Tuesday, June 29, 2010

ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့် ပရိသတ်ဖြင့် လက်ဖက်ရည်ဆိုင်များ အရောင်းသွက်

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ပေါ်များရှိ လက်ဖက်ရည်ဆိုင်များ ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့် ပရိတ်သတ်များဖြင့် စီကားလျက် လက်ဖက်ရည် ပို၍ အရောင်းသွက်နေသည်ဟု သိရသည်။

“လက်ဖက်ရည် လာသောက်သူတွေအတွက် ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ရှိတဲ့ အတိုင်းပြရင်း ဆိုင်ဖွင့်ထားတော့ လက်ဖက်ရည် လာသောက်တဲ့ သူပိုများတယ်။ ဘောလုံးပွဲ အားပေးရင်းနဲ့ ဗိုက်ဆာရင်လည်း ကြိုက်တာမှာစားလို့ ရတယ်လေး၊ ဒါကြောင့် ပိုပြီးတော့လည်းရောင်းရတယ်” ဟု လွိုင်ကော်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူကြီးလူငယ် အရွယ်မရွေး စိတ်ဝင်စားနေကြပြီး လက်ဖက်ရည် ဆိုင်များတွင် မီးပျက်လျှင်လည်း အချိန်မရွေး မီးစက်ဖြင့် ပြသပေးနိုင်သောကြောင့် လက်ဖက်ရည်ဆိုင်တွင် သွားကြည့်ကြသူ များသည်ဟု သိရသည်။

“မီးကခဏခဏ ပျက်တတ်တော့ အိမ်မှာကြည့်နေတုန်း မီးပျက်ရင် ပွဲပျက်တယ်။ လက်ဖက်ရည်ဆိုင် သွားကြည့်တော့ မီးပျက်တော့လည်း မီးစက်နဲ့ပြပေးတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့” ဟု ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

လက်ဖက်ရည် ဆိုင်များတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ၀ါသနာပါ၍ ကြည့်သောသူများ ရှိသကဲ့သို့ လောင်းကစား ၀ါသနာရှင်များလည်း ပြည့်နှက်နေသည်ဟု လည်းသိရသည်။

No comments: