင်ဒီယားနားပြည်နယ် ဝင်ချက်စကာမြို့ရှိ Silver Towne တွင် လွန်ခဲ့သော နှစ်လအတွင်း ရွှေနှင့်ငွေ အရောင်းများ ထိုးတက်သွားသည်ဟု ဥက္ကဋ္ဌ ဒေ့ဗ်ဟင်ဒရစ်ဆန် (Dave Hendrikson) က ပြောသည်။ `ဒီလို အရောင်းတက်လာတာ ဒေါ်လာဈေး ကျလာလို့ရယ်၊ စီးပွားရေး အခြေအနေရယ်၊ အမေရိကန် အကြွေးထူနေတာတွေကြောင့်ပဲ။ လူတွေက ကြွေးမြီတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြတယ်။ သူတို့က သေမှာလည်း ကြောက်ကြတယ်´ ဟု ဟင်ဒရစ်ဆန်က ပြောသည်။

ပြည်ထောင်စု ကြွေးမြီမှာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၆ဝ % မျှ ရှိနေသည်။ ထိုပမာဏမှာ ဂျပန်၊ ဂျာမဏီတို့နှင့် နှိုင်းစာလျှင် နည်းသော်လည်း ၈.၉ ထရီလီယံ ဒေါ်လာဟူသော တန်ဖိုးပမာဏမှာ အလွန်ကြီးမားသည်၊ မည်ကဲ့သို့ စဉ်းစားပြောပြော များသည်။ (နှိုင်းယှဉ်ပြရလျှင် လွန်ခဲ့သော စက္ကန့်ပေါင်း ၁ ဘီလျံဆိုသည်မှာ လွန်ခဲ့သော ၃၂ နှစ်က ဖြစ်သည်။ လူများ ကြိုးဖုံးများ အသုံးပြုနေချိန်ဖြစ်သည်။ လွန်ခဲ့သော စက္ကန့်ပေါင်း ၁ ထရီလီယံ ဆိုသည်မှာ လူတွေ သားမွေးရှိ သတ္တဝါများကို အမဲလိုက်နေချိန် လွန်ခဲ့သော နှစ်ပေါင်း ၃၂,ဝဝဝ က ဖြစ်သည်။)

လူများ စိုးရိမ်နေသည်မှာ ကြွေးမြီတခုတည်းမဟုတ်၊ လွန်ခဲ့သော ဆယ်စုနှစ်တခုလုံးလုံး ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုမှာ ကြောက်ခမန်းလိလိ ဖြစ်သည်။ ၂ဝဝဝ ခုနှစ် အစောပိုင်းက ဖြစ်ပေါ်ခဲ့သော ဒေါ့ကွန်းပြိုပျက်မှုကြီးတွင် ဆုံးရှုံးခဲ့ရသော ၁ ထရီလီယံဒေါ်လာထက် ပိုသည်။ ကြွေးမြီ အကျပ်အတည်းတွင် ဒေါ်လာထရီလီယံပေါင်း များစွာ ဆုံးရှုံးခဲ့သည်။

စီးပွားရေး ပြိုလဲခဲ့မှုများ၊ ယင်းကို ဖြစ်ပေါ်စေခဲ့သော ဈေးကစားမှုများကြောင့် လူများက ကုမ္ပဏီများ၏ စတော့များတွင် မြှုပ်နှံခြင်း မရှိကြတော့။ ပုံမှန်ဝင်ငွေလည်း မရှိကြတော့ဟု မာ့ခ်မင်း (Markman) က ပြောသည်။ `ယခုတော့ စတော့များဆိုသည်က စာရွက်တရွက်ပေါ်က ဂဏန်းများသာ။ သင့် စတော့ပွဲစားက ပေးသော PDF စာရွက်တရွက်မျှသာ ဖြစ်သည်။ `မာဒေါ့ဖ် (Bernie Madoff) ကဲ့သို့ လူတဦးအကြောင်း လူများ စဉ်းစားမိလျှင် ဂဏန်းများသည် ဂဏန်းများသာ ဖြစ်သည်။ ငွေကြေးတန်ဖိုးနှင့်ပတ်သက်လျှင် ထိုအရာများသည် ဘာမျှ မရေရာပါ´ ဟု မာ့ခ်မင်းက ပြောသည်။

သင့်ငွေသည် လူတွေက တန်ဖိုးရှိသည်ဟု ထင်နေသမျှသာ တန်ဖိုးရှိလိမ့်မည်ဆိုသည်မှာ အလွန်အခံရခက်သော ကိစ္စဖြစ်သည်။ `ဒီစနစ်ကြီး ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိတယ်ထားဦး။ အခြေအနေတွေ ဆိုးပြီဆိုတာနဲ့ သင်ကိုယ်တိုင် ဘာမှ မသိတော့တဲ့ အဖြစ်ကို ရောက်သွားမယ်။ ဘဏ္ဍာရေးဈေးကွက်မှာ သင်လိုလူတွေ တလှေကြီး ဖြစ်တယ်။ ဘယ်သူမှ မတည်ငြိမ်တာကို မကြိုက်ဘူး။ လူတွေက သူတို့ပူပန်သောကကို လျော့ပါးအောင် လုပ်ပေးနိုင်မယ့် အရာ၊ သူတို့ဘဝအတွက် အခြေခံအုတ်မြစ်ဖြစ်မယ့် အရာကို လိုချင်ကြတာပဲ´ ဟု မာ့ခ်မင်းက ပြောသည်။

အဖိုးတန် သတ္တုရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်သော Goldline ၏ အရောင်းဌာန ဒုဥက္ကဋ္ဌ စကော့ကာတာ (Scott Carter) က သူ့ထံ ငွေအပ်နှံထားသူ ဖောက်သည်များသည် ပညာကောင်းကောင်းတတ်သူများ ဖြစ်သည်။ ငွေကြေးကြွယ်ဝသည့် ရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး နေရာခွဲမြှုပ်နှံရန် လာရောက်သူများသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် Goldline ၏ ကြော်ညာများကပင်လျှင် တခါတရံ စိုးရိမ်စရာတရပ် ဖြစ်နေသည်။ `စီးပွားရေးက ကောင်းမလာခင် ပိုဆိုးလာဖို့ ရှိသေးတယ်ဆိုတာကို ဒီနေရာကနေ ထိုင်ပြောနေရတာ ကျနော် မလုပ်ချင်ဘူး။ ဒါပေမဲ့ အာဏာရှိနေတဲ့ သူတွေက ဒေါ်လာကို ဖျက်ဆီးပစ်ချင်နေကြတာ။ ဒါကို ကျနော်ဘယ်လိုမှ နားမလည်နိုင်ဘူး။ သင့်ကိုယ်သင်သာ ပြင်ဆင်ထားပါ။ ရွှေနဲ့သာ အရံအတား လုပ်ထားပါ၊ ပြင်ဆင်ထားပါ။ ဒါက နည်းလမ်းတခုပဲ´ ဟု တီဗီအစီအစဉ်တခုတွင် ဂလင်းဘက် (Glenn Beck) က ပြောသည်။

ဘက် သည်၎င်း၊ လော်ရာအင်ဂရာဟမ် (Laura Ingraham) သည်၎င်း၊ ဂိုးလ်မင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူများ မဟုတ်ကြောင်း ကာတာက အလျင်အမြန်ပင် ထောက်ပြပြောဆိုလိုက်သည်။ ရှေးရိုးစွဲ တီဗီအစီအစဉ် တင်ဆက်သူများသည် ပရိသတ်များများ ရရန်သာ စိတ်ဝင်စားသည်ဟု သူက ဆိုသည်။ `ပိုတိုးတက်တဲ့ အစီအစဉ် တင်ဆက်သူတွေရှိရင် သူတို့နဲ့ ကျနော်တို့ တွဲလုပ်ချင်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းဈေးကွက် ၁ဝ ခု၊ ၁၅ ခု အကြောင်း အသေအချာ သိနိုင်သူကတော့ များများရှိမှာ မဟုတ်ပါဘူး´ ဟု သူက ဆက်ပြောသည်။

ဆိုးရာမှ ပိုဆိုးရာဆီသို့လား

ရွှေအတွက် အကြီးဆုံး သောကမှာ သူလည်း ပူပေါင်းအန္တရာယ်ရှိနေခြင်းပင် ဖြစ်သည်။ ရွှေမှာ အရံအတား လုပ်ထားသူတွေလည်း ဒုက္ခလှလှ တွေ့နိုင်သည်။ ၁၉၈ဝ ခုနှစ်က အမြင့်ဆုံးစံချိန်တင်ဈေး တအောင်စလျှင် ၈၅ဝ ဒေါ်လာသို့ ရောက်ခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားခဲ့ရာ ဆယ်စုနှစ် ၂ ခုအတွင်း ပြန်နလံမထူခဲ့။ ရွှေခေတ် အမြင့်ဆုံး ရောက်ချိန်တွင် ရွှေဘက်တော်သားများ၊ ရွှေမြှုပ်နှံရေးဆော်သြသူများမှာ ရော့ခ်အဆိုတော်များလိုပင် နာမည်ကြီးလှသည်။ ထိုအချိန်က နာမည်အကြီးဆုံးဖြစ်ခဲ့သော ငွေမာစုဆောင်းရေး ဆော်သြသူများဖြစ်သည့် မေရင်အင်း (Mary Ann) နှင့် ပင်မလာအီဒင် (Pamela Aden) တို့က ရွှေသည် တအောင်စလျှင် ဒေါ်လာ ၃,ဝဝဝ ဈေးအထိ ရောက်မည်ဟု ခန့်မှန်းပြောကြားခဲ့ကြသည်။

သာမန်ကာလျှံကာကြည့်လျှင် ရွှေသမားများအတွက် အခြေခံအကြောင်းအချက်များ ဤနေရာတွင် မရှိ။ ငွေကြေးဖောင်းပွမှုက အဓိကဖြစ်ခြင်း၊ အစားအစာနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းနေခြင်း၊ ယင်းဈေးများသည် ၄၄ နှစ်အတွင်း ၁၂ လ အချိန်အတွင်း တိုးတက်မှု၌ အနိမ့်ဆုံးသို့ ရောက်နေခြင်းတို့ ဖြစ်ပေါ်နေသည်ဟု Moody’s Investors Service ၏ အဓိက စီးပွားရေးပညာရှင် ဂျွန်လွန်းစကီး (Jon Lonski) က ပြောသည်။ နိုင်ငံတွင်း ငွေကြေးပမာဏမှာ တနှစ်လျှင် တိုးတက်နှုန်း ၁.၇ % သာ ရှိ၍ အလွန်နည်းသည်။ ကုန်သွယ်ရေးဖြင့် မာန်တင်းထားသော ဒေါ်လာဈေးမှာ ယခုနှစ်တွင် ၄.၆ % တက်လာသည်ဟု စိန့်လူးဝစ် ပြည်ထောင်စုဗဟိုဘဏ် (St. Louis Federal Reserve Bank) ၏ ကိန်းဂဏန်းများအရ သိရသည်။

စိတ်သက်သာရာ ရရာရကြောင်း အကျိုးရှိသည်မှအပ ရွှေက ရစရာ ဘာမျှသိပ်မရှိ။ ရွှေက အတိုးလည်း မရ၊ အမြတ်ဝေစုလည်း မရ၊ ငွေချေးစာချုပ်များနှင့် စတော့များက ထိုနှစ်ခုစလုံး ရနိုင်သည်။ ထို့ပြင် မည်သည့်နေရာတွင် သိမ်းထားမည် ဆိုသည်ကိုလည်း စဉ်းစားရသေးသည်။ ဘဏ်ရှိ အာမခံသေတ္တာကို သင် ယုံကြည်မှု မရှိဟုဆိုပါက အိမ်မှာပဲ ထားပြီး သူခိုးဓားပြရန်မှ ကာကွယ်ထားရန်သာ ရှိတော့သည်။

ငွေစက္ကူလိုပင် ရွှေတန်ဖိုးမှာလည်း လူများက မည်မျှတန်ဖိုးရှိသည်ဟူသော ထင်မြင်ချက်ပေါ်တွင် တည်မီနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုကဆိုလျှင် ရွှေတအောင်စ တန်ဖိုးမှာ ဒေါ်လာ ၃ဝဝ အောက်သာ ရှိသည်။

ငွေကြေးအရပြောလျှင် ရွှေတွင် ပြဿနာများ ရှိသည်။ ၁၉ ရာစုနှစ်က တိုင်းပြည်၏ ငွေကြေးကို ရွှေဖြင့် ကျောထောက်နောက်ခံထားသည့် ခေတ်ကဆိုလျှင် အစိုးရများက ရွှေဈေးနှုန်းကို တင်းကျပ်စွာ ထိန်းချုပ်ထားကြသည်။ ရွှေအများအပြား တွေ့ပြီဆိုလျှင် ငွေကြေးဖောင်းပွမှု ဖြစ်တော့သည်။ ကာလီဖိုးနီးယား ရွှေတွင်းမှ ရွှေ ပေါင် ၃ဝ,ဝဝဝ တင်ဆောင်သွားသည့် Central America သင်္ဘောကြီး ၁၈၅၇ ခုနှစ်က နစ်မြုပ်သည့်အခါ တိုင်းပြည် ဘဏ္ဍာရေးစနစ် တခုလုံး အထိတ်တလန့်ဖြစ်ကာ စီးပွားရေးကျဆင်းမှုကြီးနှင့် ကြုံရသည်။

`ရွှေအကြောင်း ဟောပြောဆော်သြနေသူများသည် ရွှေရောင်းသူများသော်၎င်း၊ နိုင်ငံရေး အစီအစဉ်တရပ်ကို တွန်းဆော်နေသူများသော်၎င်း ဖြစ်နေသည်။ သူတို့အလုပ်က လူတွေကို အထိတ်တလန့်ဖြစ်နေအောင် လုပ်ဖို့ပဲ´ ဟု Savant Capital Management ၏ မန်နေဂျင်း ဒါရိုက်တာ Tom Muldowney က ပြောသည်။ သူသည် အီလီနွိုက်စ်ပြည်နယ် ရော့ဖို့ရှိ ထို ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အကြံပေးလည်း ဖြစ်သည်။

အွန်လိုင်းဘဏ်၊ အမျိုးသမီးများအတွက် တည်ထောင်ထားသော ပွဲရုံလုပ်ငန်းနှင့် ပညာပေးရေးလုပ်ငန်း ဖြစ်သော FinancialMuse.com မှ Casandra Toroian က လူများ ရွှေကို ချဉ်းကပ်ရာတွင် လက်တွေ့ကျကျနှင့် သတိကြီးစွာထား လုပ်ဆောင်သင့်သည်ဟု ပြောသည်။ `ရွှေက ဘေးဆီးရန်ကာ မြှုပ်နှံမှုလည်း ဖြစ်တယ်။ စိတ်သက်သာရာလည်း ရတယ်။ ဒါပေမဲ့ ချက်ချင်းအမြတ်ရနိုင်တဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတော့ မဟုတ်ဘူး´ ဟု သူမက ပြောသည်။ `ဒီတခုထဲမှာ အမြဲတမ်း မြှုပ်နှံထားတာ မလုပ်သင့်ဘူး။ ဒီလိုပဲ ဘယ်အရာကိုမှ တခုတည်း ဒီလို အမြဲတမ်း မြှုပ်နှံထားတာ မလုပ်သင့်ဘူး´ ဟုလည်း ဆက်လက်ပြောဆိုသွားသည်။

No comments: