Thursday, June 24, 2010

ရှေ့နေ ဦးပိုးဖြူနှင့်အဖွဲ့ကို အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ

ရိုးမ ၃

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးဖိုးဖြူနှင့် အဖွဲ့ဝင်များကို ရန်ကုန်တိုင်း ရဲမှူးနှင့်အဖွဲ့က ရန်ကုန်ကမ်းနားလမ်းက အလုပ်သမားရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေအရ သမဂ္ဂဖွဲ့စည်းလို့ မရသေးကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ကြောင်း ဆင့်ခေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ ဆင့်ခေါ်တာက မနေ့ကတည်းက စာထဲမှာက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားရှိသော သတင်းနှင့်ပက်သက်၍ ရှင်းလင်းညှိနှိုင်းဆွေးနွေးဆောင်ရွက်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း မပျက်မကွက် လာရောက်ပါရန် ပြစ်မှုဆိုင်ရာ ကျင်ထုံးဥပဒေ ပုဒ်မ၊ ၁၆၀/၁၆၁ အရ ဆင့်ဆိုအကြောင်းကြားအပ်ပါသည် ဆိုပြီး ရေးထားတယ်” ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

ယင်းကဲ့သို့ တိုင်းအာဏာပိုင်များဆင့်ဆိုရာတွင် ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရေးတွင် ပါဝင်သည့် ဦးပါလေး၊ ဦးကြည်လင်း၊ ဦးဝင်းနိုင်၊ မနွဲ့ရီဝင်း၊ မခိုင်သဇင်၊ မအေးချမ်းပြည့်တို့ ပါဝင်ပြီး ၎င်းတို့အား အာဏာပိုင်များက စာအမှတ် (၁၀၁၂ (ဂ) ၁၁၀ ဦး (၁) ) ဖြင့် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရှေ့နေဦးဖိုးဖြူတို့အနေဖြင့် မြန်မာ့အလုပ်သမားများသမဂ္ဂကို ဥပဒေနှင့်အညီ ဖွဲ့စည်းကြောင်းကို ယခုလ (၁) ရက် နေ့ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မှတ်ပုံတင်ရအရာရှိ (၁၉၂၆ ခုနှစ်၊ အလုပ် သမားများ အက်ဥပဒေ ပုဒ်မ (၃) ရ ခန့်အပ်ရမည့် အရာရှိ) အလုပ်သမားဝန်ကြီးဌာန နေပြည်တော်သို့ လိပ်မူကာ တရားဝင် တင်ပြထားခဲ့သည်။

ရှေ့နေဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်သည် အောင်လံမြို့နယ်အတွင်းမှ လယ်သမားများ မြေယာသိမ်းဆည်းခံရသည့်အမှုကို လိုက်လံဆောင်ရွက်ပေးနေစဉ် ၂၀၀၉ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ညွှန်ကြားရေးမှူး လာရောက်စဉ် အယူခံနိုင်သည့်အတွက် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

No comments: