Sunday, June 27, 2010

အာဏာပိုင်များ ကျောထောက် နောက်ခံ ပြုထားသည့် နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာလုပ်ငန်း ထိခိုက်မူ ရှိနေ

မောင်အေး

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ဒေသ အာဏာပိုင်များ ကျောထောက် နောက်ခံ ပြုထားသော နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာ လုပ်ငန်းကို ထိခိုက်မူ ရှိနေကြောင်း ရခိုင်တောင်သူ လယ်သမားများက ပြောသည်။

လယ်သမား တဦးက“ အခု ကျွန်တော်တို့ ရခိုင်မှာ ကြုံတွေ့နေရတဲ့ ပြဿနာက ကျွဲ၊နွားတွေ ပျောက်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နွားခိုးဂိုဏ်းတွေဟာ ဒေသအတွင်းက စစ်တပ်၊ ရဲတပ် အပါအ၀င် နစက တပ်ဖွဲ့ဝင်တွေနဲ့ နားလည်မူ ယူပြီး ကျွဲနွားတွေကို ခိုးယူပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ နေကြပါ တယ်။ ခုလို ကျွဲနွားပျောက်တာဟာ လက်ရှိ ရခိုင် လယ်သမားတွေ အဓိက ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ ဖြစ်နေပါတယ်။ ရခိုင်မှာက ကျွဲနွား တွေကို အသုံးပြုပြီး လယ်ထွန်နေရတော့ ကျွဲနွား မရှိဘူးဆိုရင် ကျွန်တော် တို့ လယ်ယာ လုပ်ငန်းတွေ ရပ်တန့်ထားရမဲ့ အနေအထားမျိုး ဖြစ်နေ ပါတယ်” ဟုပြောသည်။

နွားခိုးဂိုဏ်များ အနေဖြင့် ခိုးနွာများကို စုဆောင်းပြီး ဘင်္ဂလာဒေခ်ျ့သို့ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး တင်ပို့နေပုံကို သူက ဆက်ပြောသည်။

“ ခိုးယူထားတဲ့ နွားတွေကို ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရဲ၊ စစ်တပ် စတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တွေကို အကာအကွယ်ယူပြီး စုဆောင်း ကြပါတယ်။ အရေ အတွက် ၁၀ ကောင် ကနေ ၁၅ ကောင်ထိ ဖြစ်လာတဲ့ အခါ ခိုးလမ်းတွေက တဆင့် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာကို ပို့ပါတယ်။ ညောင်ချောင်း ကို ရောက်ရင် အဲဒီမှာ ခိုးနွားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်ပို့တဲ့ ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မေယူတောင် ဖြတ်ကာ နတ်မြစ်ဝကနေ လှေတွေနဲ့ ဘင်္ဂလာဒေခ်ျ့က ဆင်မဖြူကျွန်းကို တင်ပို့ကြပါတယ်။ ခုလို တင်ပို့တဲ့အခါ လမ်းတလျှောက်မှာ ရှိတဲ့ ရဲ၊ စစ်တပ်၊ နစကတွေကို ကောင်ရေအလိုက် ငွေတွေ ပေးရတယ်။ ရောင်းရတဲ့ ငွေတွေထဲက တ၀က်ကိုတော့ သူတို့ အကာအကွယ် ပေးထားတဲ့ ဒေသအတွင်းက စစ်တပ်နဲ့ ရဲကို နွားခိုးဂိုဏ်းတွေက ပေးရတယ်။ ခုလို နွားခိုးဂိုဏ်းတွေနဲ့ အာဏာပိုင်တွေ လုပ်စားနေကြပါတယ်။”

ထိုသို့ ခိုးနွားများကို မြို့နယ် တခုမှ မြို့နယ် တခုသို့ ဖြတ်ကျော် ပို့ဆောင်ရာတွင် စစ်တပ်က ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ စောင့်ရှောက် ပေးသည်ဟုလည်း သူက ပြောသည်။

“ တခြား မြို့နယ်က နွားတွေ ရသေ့တောင် နယ်ထဲ ရောက်လာရင် ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းက တာဝန်ယူပြီး မောင်တော နယ်မြေထိ ပို့ဆောင်ပေးတာတွေလည်း ရှိပါတယ်။ မောင်တော တောင်ပိုင်းကို ရောက်ရင် ခိုးနွားဘဲ ဖြစ်ဖြစ် တခြား ရိုးရိုးသားသား ရောင်းချဖို့ ယူလာတဲ့ နွားဖြစ်ဖြစ် တကောင်ကို ၁၀၀၀ ကျပ်ပေးနုန်းနဲ့ နစက နယ်မြေ (၇) ကို ပေးရပါတယ်။”

ဘင်္ဂလာဒေခ်ျ့တွင် မြန်မာနိုင်ငံမှ နွားများမှာ အထူး ဈေးကောင်းရနေပြီး ရခိုင်တွင် ကျပ်တသိန်းတန်သော နွားကို ဘင်္ဂလာဒေခ်ျ့တွင် ကျပ်သုံးသိန်း ထိ ရရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ဇရပ်လှရွာနှင့် လိုင်ဂွင်တွင် ခိုးနွားများကို ၀ယ်ယူသူ ကိုယ်စားလှယ်များ ရှိပြီး မောတောနယ် မောရ၀တီ ကျေးရွာတွင်လည်း ခိုးနွားများ ၀ယ်သည့် ကိုယ်စားလှယ်များ ရှိသည်။ ပုဏ္ဍားကျွန်း မြို့နယ်တွင် ငတောက်စွယ်နှင့် တောဖျားချောင်းရွာတွင် ခိုးနွား အ၀ယ်ကိုယ်စားလှယ် ရှိကြောင်း သိရသည်။

အဆိုပါ နွားအ၀ယ်ကိုယ်စားလှယ်များ အနေဖြင့် ခိုးနွားများကို စုဆောင်းပြီး ရသေ့တောင် အခြေစိုက် ခမရ ၅၃၆ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီး အကူအညီဖြင့် ဘူးသီးတောင် မြို့နယ် ညောင်ချောင်းထိ စက်လှဖြင့် စုဆောင်းတင်ပို့ကြပြီး တခေါက် တင်ပို့ခ အဖြစ် ကျပ်ငွေ ၁၀ သိန်းထိ တပ်ရေး ဗိုလ်ကြီးသို့ ပေးရကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာတိုင်းတွင် နေ့တိုင်းလိုလို နွားပျောက်မူများနှင့် ရင်ဆိုင်နေကြရပြီး ပင်လယ် ထွက်ပေါက်များ ရှိသည့် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် နွားခိုးဂိုဏ်းများသည် စက်လှေများဖြင့် သွားရောက်ကာ နွားများကို အုပ်လိုက် စက်လှေပေါ် လိုက်တင်ကာ တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ကြသည်ဟု သိရသည်။


No comments: