Monday, June 21, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာ့အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပ

ဖြိုးကြီး။

ဇွန်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၅) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားနှင့် မြန်မာ့အမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာ့အမျိုးသမီးထု လှုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုစွန့်လွှတ်မှု၊ အနစ်နာခံမှုတွေဟာ မြန်မာအမျိုးသမီးထု တရပ်လုံးအတွက် အတူယူဖွယ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ မြန်မာအမျိုးသမီးများနေ့ ဖြစ်သင့်တယ်ဆိုတာကို လက်ခံပြီး ကျင်းပတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ မအိရွှေစင်ညွန့်က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ပါတီတခု၏ ခေါင်းဆောင်အဖြစ်မှ မြန်မာ့လူထုခေါင်းဆောင်အဖြစ် အသိမှတ်ပြုရခြင်းနှင့် ပတ်သက်၍ အခမ်းအနားသို့ တက်ရောက်လာသူတဦးက ပြောသည်။

“သူရဲ့ နှစ်ပေါင်း ၂၀ အတွင်း စွန့်လွှတ်စွန့်စားမှုတွေ ဒီမိုကရေစီအရေးတွက် ဆောင်ရွက်မှုတွေ၊ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်က လွှတ်မြောက်ဖို့အတွက် သူ့ရဲ့ မှန်ကန်ပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် အသိမှတ်ပြုပြီး ကျနော်တို့ လေးလေးစားစား ဂုဏ်ပြုတာဖြစ်ပါတယ်၊ သူရဲ့မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် အသိမှတ်ပြုပြီး ကျင်းပတာ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ချပေးတဲ့ မူတွေကို အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ကြတာမျိုးအဖြစ် ဆောင်ရွက်ကြတာ ဖြစ်တယ်” ဟု ဦးမောင်မောင်ကြီးက ပြောသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသူတဦးဖြစ်သူ မခင်ခင်လဲ့က သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းရင်းသားအားလုံး၏ တန်းတူရေးအတွက်ထားရှိသည့် စိတ်ဓါတ်နှင့် ယုံကြည်မှုတွေကို အားကျလက်ခံသည့်အတွက် ကိုယ်တိုင်မြန်မာ့ဒီမိုကရေစီအရေးအတွက် တထောင့်တနေရာကနေ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ယခုလ (၁၂) (၁၃) ရက်နေ့များတွင် ထိုင်း- မြန်မာနယ်စပ်တွင် စုပေါင်းသွေးလှူပွဲ၊ ဂုဏ်ပြုစကားဝိုင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ အဖွဲ့အစည်းအသီးသီမှ အမျိုးသမီးခေါင်းဆောင်များ၊ ကျောင်းသားကျောင်းသူ (၁၀၀) နီးပါး တက်ရောက်ခဲ့သည်။

No comments: