Wednesday, June 23, 2010

နိုင်ငံရေးပါတီများ စည်းရုံးဟောပြောခွင့် လျှောက်ထားရမည်

စိုးမိုး / ၂၃ ဇွန် ၂၀၁၀

နိုင်ငံရေး ပါတီ များသည် ပါတီဝင်များ စုဆောင်းရန် မဲဆွယ် စည်းရုံး ဟောပြောပွဲ များကို ခွင့်ပြုချက် တောင်းခံ ရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် အမှတ် - ၂/၂၀၁၀ ကို ထုတ်ပြန် လိုက်သည်။

ပါတီဝင် စုဆောင်းရရှိရေးအတွက် လူထုတွင်းဟောပြောပွဲများ ပြုလုပ်ခွင့်ကို ပြုလုပ်မည့် နေရာ၊ နေ့ရက်၊ ပွဲကျင်းပချိန် အစအဆုံး ခန့်မှန်းချိန်တို့ဖြင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်တို့တွင် အနည်းဆုံး (၇) ရက် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။

ပါတီအလံများနှင့် စီတန်းလှည့်လည် ချီတက်ခြင်း၊ ဟောပြောပွဲသို့ တက်ရောက်သူ လူဦးရေ များပြားလွန်းခြင်း၊ ဟောပြောပွဲမှ အသံချဲ့စက်ကို ကျယ်လောင်စွာ ဖွင့်ခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ဘဲ လိုအပ်ပါက ကော်မရှင်အနေဖြင့် သတ်မှတ်လိုသော စည်းကမ်းချက်များကို ထပ်မံ ဖြည့်စွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရထားသူများအနေဖြင့် စုဝေးခြင်း၊ ဟောပြောခြင်း၊ ပုံနှိပ်ဖြန့်ချိခြင်းတို့ ပြုလုပ်ရာတွင် စစ်တပ်ကို ပုတ်ခတ်ရေးသားခြင်း မပြုရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

သတ်မှတ်ချက် ဖောက်ဖျက်သော နိုင်ငံရေးပါတီများသည် တည်ဆဲ တရားဥပဒေများနှင့်သာမက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်း အရေးယူခံရမည် ဖြစ်သည်။

နိုင်ငံလုံးချီ ပါဝင်ယှဉ်ပြိုင်မည့် ပါတီက ပါတီဝင်အင်အား (၁,၀၀၀) ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်မည့်ပါတီက အနည်းဆုံး ပါတီဝင်အင်အား (၅၀၀) ကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း (၉၀) အတွင်း ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်၊ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ပါတီအနက် ပါတီ (၃၆) ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ယင်းမှတ်ပုံတင်ခွင့်ရသည့် ပါတီ (၃၆) ခုမှ ပါတီ (၃၃) ခုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီး ဖြစ်သည်။

မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများသည် စုဝေးခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကို တင်ပြရမည်ဖြစ်ကြောင်း ကြေညာချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက အပြုသဘောအရ ကြိုဆိုကြောင်း၊ ပြည်သူလူထုကြားတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး အဆင်ချောမွေ့လာနိုင်ကြောင်း ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာကတော့ တင်းကျပ်မှုဆိုတာက မဆန်းတော့ဘူး။ ဒါပေမယ့် ပြည်သူတွေနဲ့ နီးနီးကပ်ကပ်ဖြစ်အောင် လုပ်ခွင့်ရမယ်လို့တော့ မျှော်လင့်တယ် ” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ပါ နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်းခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက်ပါ သတ်မှတ်နေရာတွင် စုဝေးဟောပြောရန် တင်ပြရမည့်ကိစ္စနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က လက်မှတ်ထိုးလိုက်ရကြောင်း ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တာဝန်ရှိသူတဦးက “စည်းရုံးခွင့်တွေ၊ ဟောပြောခွင့်တွေကို ကျနော်တို့က လုပ်မယ်ဆိုရင်တော့ ရ၀တကို အကြောင်းကြားပါလို့တော့ လောလောဆယ် လာပြောတယ်။ ကော်မရှင်ရုံးက လာပြောတာတော့ မဟုတ်ဘူး။ အဲဒီလို လာပြောတယ်ဆိုတာကို သိပါတယ်ဆိုတဲ့ အကြောင်းကိုတော့ လက်မှတ်ထိုးလိုက်ရတယ်” ဟု ပြောသည်။

အမည်မဖော်လိုသော ပြည်တွင်းစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တဦးကမူ ကြေညာချက်နှင့်ပတ်သက်၍ “အခုတော့ ပွဲက ကြည့်ကောင်းပြီ။ မဲဆွယ်တယ်ဆိုတာက လုံးဝ လွတ်လပ်ဖို့ လိုတယ်လေ။ အခုလို အခြေအနေကတော့ ပါတီတွေအတွက် ကန့်သတ်လိုက်တာပဲ” ဟု ဝေဖန်ပြောဆိုသည်။

No comments: