Monday, June 28, 2010

အလုအယှက် တန်းစီပြီး ဓာတ်ဆီ အပြိုင်အဆိုင် ထုတ်ကြ

ကယားထဲ

ဆိုင်ကယ်ဓါတ်ဆီ ထုတ်ပေးသော လွိုင်ကော်မြို့ စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ဓါတ်ဆီထုတ်သော ဒေသခံပြည်သူများ ပြည့်နှက်နေ၍ တစ်ဦးနှင့်တစ်ဦး အလုအယှက် တိုးဝှေ့တန်းစီပြီး ဓါတ်ဆီ ထုတ်ယူနေကြသည်။

လာရောက်ထုတ်ယူကြသော ဒေသခံပြည်သူများသည် သူ့ထက်ငါဦးရာစနစ်ဖြင့် တစ်နာရီ အကြိုမျှ စွမ်းအင်ဝန်ကြီးဌာနရုံး ခြံတံခါးရှေ့တွင် ပြွတ်သိပ်စွာ နေရာယူထားကြသည်။

နီလာရိုးမ ကုမ္မဏီမှ သက်သက်သာသာ ဈေးနှုန်းဖြင့် ဆီများကို တကြိမ်လျှင် ဂါလံ ၂၀၀ သာ ထုတ်ပေးသည့် အချိန်အတွင်း မိမိလည်း ရရှိနိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။

ဆီရရှိနိုင်ရန်အတွက် ဌာနဆိုင်ရာ ပညာရေးဝန်ထမ်းဆရာမများနှင့် တက္ကသိုလ်ဆရာမများမှာလည်း ကျောင်းတက်ချိန်ကို ဖဲ့၍ အလုအယှက် နေရာယူနေကြသည်။

“တံခါးဖွင့်တာနဲ့ ရှေ့ရောက်အောင် မြန်မြန်ပြေးဝင်ရမှာပဲနော်။ ကျမက ကျောင်းတက်ချိန်လည်း အမှီတက်ရမယ်” ဟု ပညာရေးဌာနမှ ကျောင်းဆရာမများကလည်း တဦးနှင့်တဦး သံပြိုင်သတိပေးသံများကိုလည်း ကြားနေရသည်။

စွမ်းအင်ဌာနမှ ၀န်ထမ်းတဦးက တံခါးဆွဲဖွင့်သောအခါ မီတာတစ်ရာတာ လွတ်သကဲ့သို့ သူ့ထက်ငါဦးရာ စနစ်ဖြင့် ပြေးဝင်ကြရသည်။

ဆီထုတ်လက်မှတ်ဖြတ်ပိုင်းရုံးရှေ့တွင် “အရှေ့က မိန်းခလေး ဘာလို့ မတိုးတာလဲ။ မင်းမတိုးတော့ ငါတို့ပါ ကျန်ခဲ့ကုန်ပြီ” ဟု မတိုးနိုင်သော အမျိုးသမီးများ၊ ဆရာမများတို့၏ ဆူငေါက်သံများကိုလည်း ကြားနေရသည်။

ကြားညှပ်ပြီး လိုက်ပါတိုးဝှေ့လာရသော အမျိုးသမီးတဦးခမျာ စကားတစ်ခွန်းမျှ ပြန်မပြောရဲရှာဘဲ မျက်နှာလေး လွှဲထားနေရသည်။

ထိုသို့ ပြည့်ညှပ်ကြပ်နေခြင်းကြောင့် ဆီထုတ်ရန် လက်မှတ်ဖြတ်ပေးရသော ၀န်ထမ်းများမှာလည်း စည်းကမ်းရှိရှိဖြင့် စနစ်တကျ တန်းစီရန် ဆော်သြနေကြသည်။

ဆီလက်မှတ်ဖြတ်ပိုင်း ထုတ်ပေးသော ၀န်ထမ်းတဦးက “မတိုးနဲ့ မတိုးနဲ့ အစဉ်လိုက် တန်းစီပါ။ နောက်က ကျော်တက်တဲ့ သူကို မထုတ်ပေးနိုင်ဘူး။ ကျနော်တို့က အများနဲ့ အလုပ်လုပ်ရတာ” ဟု အော်၍ ပြောနေသည်။

ဆီများကို လာရောက်ထုတ်ယူသော ဒေသခံပြည်သူ အများစုမှာ ၀န်ထမ်းများ၊ ဈေးသည်များ၊ လက်လုပ်လက်စား ကျပန်းအလုပ်သမားများနှင့် တောင်သူလယ်သမားများ ဖြစ်ကြသည်။

ရုံးဖွင့်သည့်နေ့တိုင်း ဆီကို အကန့်အသတ်ဖြင့် မနက်အစောပိုင်းတွင် ဂါလံ ၂၀၀ တကြိမ်၊ နေ့လည်ပိုင်းတွင်တကြိမ် တနေ့လျှင် ဂါလံ ၄၀၀ ထုတ်ပေးနေသည်။

ဆိုင်ကယ်လိုင်စင် ရှိထားသော သူများကို နေ့တိုင်း ဆီတစ်ဂါလံလျှင် ကျပ် ၂၅၀၀ ဖြင့် နီလာရိုးမ ကုမ္ပဏီမှ ထုတ်ပေးနေခြင်း ဖြစ်သည်။ ဆိုင်ကယ်လိုင်စင် မရှိသေးသော သူများကိုလည်း ယခုလ နောက်ဆုံးထားကာ လိုင်စင် ပြုလုပ်ရန် နိုးဆော်ထားပြီး လာမည့် ဇူလိုင်လမှ စ၍ လိုင်စင် မရှိသော သူများကို ဖမ်းမည်ဟု အစိုးရမှ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

No comments: