နှင်းပန်းအိမ်
ကမ္ဘာကြီးမှာ သဘာဝဒုက္ခထက် လူလုပ်တဲ့ ဒုက္ခ ပိုများနေတယ်ဆိုတာကို ကမ္ဘာ့ဒုက္ခသည်နေ့က သက်သေပြခဲ့ပါပြီ။
ဇွန်လ ၂ဝ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ပါ။ ကျမတို့ ဒုက္ခသည်စခန်းထဲမှာတော့ ဇွန်လ ၁၈ ရက်နေ့မှာ ကြိုပြီး ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားအတွက် စခန်းတွင်း နေထိုင်သူတွေက ဘာလုပ်ကြမလဲ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲလို့ စခန်းဥက္ကဋ္ဌ ဆရာစိုင်း၊ ဒုဥက္ကဋ္ဌ ဦးဘိုဒန်တို့က ဒုက္ခသည်စခန်းထဲက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးကြတယ်။
တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေမယ်၊ ဒုက္ခသည်ကလေးတွေအတွက် ဥာဏ်စမ်းပဟေဠိတွေ ထည့်မယ်၊ ကလေးပန်းချီပြိုင်ပွဲတွေ လုပ်မယ်ဆိုတဲ့ အစီအစဉ်ချပြီး ပွဲမဝင်ခင် အပြင်က ကြိုပြီး လုပ်ခဲ့ရပါတယ်။ ဥာဏ်စမ်းပဟေဠိအတွက်ဆို ကလေးငယ်တွေအတွက် ကမ္ဘာ့ဒုက္ခသည်များနေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီမယ့် မေးခွန်းတွေ ထုတ်ကြတယ်။ ဒါကတော့ ကျမတို့စခန်းတွင်းမှာ နေ့စဉ် ရင်ဆိုင်ဖြတ်သန်းရတဲ့ ဘဝထဲက မေးခွန်းတွေပါပဲ။ လှုံ့ဆော်ပိုစတာတွေမှာ ငါတို့ အိုးအိမ်တွေကို ဖျက်ဆီးလို့ရပေမယ့် ငါတို့အနာဂတ်ကို ဖျက်ဆီးလို့ မရဘူးဆိုတဲ့ စာတွေကို ကရင်လိုဗမာလို ရေးပြီး လူအများ မြင်နိုင်မယ့် နေရာတွေမှာ ကပ်ထားကြတယ်။
ဒုက္ခသည်ကလေးငယ် ၇ဝ ပန်းချီပြိုင်ပွဲ ဝင်ကြတယ်။ သူတို့လေးတွေရဲ့ စိတ်ကူး၊ ခံစားချက်တွေက အင်မတန်မှ စိတ်ထိခိုက်စရာ။ သူတို့လေးတွေရဲ့ ခဲပန်းချီ ရောင်စုံပန်းချီကားထဲမှာ သူတို့ခံစားသမျှ ရေးထားတာ။ ပုံတွေထဲမှာ စစ်သားတွေက နေအိမ်တွေ၊ စာသင်ကျောင်းတွေကို မီးရှို့နေပုံ၊ ဒေသခံတွေက မဖျက်ဆီးဖို့ တောင်းပန်နေပုံတွေကို ရေးထားတယ်။ စိတ်ထိခိုက်စရာကောင်းတဲ့ ပုံတခုကတော့ ကလေးငယ်လေးကို စစ်သားတွေက မောင်းထဲထည့်ထောင်းနေပုံပါပဲ။ အကြီးတန်း၊ အငယ်တန်းခွဲပြီး ကလေးငယ်တွေကို ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ၃ ဆုစီပေးနိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဥာဏ်စမ်းပဟေဠိမှာ ကလေးငယ်တွေအတွက် ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနား ကျင်းပမယ့်နေ့ မတိုင်ခင် ညနေပိုင်းမှာ ဘယ်လိုမေးမယ်၊ ကလေးတွေ ဘယ်လိုဖြေရမယ်ဆိုတာ ပြောပြရတယ်။ သူတို့လေးတွေမှာ ဒီလိုမေးခွန်း မေးဖြေဆိုတဲ့ အတွေ့အကြုံ မရှိရှာဘူး။ ၆ ယောက်တဖွဲ့ ကျောင်းကိုယ်စားပြုပြီး ဝိုင်းဝန်းဖြေဆိုနိုင်တယ်လို့ အားပေခဲ့ရသေးတယ်။
ဇွန်လ ၁၈ ရက်နေ့မှာတော့ နို့ဖိုးတောင်ကြီးနဲ့ တောတောင်တွေကို မိုးနှင်းမှုန်မှုန်လေးတွေ ဖုံးထားလို့ ဘာမှကို မမြင်ရတော့ဘူး။ မိုးနှင်းတွေ၊ မြူတွေထဲက နို့ဖိုးဒုက္ခသည်စခန်းက ၁၉၉၇ မှာ တည်ရှိခဲ့ရတာပါ။ ကရင့်စစ်ပြေးဒုက္ခသည်တွေ စတင်စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေလည်း သီးကြပွင့်ကြ။ ဒီသီးပင်စားပင်တွေကရတဲ့ အသီးအနှံတွေကို ဒုက္ခသည်စခန်း ဈေးနေ့မှာ ရောင်းချကြရတယ်။ ဒုက္ခသည်ဈေးနေ့လေးကတော့ ဒုက္ခသည်တွေ မီခိုရတဲ့ ဈေးလေးပါပဲ။ ဒီဈေးလေးကိုဖြတ်ပြီးမှ ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနားကျင်းပတဲ့ စခန်းရုံးကို ရောက်ရပါတယ်။
အဲဒီနေ့က ဈေးဝယ်ဈေးသည် အားလုံး စခန်းရုံးကို သွားနေတဲ့ UNHCR နဲ့ တခြား NGO အဖွဲ့အစည်း၊ စခန်းအုပ်ချုပ်ရေး ထိုင်းပလာတို့ ငါတို့ ဒုက္ခသည်တွေအတွက် ဘာသတင်းထူးများ သယ်ဆောင်လာမလဲလို့ တထိတ်ထိတ်နဲ့ မျှော်လင့်နေကြတာပါ။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒုက္ခသည် တိုင်းရင်းသား အကအဖွဲ့တွေ၊ ရိုးရာဝတ်စုံတွေနဲ့ တက်ရောက်လာကြတယ်။ ဒုက္ခသည်ဖြစ်နေတဲ့ သူတို့မျက်နှာတွေမှာ ကြေကွဲစရာ၊ မခံမရပ်နိုင်ဖြစ်မှု၊ အလွမ်းတွေ ပြည့်နှက်လို့။ သေနတ်သံ၊ ဗုံးသံ၊ အမြှောက်သံ၊ ယမ်းငွေ့တွေဝေနေတဲ့ နေရာကနေ ဒုက္ခသည်စခန်းထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေဆီမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ လဲခဲ့ရတဲ့သူတွေ၊ ဒီမိုကရေစီတော်လှန်ရေးအတွက် ဘဝတွေ ပေးဆပ်ခဲ့တဲ့ ခန္တာကိုယ်တစိတ်တပိုင်း ပေးဆပ်ခဲ့ရတဲ့ ABSDF က ရဲဘော်တွေ၊ သူတို့လည်း အမိမြန်မာပြည်ကို စွန့်ခွာခဲ့ရပြီး ဒုက္ခသည် ဖြစ်နေရတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ စခန်းဥက္ကဋ္ဌ ဆရာစိုင်းက ၁၃ နှစ်လုံးလုံး ဒုက္ခသည်တွေကို နေထိုင်ခွင့်ပြုတဲ့ ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံသူ နိုင်ငံသား အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ UNHCR နဲ့ တခြား NGO အဖွဲအစည်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ကျမတို့ စခန်းအုပ်ချုပ်ရေး ထိုင်းပလာက ”ကန့် (စခန်း) ထဲမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအတွက် အထူးအရေးပါတဲ့ နေ့ဖြစ်ပါတယ်။ ဒုက္ခသည်တွေ ခေတ္တနေထိုင်ရတဲ့ အချိန်ဖြစ်တယ်။ တတိယနိုင်ငံကို ထွက်ခွာသွားတဲ့ သူတွေ သွားကြသလို၊ ဒီမှာကျန်ခဲ့တဲ့ သူတွေကလည်း ကျန်ခဲ့ကြမယ်။ တချို့လည်း မိမိနေရပ်ကို ပြန်ကြမယ်။ ဒီအခါ သူလာလည်ရင် ကောင်းမွန်စွာ ဧည့်ခံမယ်လို့ မျှော်လင့်ပါတယ်” တဲ့။ ထိုင်းပလာရဲ့ နှုတ်ဆက်အမှာစကားကြောင့် ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံက အသိအမှတ်ပြုတဲ့ MPO မရသေးတဲ့ ဒုက္ခသည်လူသစ် ကျမတို့အားလုံးအတွက် စိုးရိမ်ပူပန်စိတ်တွေ များသွားရတာ အမှန်ပါပဲ။
UNHCR က တာဝန်ရှိသူကလည်း ထိုင်းလူမျိုးပဲ ဖြစ်ပါတယ်။ သူက ထိုင်းလိုပြောပြီး ကရင့်အမျိုးသမီး နော်ရှီးလာက ဘာသာပြန်ပေးပါတယ်။ ဇွန်လ ၂ဝ ရက်နေ့မှာ ဒုက္ခသည်များနေ့ကို ကျင်းပခဲ့တာခုဆို ၉ ကြိမ်မြောက် ဖြစ်ပါပြီ။ ’’ကမ္ဘာ့ဒုက္ခသည်နေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဒီကမ္ဘာမှာရှိနေတဲ့ ဒုက္ခသည်တွေကို နားလည်နိုင်ရန်၊ ကူညီပံ့ပိုးနိုင်ရန် ဖြစ်ပါတယ်’’ တဲ့။ ဒီ့နောက်မှာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ ”ကျွုန်ုပ်တို့ အိမ်ရာတွေကို ဖျက်ဆီးခံရပေမယ့် ငါတို့အနာဂတ်ကို ဖျက်ဆီးလို့ မရနိုင်ပါဘူး” ဆိုတဲ့ ဆောင်ပုဒ် ပါပါတယ်။
’’ပဋိပက္ခနဲ့ အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာရတဲ့ ဒုက္ခသည်တွေကို အမှတ်ရ ဦးညွှတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကြင်နာမှုကို ရရှိရန်လည်း ဖြစ်ပါတယ်။ ဒုက္ခသည်များ စည်ပင်သာယာရေး၊ ပညာရေး၊ ဘဏ္ဍရေး၊ တိုးတက်မှုများ မရှိခဲ့ပါ။ တတိယနိုင်ငံကို ပြန်လည်နေရာချထားရန် အရေးကြီးတဲ့ အရာတခုလည်း ဖြစ်ပါတယ်။ ထူးခြားမှုတခုက ၂ဝ၁ဝ ခုနှစ်မှာ တကမ္ဘာလုံး ဒုက္ခသည် သန်း ၂ သိန်းကျော်ခဲ့တယ်။ ပြန်လည်နေရာချထားရေးမှာ အခက်အခဲ ရှိနေပါတယ်။ မျိုးဆက်တဆက်နဲ့ ပိုသော လွှဲပြောင်းမှုများ မလုပ်နိုင်လို့ ဒုက္ခသည် သန်း ၂ သိန်း ကျော်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာ့ကြင်နာမှုကို ဒုက္ခသည်များ ရရှိဖို့ လိုပါတယ်” တဲ့။
ကျမမြင်တွေ့နေရတဲ့ ဒုက္ခသည်အများစုမှာ ငြိမ်းချမ်းစွာ နေထိုင်ရပြီး လူ့ဘဝပျော်ရွှင်မှုများကိုပဲ ခံစားလိုကြပါတယ်။ ပင်ပန်းတဲ့ တောင်ယာစိုက်ခင်း အလုပ်လုပ်ပြီး မိဘသားသမီးတွေကို ချစ်ခြင်း၊ ဇာတိမြေနဲ့ မိတ်ဆွေအပေါင်းအသင်းကို တွယ်တာခြင်းကိုပဲ သူတို့ လိုချင်ကြတာပါ။ ဇာတိမြေက မြေကြီးကမှ သူတို့မြေကြီးလို့ ထင်သလို၊ ဒီမြေပေါ်ကို ရွာချတဲ့ မိုးမှ သူတို့မိုးလို့ ခံစားတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင် တံပိုးအောက်က ရုန်းထွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ပုန်ကန်သူတွေလို့ ခေါ်ရင် ခေါ်နိုင်ပါတယ်။ ’’လူသားဟာ သဘာဝတရားကို ရင်ဆိုင်တွန်းလှန် အနိုင်ယူရင်း ကမ္ဘာမှာ လူသားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ လူသားဟာ မတရား ဖိနှိပ်အုပ်ချုပ်နေတဲ့ ခေတ်ဆိုးစနစ်ဆိုးကို တွန်းလှန်အနိုင်ယူလို့ လူသားတယောက်ရဲ့ လွတ်လပ်ရှင်သန်မှုနဲ့အတူ လူ့တန်ဖိုးကို ဖော်ပြကြတယ်။ လူသားအဖို့ အပျက်နဲ့ ရင်ဆိုင်ရရင် အပြုနဲ့ ပြန်လည်တည်ဆောက်ရမှာပါ။ မတရားတဲ့ လူ့ပတ်ဝန်းကျင်ကို တရားမျှတတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်ထုဆစ်ဖို့ဟာ လူသားရဲ့ သမိုင်းပေးတာဝန်” လို့ ယုံကြည်ကြတဲ့သူတွေ ဒီတာဝန်ကို ပုခုံးထမ်းရင်း အကျဉ်းထောင်တွေထဲ ရောက်သွားရတယ်။ လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားရတယ်။ ဘဝအသက် မျက်ရည်တွေ ရင်းနှီးပြီးမှ ဒုက္ခသည်အဖြစ်ကို သူတို့ဘဝ အခြေအနေက တွန်းပို့၊ ဒုက္ခသည်စခန်းထဲကို ရောက်ခဲ့ရပါတယ်။ မတရားတဲ့ လူ့ပတ်ဝန်းကျင်ကို တရားမျှတတဲ့ လူ့ပတ်ဝန်းကျင်အဖြစ် ပုံဖော်ခဲ့သူတွေ သူတို့ရဲ့ သမိုင်းဖြတ်သန်းမှု၊ သူတို့ရဲ့ လုပ်အားတွေ၊ ဒုက္ခသည်ရဲ့ လှိုင်းတံပိုးအောက်မှာ နစ်မြုပ်ခဲ့ရပါတယ်။ သူတို့တွေ သူတို့ခံစားချက်တွေ မေ့ပြီး ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဆင်နွှဲနေရပြီ။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု အကတွေကို ကပြဖျော်ဖြေခဲ့ကြပါတယ်။ ခန်းနားယဉ်ကျေးတဲ့ ဓလေ့ထုံးစံတွေ တိုင်းရင်းသားအသီးသီးမှာ ရှိကြတယ်။ ကိုယ်တတ်နိုင်တဲ့၊ ပေးလာတဲ့ အခြေအနေထဲကပဲ ဖော်ထုတ်ရလို့ လိုအပ်တာလေးတွေ ရှိပေမယ့် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်ရိုးရာကို လွမ်းတဲ့စိတ်နဲ့ လှနေတာတော့ အမှန်ပါ။ တိုင်းရင်းသားတွေအက ၃ ပုဒ် အပြီးမှာ ကျမတို့ ဥာဏ်စမ်းပဟေဋ္ဌိ အစီအစဉ်ပါပဲ။ ကျမတို့ဥာဏ်စမ်းပဟေဠိ အစီအစဉ်ကို ဒီအတိုင်း မစချင်ဘူး။ ကမ္ဘာ့ဒုက္ခသည်နေ့မှာ UNHCR အဖွဲ့ခေါင်းဆောင်၊ NGO အဖွဲ့အစည်း၊ ထိုင်းအုပ်ချုပ်ရေးပလာ၊ စခန်းအုပ်ချုပ်ရေး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ စခန်းတွင်း ဒုက္ခသည်တွေ စုစုစည်းစည်း တွေ့နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ။
ဒါ့အပြင် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထိုင်း-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေးဒုက္ခသည်တွေရဲ့ ဘဝနဲ့ ဆိုင်တဲ့ အခြေအနေ၊ သိချင်တဲ့ အဖြေကို မေးမြန်းနိုင်ဖို့ အခွင့်အရေးရှိတဲ့ နေ့ပဲ။ ဒီတော့ ထိုင်းပလာနဲ့ UNHCR အဖွဲ့ခေါင်းဆောင်ကို ကျမတို့ ဒုက္ခသည်တွေ အသိချင်ဆုံး မေးခွန်းကို မေးပါ့မယ်။ အနီးစပ်ဆုံးဖြေနိုင်ရင် ထိုင်းပလာနဲ့ UN အဖွဲ့ခေါင်းဆောင်ကို ဒုက္ခသည်တွေ ပေးမယ့်ဆုကတော့ မေတ္တာတရားပါပဲ။ ဒီမေးခွန်းကို ဒုက္ခသည်တွေ အားလုံး သဘောတူရင် လက်ခုတ်တီးပါဆိုတော့ လက်ခုတ်သံတွေ စခန်းတခုလုံး ညံသွားတယ်။ မေးခွန်းကတော့ ဒုက္ခသည်လူသစ်တွေကို ထိုင်းပြည်ထဲရေးက အသိအမှတ်ပြုတဲ့ MPO ဘယ်တော့ရမလဲဆိုတဲ့ မေးခွန်းပါ။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု MPO က သိပ်ကို အရေးကြီးပါတယ်။ UN နဲ့ ထိုင်းပလာတို့ ခေါင်းချင်းဆိုင်ကုန်ကြတော့တာပေါ့။
ထိုင်းပလာက ’’ကျနော် ဒီမေးခွန်းကို မဖြေခင် ရေအိမ် အရင်သွားပါရစေတဲ့။ ဒုက္ခသည်တွေ သိချင်တဲ့ ကိစ္စမို့ ကျနော် ပြောပါ့မယ်။ MPO ဖြစ်ဖို့ အဆင့် ၃ ဆင့် ရှိပါတယ်။ PRE-PAB-MPO ဆိုတာပါပဲ။ PAB မှာ ဒေသဆိုင်ရာ အဖွဲ့အစည်းအသီးသီး ပါဝင်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လျှောက်လွှာကို အရင်စီစစ်ပြီးမှ PAB အသိအမှတ်ပြုနိုင်မယ်။ စခန်းတွင်းမှာ လေ့လာမယ်။ ဒီ့နောက် MPO အတွက် ထိုင်းနိုင်ငံ အမျိုးသားရေး လုံခြုံရေးက စီစစ်ပါဦးမယ်။ အဲဒါကြောင့် MPO ရဖို့ ဘယ်တော့လဲဆိုတာ ပြောနိုင်ဖို့ ခက်ခဲပါလိမ့်မယ်“ တဲ့။ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒုက္ခသည်တွေ ပြောနိုင်တာကတော့ ဒုက္ခသည်တွေရဲ့ ဘဝ၊ ဒုက္ခသည်တွေရဲ့ ကံကြမ္မာ၊ ဒုက္ခသည်တွေရဲ့ အနာဂတ်ကို UNHCR နဲ့ ထိုင်းနိုင်ငံကို ပုံအပ်ထားရတယ် ဆိုတာပါပဲ။
ကျမတို့ ဥာဏ်စမ်းပဟေဠိအဖွဲ့က ဖြေဆိုတဲ့ ကလေးငယ်တွေရဲ့ အမေးအဖြေရမှတ် ပေါင်းနေစဉ်မှာ ကရင်လူမျိုးတွေရဲ့ ရိုးရာအကကို ဖျော်ဖြေသွားပါတယ်။ ဒီအကမှာ ကရင့်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ အများကြီး ပါခဲ့ပါတယ်။ လက်ချီပွဲ၊ တောင်ယာခုတ်ပုံ၊ စိုက်ပျိုးပုံ၊ သီးနှံရိတ်သိမ်းပုံ၊ လူငယ်သဘာဝ ချစ်ကြည်နူးပုံ၊ အမဲလိုက်ပုံကို ကရင်အမျိုးသားလူငယ် မိန်းမယောက်ျား နှစ်ဦးတွဲပြီး သရုပ်ဖော်သွားပါတယ်။ ကျမတို့ ဥာဏ်စမ်းပဟေဠိမှာပါတဲ့ ကရင်လို ဘာသာပြန် မေးပေးရတဲ့ လူငယ်က အပေါ်အင်္ကျီချွတ်၊ ခါးတောင်းကျိုက်နဲ့ ဒူးလေးထမ်းပြီး တောကောင်ရှာတဲ့ လူငယ်အဖြစ် သရုပ်ဖော်ပါတယ်။
သူ့ဟန်ပန်အမူအရာက သရုပ်ပါလွန်းလို့ တကယ်တောကောင်များ ရှာနေသလို ခံစားနေရပါတယ်။ သူနဲ့အတူပါတဲ့ ကရင့်အမျိုးသမီးလေးက တောကောင်ရှိမယ့် နေရာကို ညွှန်ပြတယ်။ ဒီတော့ မာန်ပါပါနဲ့ ဒူးလေးပေါ် မြားတင်ပြီး ပစ်လိုက်တာ ဒူးလေးဖွဲ့စည်းပုံ ပျက်သွားလို့ ပရိသတ်က ရယ်လိုက်ကြတာ တအုံးအုံးပဲ။ ဒူးလေးအဖြစ် ဝါးခြမ်းနဲ့ ပုံဖော်ထားတာပါ။ ဒုက္ခသည်ဆိုတော့ တချို့ဟာတွေက အစားထိုးရတာမို့လား။
ဘယ်လိုပဲဖြစ်ဖြစ် ရိုးသားတဲ့ ဟန်ပန်အနုပညာမြောက်တဲ့ ကိုယ်နေဟန်ထားက ချီးကျူးစရာပါပဲ။ ကရင်အမျိုးသားလူငယ် အမျိုးသမီးနဲ့ အမျိုးသား ချစ်ကြည်နူးကြပုံက ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးသွေးပြီး ယောက်ျားလေးက မိန်းကလေးကို သနပ်ခါးလိမ်းပေးနေတဲ့ သရုပ်ဖော်ပုံပါ။ ရိုးသားတဲ့ မျက်နှာလေးတွေက ချစ်ခင်စရာ။ ချစ်ခြင်းကို သိမ်သိမ်မွေ့မွေ့၊ ယဉ်ယဉ်ကျေးကျေး သရုပ်ဖော်သွားနိုင်ပါတယ်။ သူတို့တွေ အိမ်ထောင်ပြုပြီး ဘဝရပ်တည်ကြတဲ့အခါ တောင်ယာခုတ်၊ စိုက်ပျိုးရိတ်သိမ်းတဲ့ လုပ်ငန်းခွင်မှာ မိန်းမပျိုက ပလိုင်းနဲ့ လွယ်ပိုးပြီး ထမင်းထည့်လာတယ်။ ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းကို မောပန်းနေတဲ့ ခင်ပွန်းသည်ကို ခွန့်ကြွေးနေပုံက မြင်ရသူတွေကို ကြည်နူးစေပါတယ်။ အကျည်းတန် ဘဝတွေကို တနည်းတဖုံ အလှဆင်မယ်ဆိုတာ ဒါကိုပြောတာ ဖြစ်ရမယ်။
ကျမတို့ လူမျိုးတိုင်းမှာ ခန်းနားတဲ့ ယဉ်ကျေးမှုတွေ ရှိတယ်။ ဓလေ့ထုံးစံတွေ ရှိတယ်ဆိုတယ်။ ဘယ်နေရာရောက်ရောက် မမေ့ဘူး၊ သတိရနေတယ်ဆိုတာ ဒုက္ခသည်တွေက ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တကယ့်ကို ခံစားချက်စစ်စစ်တွေနဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လှပမှုနဲ့ ကြေကွဲမှု ရောပြွန်းနေတဲ့ နေရာဆိုမှားမယ် မထင်ဘူး။
”စစ်ပြေးခရီးစဉ်ရဲ့ ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ အချစ်စိတ်ကို ဘယ်လိုရှငိသန် အောင်လုပ်နိုင်ကြမှာလဲ။ နှင်းသိပ်သိပ်သည်းသည်း၊ ထူထူထပ်ထပ် ကျနေရင် ပဲပင်လေးတွေ အညှောင့်မပေါက်နိုင်ဘူးလေ”
၁၉၃၉ ခုနှစ်မှာ ပိုလန်ပြည် နာဇီဖက်ဆစ်တပ်တွေ ကျူးကျော်တိုက်ခိုက်ကြတော့ လင်သေသားဆုံး၊ မိခင်ပျောက်နဲ့ ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ရတယ်။ ကျူးကျော်စစ်ပဲဖြစ်ဖြစ်၊ ခုခံစစ်ပဲဖြစ်ဖြစ် စစ်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေဟာ မြေဇာပင်ပဲ မဟုတ်ပါလား။ ကလေးတွေ အမေပျောက်တဲ့ ပိုလန်နိုင်ငံရဲ့ ဒုက္ခပင်လယ်ဝေတဲ့ အကြောင်းကို ကဗျာဆရာ ဗားတော့ဗားရက်က ရေးဖွဲ့ခဲ့တာပါ။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းအောင် ကြေကွဲစရာအဖြစ်တွေက ကျမတို့ ကမ္ဘာမြေကြီးပေါ်မှာ ဖြစ်ခဲ့တယ်။ ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခန်းအနားကို စခန်းထဲမှာ စည်းစည်းလုံးလုံး၊ သိုင်းသိုင်းဝန်းဝန်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ကျင်းပချိန် ၅ နာရီကျော် ကြာခဲ့ပေမယ့် UNHCR အဖွဲ့နဲ့ NGO အဖွဲ့အစည်း၊ ထိုင်းပလာတို့ စိတ်ဝင်တစား ဆင်နွှဲခဲ့ကြပါတယ်။ စခန်းဥက္ကဋ္ဌ ဆရာစိုင်းက ဒုက္ခသည်တွေကိုယ်စား UN အဖွဲ့ခေါင်းဆောင်ကို ဦးရွှေရိုး-ဒေါ်မိုးရဲ့ ပုသိမ်ထီးကို အမှတ်တရလက်ဆောင် ပေးခဲ့ပါတယ်။ စင်မြင့်ပေါ်က ပြန်အဆင်းမှာ ပုသိမ်ထီးဆောင်းပြီး ပြန်ဆင်းလာတဲ့ UN အဖွဲ့ခေါင်းဆောင်ကို ဒုက္ခသည်တွေက လက်ခုတ်တီး ဂုဏ်ပြုကြတယ်။ သင့်မြတ်ခြင်း၊ လေးစားခြင်းတွေ ကမ္ဘာအနှံ့ပြန့်နှံ့ပါစေ။
စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ သဘာဝဘေးဒုက္ခတွေကြောင့် ဒုက္ခသည်ဆိုတာ ဖြစ်နေရတာပါ။ သဘာဝဒုက္ခထက် လူလုပ်တဲ့ ဒုက္ခက များနေရတယ်ဆိုတာ အမှန်ပါပဲ။ ကိုယ့်ဘဝ ကိုယ့်ကြမ္မာကို မပိုင်တဲ့ ဒုက္ခသည်တွေ လှိုင်းတံပိုးထန်နေတဲ့ ဒုက္ခပင်လယ်ကြီးမှာ ဘယ်အချိန်အထိများ ကူးခတ်နေရပါလိမ့်မလဲ။
ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်သူတွေ ဘယ်လောက်ဆိုးဆိုး၊ လူတွေရဲ့ အခြေခံကတော့ ကောင်းမြတ်တဲ့ စိတ်နှလုံးရှိတယ် ဆိုတာကို ကမ္ဘာ့ဒုက္ခသည်နေ့က သက်သေပြခဲ့ပါပြီ။ ဒုက္ခသည်တွေ ရပ်တည်နိုင်ဖို့ တတ်နိုင်သလောက် ပံ့ပိုးကူညီနေကြတာ ကမ္ဘာ့နိုင်ငံအသီးသီးက အလှူရှင် လူပုဂ္ဂိုလ်တွေပဲ မဟုတ်ပါလား။ ။
No comments:
Post a Comment