Thursday, June 24, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီကို မဲပေးရန် ပြောကြား

NEJ / ၂၄ ဇွန် ၂၀၁၀

ရခိုင်ပြည်နယ်သို့ ရေဘေးကယ်ဆယ်ရေး အကူအညီများပေးရန် သွားရောက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်က နိုင်ငံတော်အစိုးရထောက်ခံသော ပါတီကိုသာ မဲပေးရန် ပြောဆိုသွားခဲ့ကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

ဇွန် (၂၂) ရက် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်မြို့တော်ခန်းမ၌ပြုလုပ်သည့် ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ကြောင်း စစ်တွေ စည်ပင်သာယာမှ ရခိုင်အမျိုးသား ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “သူအဓိကပြောတဲ့အကြောင်းကတော့ သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး လုပ်နေတဲ့အကြောင်း ပြောတာပဲ။ ဒါပေမယ့် သူပြောတဲ့အထဲမှာ ရွေးကောက်ပွဲအတွက်လည်း ပါတယ်။ နိုင်ငံတော်အစိုးရ ထောက်ခံတဲ့ပါတီကို မဲပေးဖို့နဲ့ အနိုင်ရရှိရေးအတွက် ပါဝင်ကြိုးပမ်းကြဖို့ ပြောဆိုသွားတယ်။ ကျနော်တို့ကတော့ ၀န်ထမ်းတွေဆိုတော့ သူပြောတာ နားထောင်ရတာပါပဲ။ အခုလည်း ရေဘေးကြောင့် လူတွေ အတော်များများ အခက်တွေ့နေချိန်မှာ အဲလိုပြောတာတော့ မကြိုက်တာအမှန်ပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန် (၁၃) ရက် မှ (၁၆) ရက်အထိ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးကာ မြေပြိုမှုများဖြစ်ပေါ်ပြီး လူသေဆုံးမှုများ၊ နေအိမ်ပျက်စီးမှုများ၊ ရေလွှမ်းမိုးမှုများ ကြုံခဲ့ရပြီး ရေဘေးဒဏ်ခံခဲ့ရသူ များစွာရှိခဲ့သည်။

အဓိက ရေဘေးဒဏ်ခံရသော မြို့နယ်များဖြစ်သည့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်တို့တွင် လူပေါင်း (၁) သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူလူထု ဒုက္ခရောက်နေချိန်တွင် ၀န်ကြီးချုပ်ဦးသိန်းစိန်က ကယ်ဆယ်ရေးအကြောင်းပြကာ ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ပြောကြားခြင်းကို စစ်တွေမြို့ခံများက မကျေနပ်ကြကြောင်း သိရသည်။

“ပွဲလန့်တုန်း ဖျာခင်းတာပေါ့။ သူတို့ပါတီအတွက် ပြောချင်တာလည်းပါတယ်၊ အံကိုက်ပဲပေါ့။ နောက် ပြောသွားသေးတယ်။ လယ်သမားတွေကိုလည်း ထောက်ပံ့မယ်တဲ့။ ဘာပဲပြောပြော ကြံ့ဖွံ့ပါတီက စေတနာပါပါနဲ့ လုပ်ပေးမယ့်အနေအထားတော့ မဖြစ်နိုင်ဘူး” ဟု စစ်တွေမြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်မေလအတွင်း ပြုလုပ်ခဲ့သည့် တိုင်းမှူးနှင့် တပ်မှူးများ၏ ပထမ လေးလပတ်အစည်းအဝေးတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ကျောထောက်နောက်ခံပြုသွားရန် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယင်းညွှန်ကြားချက်ကို ပြည်သာယာ စစ်ဆင်ရေးညွှန်ကြားချက်ဟု အမည်ပေးထားကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်တခုမှ သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။

No comments: