Sunday, June 20, 2010

နအဖ တပ် - ၀ တပ် အပြိုင်အဆိုင်နယ်ခြားဂိတ်စခန်းများ စစ်ဆေး

မွေခေါဝ်

လားရှိုး - တန့်ယန်း မှ ပန်ဆန်း ခရီးသည်များအား နယ်ခြားစောင့် ဂိတ်စခန်း ၀ တပ် နှင့် နအဖတပ်တို့ နှစ်ဖက်ပြိုင်ဆိုင် တင်းကြပ်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“၀ ဘက်ကော နအဖ ဘက်ကော စစ်တယ်။ ဒီလထဲမှာ နအဖ ဘက်က အစစ်အဆေးပိုထူလာတယ်။ ခရီးသည်တွေ ကို ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ဂိတ်စခန်းဖြတ်သန်းသွားလာခွင့်မပေးဘူး” - ဟု တန်းယန်းမြို့ခံ ၀ အမျိုး သားတဦးက ပြောပါသည်။

ဝ အာဏာပိုင် ဘက်ကမူ နတလ ၀န်ထမ်းများအား နအဖ အာဏာပိုင်များ ပြန်ခေါ်ချိန်မှစ၍ လူဝင်လူထွက်စာရင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း၊ နအဖဘက်ကမူ သံလွင်မြစ်တဘက်ကမ်း လွယ်ပန်လုံစောင့် စစ်သားများကိုယ်တိုင် မှတ်ပုံတင်များ စစ်ဆေးနေကြောင်း ၀ နယ်သို့ခရီးသွားသူ လားရှိုးသားတဦးက ပြောပါသည်။

“ပန်ဆန်းကနေ (3 နာရီကြာ ကားစီးရတဲ့ခရီး) မန်းဆိုင်မြို့မရောက်ခင် နမ့်ပန်ရေအားလျှပ်စစ်/နမ့်ပန်နယ်ခြားစစ်ဆေးရေး ဂိတ်စခန်းမှာ ၀ တပ်ဖွဲ့ကစစ်တယ်။ ည 6 နာရီကျော်ရင် ဖြတ်သန်းလို့ မရဘူး။ 2 နာရီ လောက်ဝေးတဲ့ ၀ိန်းကောဝ်ကို ပြန်အိပ်ခိုင်းတယ်။ အဲဒီ့နားမှာလဲ အိပ်ခွင့်မပြုဘူး” ဟု ၎င်းကဆက်ပြော၏။

ထိုနည်းတူ နအဖစစ်တပ်ဘက်မှလည်း လွယ်ပန်စုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ပန်လုံဂိတ်တွင် စစ်ဆေးရေး တင်းကြပ် ရာ နမ့်ပန်စစ်ဆေးရေးဂိတ်ကဲ့သို့ ည ၆ နာရီမှ မနက် ၆ နာရီထိ ဖြတ်သန်းခွင့်မပေးကြောင်း။ ခရီးသွားများအား လ၀က ၀န်ထမ်းများသာမက စစ်သားများကပါ မှတ်ပုံတင်စစ်ဆေးမှု ပြုလုပ်နေကြောင်းလဲပြော၏။

“အရင်တုန်းက လ၀က ဘဲစစ်တာလေ။ အခု ဗမာစစ်သားတွေရောဘဲ။ သူတို့က - ဘယ်သွားမလဲ ဘယ်မှာအိပ်လဲ ဘယ်နှစ်ရက်ကြာ မလဲ ဘာတွေသွားလုပ်မလို့လဲ စသဖြင့် ခရီးသည်တွေကို မေးခွန်းပေါင်းများစွာနဲ့စစ်ဆေးမေးမြန်း တယ်။” - အဆိုပါ လားရှိုးသား ခရီးသွားက ပြောပါသည်။

မည်သို့ပင်ဆိုစေ နအဖ နှင့် ၀ အာဏာပိုင်တို့မှ အစစ်အဆေးထူပြောသော်လည်း ကားများ၊ ခရီးသည်များ ယခင်ကဲ့ သို့ပင်မပြတ်သွားလာနေသေးကြောင်း၊ ပန်ဆန်းတွင်လည်းစည်ကားလျက်ရှိပြီး စီးပွါးရေးလည်းကောင်းမွန်နေကြောင်း သိရှိရသည်။

“မတ်ခ်ျလတုန်းက နအဖက နတလ ၀န်ထမ်းတွေကို မပြောမဆိုနဲ့ ၀ နယ်မြေကနေရုတ်တရက်ထွက်ခိုင်းတော့ ၀ ကို အားချင်းထိုးစစ်ဆင် တိုက်ခိုက်တော့မလိုထင်ရတော့ ဒေသခံလူထု အပါအ၀င် ခရီးသွားတွေ ကုန်သည်တွေပါ ထိတ် လန့်ကြ ကုန်တာပေါ့။ အခုမှာတော့ နအဖ ဘယ်လိုဘဲခြိမ်းခြောက်ခြိမ်းခြောက် ဘယ်သူမှ မကြောက်တော့ဘူး။ ပုံမှန်ပဲ သွားလာကူးသန်းရောင်းဝယ်နေကြတယ်။ နအဖ ခြောက်လှန့်မှုက အရာမထင်တော့ဘူး။ အခုအခြေအနေ မှာတော့ စီးပွားရေးလဲပုံမှန်ဘဲ” ဟု ပန်ဆန်းနေကုန်သည်တစ်ယောက်က ပြောပါသည်။

No comments: