Friday, June 25, 2010

ကြံ့ဖွံ့ပါတီအား မဲပေးခိုင်းမည်ကို စိုးရိမ်နေကြ

မျိုးချစ်သူ / ၂၅ ဇွန် ၂၀၁၀

ရန်ကုန်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား မဲပေးရမည်ကို စိုးရိမ်နေကြသူများ ရှိနေကြောင်း ရန်ကုန်မြို့ခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန် (၂၂) ရက်တွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် စည်းရုံးသိမ်းသွင်းမှု ခံခဲ့ရသူတို့က ပြန်လည်ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့ စမ်းချောင်းမှာ ကြံ့ဖွံ့တံဆိပ် ဦးထုပ်တွေ ဆောင်းပြီးတော့ မဲဆွယ်နေကြပြီ။ မဲဆွယ်တာက ပြည်သူ့လွှတ်တော်မှာ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို တင်ပြမှာဖြစ်တယ်။ ဘာတွေကို တင်ပြချင်လဲ၊ ဘာတွေကို တောင်းဆိုချင်လဲ၊ အဲဒါတွေကို ခင်ဗျားတို့က အချက်တွေ စုထားပါဆိုပြီးတော့ ကြံ့ဖွံ့မြို့နယ်စည်းရုံးရေးမှူးတွေက အဲဒီလို လာပြောတာ။ ကျနော်က အဲဒီပါတီကို မဲပေးရမှာ လုံးဝစိုးရိမ်နေတယ်။ သူတို့ကိုပဲ မဲပေးပါလို့ တခုခု အာဏာနဲ့ ပြောလာမှာကိုတော့ စိုးရိမ်တယ်” ဟု အငြိမ်းစားကျောင်းဆရာတဦးက ပြောသည်။

ကြံ့ဖွံ့သည် ပါတီဝင်သစ်စုဆောင်းမှုကို ဇွန်လဆန်းက စတင်နေပြီဖြစ်သော်လည်း ပါတီအနေဖြင့် ပေါ်ပေါ်တင်တင် မဲဆွယ်ခြင်းမျိုးမဟုတ်ဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်။

“ကြံ့ဖွံ့အသင်းဆိုတာက နဂိုကတည်းက ရှိနေတာပဲလေ။ အဲဒီတော့ သူတို့အနေနဲ့ကတော့ အဆင်ပြေတယ်လေ။ ပါတီမဲဆွယ်တယ်လို့ပြောရင် အသင်းက ပြည်သူအကျိုးပြုတွေကို လုပ်တာလို့ ငြင်းလိုက်ရင်လည်း ရတာပဲလေ” ဟု ရန်ကုန်မှ စီးပွားကူးသန်းဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ဒုတိယပတ်အတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် ရပ်ကွက်အလိုက် ကြံ့ဖွံ့ ပါတီစည်းရုံးရေးမှူးများက ရ၀တများ၊ ဆယ်အိမ်မှူးများကို ခေါ်ဆောင်ကာ ရပ်ကွက်အတွင်း ပါတီဝင်ရရှိရေး စည်းရုံးရေး ဆင်းခဲ့ကြောင်း ယင်းမြို့နယ်တို့တွင် နေထိုင်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဗဟိုအလုပ်အမှုဆောင်ဖြစ်ကာ ကြံ့ဖွံ့ပါတီစည်းရုံးရေး ကိစ္စများကို စီစဉ်ညွှန်ကြားလျက်ရှိကြောင်း တာမွေမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးက ပြောသည်။

“ပါတီဝင် အမာခံတွေကို မြို့နယ်အလိုက် စုထားဖို့ ညွှန်ကြားထားတယ်၊ ဘယ်တော့ ပြည့်မယ်ဆိုတာတော့ မသိသေးဘူး၊ ခုမှ စနေတုန်း” ဟု ယင်းစည်းရုံးရေးမှူးက ပြောသည်။

ကြံ့ဖွံ့ပါတီကို ဦးသိန်းစိန်က ဦးဆောင်ပြီး ရန်ကုန်တွင် မြို့နယ်အလိုက် အမတ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်မှုကို စည်ပင်သာယာမှ အရာရှိများကို ပါဝင်ယှဉ်ပြိုင်စေမည်ဟုလည်း သတင်းများ ထွက်နေသည်။

ယင်းသို့ ကြံ့ဖွံ့ပါတီက ၎င်းတို့ပါတီအတွက် မဲဆွယ်မှုများ လုပ်နေသော်လည်း နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးဟောပြောပွဲများ လုပ်ပါက ခွင်ပြုချက်တောင်းခံရမည်ဟု ဇွန် (၂၂) ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ပါတီဝင်စုဆောင်းရန် လူထုတွင်း ဟောပြောပွဲများ လုပ်လိုပါက သက်ဆိုင်ရာသတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် (၇) ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု ပါရှိသည်။

No comments: