Tuesday, June 29, 2010

ရယက ဥက္ကဌသားက ရိုက်နှက်ခဲ့လို့ အရပ်သား တဦးသေဆုံး

ရိုးမ ၃။

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ အမှတ် (၁၄) အပိုင်နေ ဦးရခီး(ခ) ဦးစိုးကြည်ကို ရပ်ကွက်အပိုင် ဥက္ကဌ ဦးကြည်ဝင်း၏ မွေးစားသားက သူခိုးဟု စွပ်စွဲ ရိုက်နှက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။

ရယက (၁၄)ပိုင် (၁၅) လမ်းထိပ် အရက်ဆိုင်မှ ဘောလုံးလောင်ကြေးငွေများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုနေ့ မနက်ပိုင်းတွင် အရက်သွားသောက်ခဲ့သည့် ဦးစိုးကြည်ကို ရယက ဥက္ကဌသားက သူခိုးစွပ်စွဲကာ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ဖြစ်တာက အဲဒီမနက်ကိုးနာရီလောက်မှာ ရခီးက ဖြူလေးအရက်ဆိုင်မှာ အရက်ထိုင်သောက်နေတာ။ အဲဒီမှာ ပိုက်ဆံပျောက်တယ်ဆိုပြီး ၁ ချက်တီးလောက်မှာ လူနှစ်ယောက် (၁၅)လမ်းက အိမ်ကို လိုက်လာတယ်၊ ပထမ အဲဒီလူတွေက ရခီးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးတယ်၊ ပြီးတော့ တုတ်နဲ့ ဝင်ရိုက်တာ ဥက္ကဌ မွေးစားသား စွန်နားဆိုတဲ့သူက ဖနှောင့်နဲ့ ပေါက်ပြီး မသေမရှင်ပေါ့ အိမ်ပေါ်ပြန်တင်ခဲ့တယ်၊ အဲလိုဖြစ်နေတာကို ကျနော်တို့လဲ မဆွဲရဲဖူး၊ ပြီးမှ ရုံးကိုခေါ်သွားတာ” ဟု ပြောသည်။

သေဆုံးသူ ရခီး(ခ) ဦးစိုးကြည်အား ခေါ်ဆောင်သွားသူများမှာ (၁၄) ရပ်ကွက်အပိုင်မှ တင်းဦးနှင့် စိုးလှိုင်တို့ဖြစ်ပြီး ရပ်ကွက်ရုံးတွင် ဆက်လက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမျက်မြင်က ပြောသည်။

“သေတာက ရုံးထဲမှာ သေတာ၊ လမ်းထဲမှာ ရိုက်ပြီး အမှတ် (၁၄) အပိုင် ရုံးကို ခေါ်တဲ့အချိန်က နေ့ခင်း တချက်တီး လောက်မှာ၊ မသေမရှင်ဖြစ်နေတဲ့အချိန်၊ ညနေ (၄) နာရီလောက်မှာ ခြောက်ပေါက်ထဲမှာ ငုတ်တုတ်ကြီးသေသွားတာ” ဟု ပြောသည်။

သေဆုံးသူ ရခီး(ခ) ဦးစိုးကြည်သည် အသက် (၅၀)ခန့်ရှိပြီး ဆွေးမျိုးမရှိသည့်အတွက် ၎င်းသေဆုံးမှုကို မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ပုသိမ်မြို့ပေါ်တွင် ရပ်ကွက်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် လူငယ်တဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

No comments: