Wednesday, June 23, 2010

အလုပ်သမားသမဂ္ဂကို ရဲရုံးက ဆင့်ခေါ်

စိုးမိုး / ၂၃ ဇွန် ၂၀၁၀

မြန်မာစက်မှုဇုန် အလုပ်သမားများ ပူးပေါင်းဖွဲ့စည်းထားသည့် အမျိုးသားအလုပ်သမားသမဂ္ဂကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ ဆင့်ခေါ်လိုက်သည်။

ယင်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၀/၁၆၁ အရ ညှိနှိုင်းဆွေးနွေးတိုင်ပင်ရန် အလုပ်သမားသမဂ္ဂ ဥပဒေရေးရာ အတိုင်ပင်ခံ ဦးဖိုးဖြူ အပါအ၀င် တာဝန်ရှိသူ (၇) ဦးကို ဆင့်ခေါ်ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံအဖြစ် မြန်မာနိုင်ငံက သဘောတူထားသည့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်တို့ဖြင့် အဆိုပါ အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အလုပ်သမားသမဂ္ဂ တရားဝင် မှတ်ပုံတင်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လျှောက်ထားခြင်းဖြစ်သည်။

အိုင်အယ်လ်အို ပဋိညာဉ်အရ ယခု အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရှိသော်လည်း နအဖစစ်အစိုးရ ခွင့်ပြုချက်မရမီ ဖွဲ့စည်းလိုက်သည့်အတွက် ယခုကဲ့သို့ ခေါ်ယူဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ခန့်မှန်း ပြောဆိုသည်။

“အိုင်အယ်လ်အိုကလည်း အစိုးရနဲ့ ဒီအလုပ်သမားအသင်းဖွဲ့ခွင့်ကို စကားပြောနေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း အိုင်အယ်လ်အို အဖွဲ့ဝင်နိုင်ငံ ဖြစ်နေတယ်။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို သဘောတူထားတယ်။ ဒါပေမယ့် ဖြစ်နေတာက လက်ရှိ မြန်မာဥပဒေမှာ အခုလို လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် မရှိဘူး။ အဲတော့ စောင့်ကြည့်ရဦးမှာပါ” ဟု လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

ပြီးခဲ့သည့် အိုင်အယ်လ်အို ညီလာခံတွင်လည်း စစ်အစိုးရစေလွှတ်သော မြန်မာအလုပ်သမားအဖွဲ့ ကိုယ်စားလှယ်များအား မြန်မာအလုပ်သမားထုကို ကိုယ်စားမပြုဆိုကာ အိုင်အယ်လ်အိုက ညီလာခံ တက်ရောက်ဆွေးနွေးခွင့် ပိတ်ပင်ခဲ့သည်။

“မြန်မာနိုင်ငံက အိုင်အယ်လ်အို အဖွဲ့ဝင်နိုင်ငံ ပဋိညာဉ်စာချုပ် ချုပ်ထားတယ်။ အိုင်အယ်လ်အို စည်းကမ်းအရ အလုပ်သမားသမဂ္ဂဆိုတာ ဖွဲ့စည်းခွင့်ရှိတယ်။ မြန်မာဥပဒေ အရက ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့မယ်ဆိုရင် အစိုးရဆီက ခွင့်ပြုချက် တောင်းရမယ်။ ဒီ (၂) ခုကြားမှာ ဥပဒေပဋိပက္ခ ဖြစ်လာတာပေါ့။ အိုင်အယ်လ်အိုက ဒီကိစ္စကို အပြည့်အ၀ ကူညီနိုင်မယ်လို့ မြင်ပါတယ်။ သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတာကိုး” ဟု ရှေ့နေကြီး ဦးအေးမြင့်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စပြီး ရန်ကုန်တိုင်း စက်မှုဇုန်လုပ်သားများ အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း ယခုနှစ် ဇွန်လတွင် အလုပ်သမားများ ကိုယ်စားပြု အလုပ်သမားသမဂ္ဂ အစစ်အမှန်တခု ဖြစ်ပေါ်လာရန် လူ့အခွင့်အရေး ရှေ့နေ ဦးဖိုးဖြူက ဥပဒေအကြံပေးအဖြစ် တာဝန်ယူကာ စတင်လိုက်ခြင်း ဖြစ်သည်။

No comments: