Saturday, June 26, 2010

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ရန် သျှမ်းပြည်စစ်တိုင်းချုပ်ညွှန်ကြား

သျှမ်းသံတော်ဆင့်

ဝ နှင့် မိုင်းလား တပ်ဖွဲ့အား မျက်ခြေ မပြတ် စောင့်ကြည့်ရန် သျှမ်းပြည်နှင့် ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နယ်ခြားမြို့ ဒေသခံ တပ်ရင်း အရာရှိများ အားညွှန်ကြား ခဲ့ကြောင်း စုံစမ်း သိရှိရ ပါသည်။

“၂၂ ရက်နေ့တုန်းက ဗိုလ်ချုပ် မင်းအောင်လှိုင် လေယာဉ်နဲ့ ကျိုင်းတုံမှာ လာအိပ်တယ်၊ နောက်နေ့ မနက်တော့ မိုင်းယန်း ဘက်ခရီး ဆက်ပြီး ဒေသခံ စစ်တပ် တွေကို ၂ နာရီကြာ သွားရောက် အားပေး တယ်လို့သိရတယ်”- ဟု တြိဂံ စစ်တိုင်း ရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသား ကပြောပါသည်။

ဂျွန် ၂၃ ရက် သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်း ၃ တိုင်းချုပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြးတို့ မိုင်းယန်းမြို့ရှိ နအဖ အရာရှိ/စစ်သည်များအား တွေ့ဆုံ အားပေးစကားပြောပြီး စခန်းတိုးချဲ့ ပြင်ဆင်မွမ်းမံမှုတို့ကိုစစ်ဆေးကာ၊ ၀ နှင့် မိုင်းလားတပ်ဖွဲ့၏ လှုပ်ရှားသွား လာ မှုအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်/သတင်းထောက်လှမ်းရန် ညွှန်ကြားခဲ့သေးသည်ဟု ဆို၏။

“နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကာလအထိ လုံခြုံရေးအဓိကထားရမယ်၊ စစ်အင်အား အသင့်ပြင်ဆင်ထားရမယ် ဆိုတာတွေ ပြောသွားတယ်” - ဟု မိုင်းယန်းအခြေစိုက် နအဖစစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောပါသည်။

မိုင်းယန်းမြို့တွင်းရှိတပ်ရင်းများအား ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ ဂျွန် ၂၃ ရက်နေ့ မနက်ပိုင်း၌လှည့် လည်စစ်ဆေးပြီး ကျိုင်းတုံသို့ နေ့ချင်းပြန်သွားသည်ဟုလည်း မိုင်းယန်းမြို့ခံများက ပြောပါသည်။

မိုင်းယန်းမြို့၌ နအဖ စစ်တပ် ခလရ ၂၇၉ နှင့် ခလရ ၂၈၁ တပ်ရင်း နှစ်ရင်းအပြင် လက်နက်ကြီး ၈၁ မမ ၂ လက် ရှိသည်ဟုလည်း စစ်တပ်အသိုင်းအ၀ိုင်း ကပြောပါသည်။

မိုင်းယန်းမြို့သည် ကျိုင်းတုံအရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ (၆၃ မိုင်) အကွာတွင်ရှိသည်။ မိုင်းယန်းမြို့ တွင်းမှလွဲ၍ မြို့ပြင်တခုလုံး ၀ ပြည်သွေးစည်းရေးတပ်မတောUWSA နှင့် NDAA မိုင်းလား တပ်ဖွဲ့တို့က အသီးသီးထိန်းချုပ်ထား၏။ အနောက်မြောက်ဘက်တွင် ၀ တပ်မဟာ ၄၆၈ အခြေစိုက်သည့် မိုင်းပေါက်မြို့၊ အရှေ့တောင်ဘက်တွင် မိုင်းလားတပ်ဖွဲ့ NDAA ၏ တပ်မဟာ ၈၉၆ ဌာနချုပ် ဆီလူးဒေသတို့ တည်ရှိသည်။

No comments: