Thursday, June 24, 2010

ဒုတိယ ကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သော NAFF သင်္ဘော ပေါ်လာပြီ

စံလင်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယူမြစ် အတွင်း ဒုတိယ ကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သည့် NAFF သင်္ဘောကို စီးပွားရေး လုပ်ငန်းရှင် တဦးက စစ်အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်း ဖော်ယူနေရာ ယခုအခါ သင်္ဘော ဦးပိုင်းမှာ ရေပေါ်သို့ ဦးမော့ ပေါ်ထွက် လာပြီ ဖြစ်သည်။

ဒေသခံ တဦးက “ သင်္ဘောက အခု ဦးပိုင်း ပေါ်လာပါပြီ။ အခုလို ပေါ်လာတော့ လူတွေက တအံတသြနဲ့ သွားရောက် ကြည့်ရှု့ နေကြ ပါတယ်။ ကျွန်တော်တို့ တသက်မှာ ဖေါ်လို့ ရနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်နေတဲ့ သင်္ဘော ခုလို ပြန်ပေါ်လာတာကို တွေ့ရတော့ လူတွေက သိပ်အံ့သြနေကြပါတယ်” ဟု ပြောသည်။

တူးဖေါ်နေသော NAFF သင်္ဘောမှာ အရှည် ၉၅ ပေ၊ အနံ ၁၆ ပေ၊ စောက် ၉ ပေရှိကြောင်းနှင့် ရေအောက် ၁၅ ပေတွင် နစ်မြုပ်နေပြီး ရွှံနွံ ၂၁ ပေထိ ဖုံးလွှမ်းထားသည်ဟု တူးဖေါ်နေသူများ အပြောကို ကိုးကားပြီး သူက ပြောသည်။

ဖုံးအုပ်နေသော ရွှံနွံများကို ဖယ်ရှားပြီး ယခုအခါ ရေစုပ်ပင့် အပါအ၀င် ပလစတစ် ဗုံးများ၊ စည်ပိုင်း အခွံများဖြင့် သင်္ဘောကို ချည်နှောင် ဖော်ယူပြီး ကမ်းသို့ တဖြည်းဖြည်း ဆွဲယူနေရာ များမကြာမှီ စင်လုံး ပေါ်လာတော့မည်ဟု သိရသည်။

အဆိုပါ သင်္ဘောကို ပုဂ္ဂလိက လုပ်ငန်းရှင် ကိုစောမိုးကျော်မှ စစ်အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းပြီး မန္တလေးမှ ရေငုတ်ကျွမ်းကျင်သူ ဦးခင်မောင့်တင့် ဦးဆောင်သော ၁၂ ယောက်ပါ သင်္ဘောတူးဖေါ်ရေး အဖွဲ့ကို ငှားရမ်းကာ ဖော်ယူ နေခြင်းဖြစ်သည်။

သဘောင်္ ဖော်ယူရေး အတွက် စုစုပေါင်း သိန်း ၁၅၀ ခန့် ကုန်ကျမည် ဟု ခန့်မှန်းထားပြီး ထိုအထဲတွင် တူးဖေါ်သည့် အဖွဲ့ကို ပေးရသည့် ကျပ်ငွေ သိန်း ၁၀၀ လည်း ပါဝင်သည်ဟု သိရသည်။

ဘူးသီးတောင် မြို့နယ်မှာ ဒုတိယ ကမ္ဘာ စစ်အတွင်းက အင်္ဂလိပ်နှင့် ဂျပန်တို့၏ အဓိက စစ်နယ်မြေ ဖြစ်ခဲ့သဖြင့် စစ်ဘေး စစ်ဒဏ်ကြောင့် သင်္ဘောအများ အပြား နစ်မြုပ်ခဲ့သည်။ ထိုအထဲတွင် ပေ ၂၀၀ အရှည်ရှိ သင်္ဘော တစင်းလည်း ပါဝင်ပြီး တခြား နစ်မြုပ်နေသော သင်္ဘောများမှာ ဘူးသီးတောင် ဆိပ်ကမ်း အနီးတွင် နှစ်စင်း၊ ရွက်ညှိုးတောင် ကျေးရွာအနီး တစ်စင်း၊ လက်ဝဲဘက် ချောင်းဝတွင် တစင်းနှင့် ချောင်းအတွင်းပိုင်းတွင် တစင်း စုစုပေါင်း ခြောက်စင်း ရှိကြောင်း သိရသည်။

ယခု တူးဖေါ်နေသော သင်္ဘောမှာ ဘူးသီးတောင်မှ အထက် ၂ မိုင်ခန့် အကွာ ရွာမကျေးရွာ အနီး ချောင်းထဲတွင် နစ်မြုပ်နေခြင်း ဖြစ်သဖြင့် သင်္ဘော ဖေါ်ယူမူကို ဒေသခံများက နေ့စဉ် သွားရောက် ကြည့်ရှု့နေကြကြောင်း သိရသည်။

NAFF သင်္ဘောကို ပြန်လည် ပြုပြင်ပြီး ရောင်းချလျှင် ကာလပေါက်ဈေး သိန်း ၅၀၀ ထိ ရရှိနိုင်မည် ဖြစ်ကြောင်း လေ့လာ ကျွမ်းကျင်သူများက ပြောသည်။


No comments: