Wednesday, June 23, 2010

မြစ်ကြီးနားမြို့တွင် စီးပွါးဖြစ် ကမ္ဘာ့ဖလားဘော်လုံးပွဲပြသသူများ အရှုံးနှင့်ရင်ဆိုင်ရ

ုKNG

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် အခုတလော စီးပွါးဖြစ် ကမ္ဘာ့ဖလားဘော်လုံးပွဲ တိုက်ရိုက် ရုပ်မြင်သံကြား (TV) ပြသသူများ တွက်ချေမကိုက် ရှုံးနေကြောင်းသိရပါသည်။

မြစ်ကြီးနားမြို့လယ်ရှိ ပရိုဂျက်တာဖြင့် ဘော်လုံးပွဲ ပွဲစဉ်တိုင်း ပြသနေသည့် video ရုံတစ်ရုံသည် သုံးပွဲဆက်တိုက်ကို ကျပ် ၅၀၀ ဖြင့်သာ ပြသနေသော်လည်း လာကြည့်သူနည်းသဖြင့် ရှုံးကြောင်းသိရသည်။

မြန်မာ့ရုပ်မြင်သံကြား (MR TV) နှင့် မြဝတီရုပ်မြင်သံကြား (MWD TV) တို့မှ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဆက်တိုက်ထုတ်လွှင့်နေ သောကြောင့် စီးပွါးဖြစ် ဘောလုံးပွဲပြစားသည့် video ရုံပိုင်ရှင်များ တွက်ချေမကိုက်ဖြစ်နေကြပါသည်။

“မှန်းထားသလောက် လူမလာတော့ စိတ်ပျက်မိတယ်၊ လူက ပင်ပန်းသလောက် ဝင်ငွေကမဝင်ဘူး” ဟု ရုံပိုင်ရှင် အမျိုးသမီးတဦးကပြောသည်။

ဒု-ဗိုလ်ချုပ်ကြီး တင်အေး ၏ သားပိုင်ဆိုင်သော မိုးဆမ်းပန်းမီဒီယာမှ ထုတ်လွှင့်ခွင့်ရရှိထား၍ မြဝတီ၊ မြန်မာ့ရုပ်မြင်သံကြားတို့တွင် တိုက်ရိုက်ပြသနေခြင်းဖြစ်သည်။

ယင်းသို့ ဘောလုံးပွဲတိုက်ရိုက်လွှင့်နေသောကြောင့် ဘောလုံးပွဲများကို လဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များ ရှိ TV များတွင် စားသောက်ရင်း အခမဲ့ကြည့်ရှုနိုင်ကြသည်။

“လက်ဖက်ရည်ဖိုး ၂၀၀ရရင် တစ်ညတာ ကမ္ဘာ့ဖလား ဘောလုံးကြည့်လို့ရပြီ” ဟု ဘောလုံးကြိုက်သူ လူငယ်လေးတစ်ဦးမှ ပြောပါသည်။

အိမ်မှာ ရုပ်မြင်သံကြားဇိမ်နဲ့ကြည့်ချင်သူ ကိုထွန်းကတော့“ရုံမှာဆို ဆေးလိပ်နံ့၊ အရက်နံ့ အနံ့ပေါင်းစုံနဲ့ ဆိုတော့ဘောလုံးပွဲကြည့်ရတာ အာရုံနှောက်တယ်၊ ခုအိမ်မှာဆိုတော့ ပွဲပြီးရင် တန်းပြီးအိပ်ယာ ၀င်အိပ်လို့လည်း ရသေးတယ်” ဟု ပြောသည်။

အရင်ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အပြုံးမျက်နှာနဲ့ ဘောလုံးပွဲဝင်ကြေးကောက်နေသော video ရုံပိုင်ရှင် ကချင်လူကြီးတစ်ဦးဟာ အခုတော့ မိုင်နေရပါပြီ။ အခုချိန် ဘောလုံးလာကြည့်သူ တစ်ညလျင် လူ ၁၅ ယောက်လောက်သာရှိကြောင်း သိရသည်။

မြဝတီ နှင့် မြန်မာ့ရုပ်မြင်သံကြား တို့မှ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဇွန် ၁၁ရက်နေ့မှ ပြသရာ ဇွန် ၁၆ ရက်နေ့ည မထုတ်လွှင့်နိုင်၍ မြစ်ကြီးနားမြို့ရှိရုံများတွင် လူပြည့်ကျပ်နေသည်။ တဖန် နောက်တနေ့ညတွင်လည်း မြစ်ကြီးနားမြို့တစ်မြို့လုံး လျှပ်စစ်မီးပျက်နေသဖြင့် ရုံများတွင်လူများပြည့်နေသည်။

“မနေ့ညမီးပျက်တော့ လူများတယ်” ဟု ရုံပိုင်ရှင်က အားရဝမ်းသာ ပြောပြနေသည်။

မြစ်ကြီနားမြို့တွင် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ၌ ဘောလုံးရုံဝင်ကြေး တစ်ယောက်လျင် ကျပ်၂၀၀ ကောက်ခံပြီး၊ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ကျပ် ၄၀၀ သို့ တိုးကောက်ခဲ့သည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ကို မျှော်ကိုးကာ ဘောလုံးပွဲ video ရုံထောင်ထားသည့် ရုံပိုင်ရှင်များကတော့ ဒီနှစ်ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် အရှုံးဖြင့်ရင်ဆိုင်နေရသည်။

No comments: