Friday, June 25, 2010

ကလေးစစ်သားတဦး မိဘထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့တို့ အကူညီကြောင့် ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိလာသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၁၅) ရက်နေ့က ပျောက်ဆုံးသွားသည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နဘဲပင်ကျေးရွာမှ မောင်သူဇင်ဦးအား တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်မှ ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

“သင်တန်းကျောင်းရောက်နေတဲ့အချိန်မှာ အိမ်ကိုဖုန်းဆက်တော့ အိမ်က စစ်ထဲရောက်နေတာသိတော့ လိုက်လာတယ်၊ အဲဒါ ဒီလ (၈) ရက်နေ့က ထွက်စာကျတော့ အိမ်ကလာခေါ်တာ၊ သင်တန်းဆင်းတာ တလကျော်လောက်ပဲ ရှိသေးတယ်” ဟု မောင်သူဇင်ဦးက ပြောသည်။

စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် ငါးလကျော်ခန့်ကြာပြီးနောက် ကိုယ်ပိုင်နံပါတ် (တ/၄၂၇ ၃၄၈) ဖြင့် အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၃) တပ်ခွဲ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရေနီစစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ရတယ်၊ သင်တန်းသား နံပါတ်က (၂၄၅) ပါ၊ သင်တန်းပြီးတော့ မိခင်တပ်ရင်းမှာတော့ (၁) လလောက် နေရတယ်၊ ရှေ့တန်းတော့ မထွက်ရပါဘူး၊ အဲဒီမှာနေရင်းကဘဲ အခုလို ထွက်ခွင့်ရလာတာ” ဟုပြောသည်။

ယခုကဲ့သို့ မောင်သူဇင်ဦး စစ်တပ်မှ ပြန်လည်ထွက်ခွင့်ရရှိသည်မှာ ဦးအေးမြင့် (လမ်းပြကြယ်)အဖွဲ့နှင့် (ILO)တို့၏ ကူညီမှုကြောင့်ဖြစ်ကြောင်း ဦးလေးဖြစ်သူ ကိုအောင်လတ်က ပြောသည်။

မောင်သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၁၅) ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းက ဝက်ဆီဖက်လုပ်သည့် အလုပ်မှအပြန် ကားပြောင်းစီးနေစဉ် မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ်မှ ခေါ်ဆောင်သွား၍ ကလေးစစ်သားအဖြစ် သွတ်သွင်းခြင်း ခံရသူဖြစ်သည်။

စစ်အစိုးရအာဏာပိုင်များက ကလေးစစ်သားအသုံးပြုခြင်းမရှိကြောင်း ငြင်းဆန်နေသော်လည်း ၂၀၀၉ ခုနှစ်အတွင်း လမ်းပြကြယ်အဖွဲ့သို့ လာရောက်အကူညီတောင်းထားသည့် ကလေးစစ်သား အမှု (၁၂၁)မှုရှိခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း မိဘများထံ ပြန်ရောက်လာသည့် ကလေးစစ်သားပေါင်း (၂၀) နီးပါရှိပြီးဖြစ်ကြောင်း ဦးအေးမြင့် (လမ်းပြကြယ်) က ပြောသည်။


No comments: