Sunday, June 27, 2010

တောင်အာဖရိကနဲ့ ဘဖားနားအသင်းတို့ ရင်ခုန်တဲ့ ပွဲ

ဒေါက်တာစိုးသိန်း

(တောင်အာဖရိကနိုင်ငံ တနင်္ဂနွေနေ့ထုတ် Sunday Times သတင်းစာမျက်နှာဖုံးပါ Buddy Naidu နှင့် Simpiwe Piliso တို့ ရေးသားသည့် Maiba: Make magic ! ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

ဒို့နိုင်ငံကို အဝါရောင်၊ အစိမ်းရောင်တွေ ခြယ်မှုန်းကြပါစို့လို့ တောင်အာဖရိက ခေါင်းဆောင်တွေက လှုံ့ဆော်လိုက်ပြီး ‘ဘဖားနားအသင်း’ ကို တခဲနက် အားပေးကြဖို့ တောင်အာဖရိကနိုင်ငံ သမ္မတဟောင်းလည်းဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မစ္စတာ နယ်ဆင်မန်ဒဲလားက ဦးဆောင်ပြီး တတိုင်းပြည်လုံးကို စည်းရုံးလှုံ့ဆော်လိုက်ပါတယ်။

အင်္ဂါနေ့ (ယနေ့) မှာ ကစားမယ့် အုပ်စုပွဲတွေရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် တောင်အာဖရိကနိုင်ငံ ‘ဘဖားနားအသင်းနဲ့ ပြင်သစ်အသင်း’ တို့ မကစားမီ မစ္စတာမန်ဒဲလားနဲ့ စီးပွားရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက မိမိတို့ နိုင်ငံအသင်းအတွက် တညီတညွတ်တည်း၊ တသွေးတည်း၊ တသားတည်း အားပေးလိုက်ကြပါပြီ။ အဲဒီပွဲမှာ ‘ဘဖားနား’ တို့က ဂိုးအသာဖြင့်နိုင်ပြီး တဖက်ကလည်း မက္ကဆီကိုနဲ့ ဥရုဂွေးတို့ပွဲမှာ တသင်းသင်းက ဂိုးအပြတ်နဲ့ နိုင်ဖို့ကိုလည်း မျှော်လင့်ဆုတောင်းကြရဦးမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက မိမိတို့နိုင်ငံကို အဝါရောင်၊ အစိမ်းရောင်တွေနဲ့ ဆေးခြယ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ကြပါတယ်။

နယ်ဆင်မန်ဒဲလား ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ အက်ခ်မက် ဒဲန်ဂါက “မစ္စတာမန်ဒဲလားနဲ့တကွ ရန်ပုံငွေ အုပ်ချုပ်ရေးအဖွဲ့၊ ဝန်ထမ်းတွေအားလုံး ခင်ဗျားတို့ (ဘဖားနားအသင်း) ကို အနိုင်ရဖို့ ဆုတောင်းပေးနေမှာပါ။ ခင်ဗျားတို့ကို မပြတ်တမ်း အားပေးနေပါတယ်” လို့ မနေ့တုန်းက ပြောကြားလိုက်ပါတယ်။

သူက ဆက်ပြီး “မစ္စတာမန်ဒယ်လားဟာ သူ့ရဲ့လုပ်ငန်းတွေအနက် လူတွေနဲ့ တွေ့ဆုံမှုတွေကို အများကြီး လျှော့ချထားပေမယ့် ‘ဘဖားနား’ အသင်းသားတွေကို သီးသန့်တွေ့ဆုံခဲ့ခြင်းဖြင့် ‘ဘဖားနား’ အသင်းအပေါ် သူ့ရဲ့ အားပေးမှုကို လက်တွေ့ပြသခဲ့ပါတယ်” လို့ ပြောပါတယ်။

ဘောလုံးဝါသနာရှင်တဦးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံ သမ္မတ ‘မစ္စတာ ဂျေးကော့ပ် ဇူးမား’ ကလည်း “ဒီ ဖီဖာ ကမ္ဘာ့ဖလားပွဲကြီး အောင်မြင်ရေးဟာ မိမိတို့နိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ဒီပြိုင်ပွဲကြီးကနေ စီးပွားရေးအရလည်း ရန်းငွေ ၉၃ ဘီလီယံ ဝင်ငွေကို ရရှိမှာ ဖြစ်ပါတယ်။ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် တနိုင်ငံလုံးရဲ့ အလွှာအသီးသီးက မိမိတို့ရဲ့ နိုင်ငံအသင်းကို တခဲနက်အားပေးကြတာဟာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ‘ဘဖားနားအသင်း’ နဲ့ ကမ္ဘာ့ဖလားပွဲကြီး တခုလုံးကို အားပေးမှုဟာ အားရကျေနပ်ဖွယ်ကောင်းပြီး ကျေးဇူးတင်ပါတယ်” လို့လည်း ပြောပါတယ်။ “ကျနော်တို့ရဲ့ ကစားသမားတွေနဲ့ ကျနော်တို့ လက်ခံကျင်းပနေတဲ့ အားကစားပွဲကြီးကို ဆက်ပြီး အားပေးကြပါစို့” လို့လည်း သူက တိုက်တွန်းပါသေးတယ်။

“ကမ္ဘာ့ဖလားပွဲကြီး အောင်မြင်မှုဟာ ကျနော်တို့နိုင်ငံရဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ တောင်အာဖရိကတိုက်ရှိ နိုင်ငံတနိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်၊ တောင်အာဖရိကတိုက်အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါဟာ ဒီ ၂ဝ၁ဝ ဖီဖာကမ္ဘာ့ဖလားပွဲကြီး အာဖရိကတိုက်မြေပေါ်မှာ ကျင်းပနိုင်လို့ပါပဲ။ ကျနော်တို့ မြေပေါ်က ပွဲကို နက်နက်နဲနဲ ခံစားကြပါစို့။ ဒီခံစားချက်ကို ကျနော်တို့ဆီကနေ ဘယ်သူကမှ ဆွဲထုတ်ယူသွားတာမျိုး မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲကြီးရဲ့ အထိမ်းအမှတ်ဖြစ်တဲ့၊ ထူးခြားတက်ကြွတဲ့ အားကစား စိတ်ဓာတ်ကို ရင်တွင်းမှာ ပီတိအဟုန်နဲ့ ခံစားကြည့်ရှုကြပါစို့” လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် “ကျနော်တို့ရဲ့ စိတ်ဓာတ်အဟုန်ကို ဆက်လက်တိုးပွားစေပြီး ဗွူ ဗွူ ဇဲလား (vuvuzela = ခရာရှည်) တွေ ဝေယံမှာ လွင့်စေပြီး ဒီအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲကြီးကို အားပေးကြပါစို့” လို့ နောက်ဆုံး ပြောကြားခဲ့ပါတယ်။

၂ဝ၁ဝ ကမ္ဘာ့ဖလားပွဲရဲ့ တောင်အာဖရိကနိုင်ငံဆိုင်ရာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဒဲန်နီ ဂျော်ဒန်ကလည်း “တောင်အာဖရိက နိုင်ငံသားတွေဟာ ဒီပြိုင်ပွဲကြီးကို ပြီးဆုံးတဲ့အထိ ဆက်ပြီး အားပေးကြမယ်ဆိုတာ အထူးယုံကြည်ပါတယ်” လို့ ပြောပါတယ်။

မစ္စတာဂျော်ဒန်က “နိုင်ငံခြားသား ဘောလုံးပွဲဝါသနာရှင်တွေဟာ ဒုတိယအသုတ်အဖြစ် အလုံးအရင်းနဲ့ နောက်တပတ်အတွင်း ဝင်ရောက်လာကြဦးမှာပါ။ အခု နိုင်ငံခြားသား ပရိသတ်ကိုက ၄ သိန်းခွဲ ရောက်နှင့်ပြီး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဒီ့နောက်မှာတော့ ဖီဖာစာရင်းဇယားကို အောက်ပါအတိုင်း ဆက်ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်အတွင်း နိုင်ငံတကာမှ ဧည့်သည်ပေါင်း ၄၅၆,ဝဝဝ ကျော် အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြပြီး တောင်အာဖရိကနိုင်ငံ ခရီးသွားလုပ်ငန်းဌာနက ဧည့်သည်တယောက်ဟာ ရန်းငွေ ၁၂,ဝဝဝ လောက် သုံးစွဲကြလိမ့်လို့ ခန့်မှန်းထားပါတယ်။

ဘောလုံးပွဲလက်မှတ် စောင်ရေ ၃ သန်းကျော်အနက် ၉၈ % လောက် ရောင်းချရပြီးပါပြီ။ အဲဒါဟာ ၂ဝဝ၆ ဂျာမဏီ ကမ္ဘာ့ဖလားပွဲထက် ရောင်းအား သာလွန်ပါတယ်။

ဒေါ်လာသန်းပေါင်း ၂၄ဝ ကျော်ဖိုး ပွဲစဉ်လက်မှတ်တွေ ရောင်းချခဲ့ပြီး ဘောလုံးကွင်းအတွင်း သုံးစွဲမှုကိုတော့ ဒေါ်လာသန်းပေါင်း ၄ဝ လောက် ခန့်မှန်းထားပါတယ်။

အဲဒီထဲကမှ ဒေါ်လာ ၇၇ သန်းကို တောင်အာဖရိကနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အတွက် နိုင်ငံတဝှန်း ဘောလုံးအဆင့်အတန်း တိုးမြှင့်ရေးမှာ သုံးစွဲဖို့ လျာထားပြီး ဖြစ်ပါတယ်။

ပထမ ပွဲစဉ် ပွဲပေါင်း ၂ဝ ကို ပရိသတ် တသန်း ကြည့်ရှုအားပေးခဲ့ပါတယ်။ အဲဒီထဲကမှ ပွဲစဉ် ၁၁ ပွဲမှာ ပရိသတ်ပေါင်း ၉၇ % လောက် ရှိပါတယ်။

အခုထိ ကျင်းပခဲ့ပြီးသမျှ ပွဲစဉ်ပေါင်းကို တကမ္ဘာလုံးကနေ လူဦးရေ သန်းပေါင်း ၅ဝဝ ကျော် တီဗီမှ ကြည့်ရှုအားပေးခဲ့ပါတယ်။

လျာထားဝင်ငွေ ရန်း ၉၃ သန်း ရမယ်လို့ ဂရန့် သောန်သွန် (Grant Thornton) အပြည်ပြည်ဆိုင်ရာ စီးပွားေးရးနဲ့ စာရင်းစစ် အကြံပေးအဖွဲ့က တွက်ချက်ခန့်မှန်းထားပါတယ်။

Western Cape ပြည်နယ်ဝန်ကြီးနဲ့ အတိုက်အခံပါတီ (DA = Democratic Alliance) ခေါင်းဆောင် မစ္စစ်ဟယ်လင်ဇီလေး ကလည်း “တတိုင်းပြည်လုံးက အမောင်တို့ နောက်မှာ ရှိနေတယ်။ ဖြစ်နိုင်သမျှ ကြိုးစားကြပါ။ ပြင်သစ်အသင်းနဲ့ ကစားပွဲ မိနစ် ၉ဝ ပေါ်မှာ အာရုံအထူးစိုက်ဖို့ လိုပါတယ်။ တနိုင်ငံလုံးက အားထားဂုဏ်ယူနေမှုကို ခံစားနိုင်မယ်ဆိုရင် အမောင်တို့ နိုင်မှာပါ။ အဂါင်္နေ့ (ယနေ့) မှာ ဘယ်လိုရလဒ်ပဲ ရလာပါစေ အမောင်တို့အနေနဲ့ တိုင်းပြည်ကို ကိုယ်စားပြုခဲ့တာရယ်၊ အမောင်တို့ကြောင့် တတိုင်းပြည်လုံး သွေးစည်းညီညွှတ်ခဲ့ကြတာကို ဂုဏ်ယူဝင့်ကြွားနိုင်ကြပါစေ” လို့လည်း အားပေးခဲ့ပါတယ်။

SA Rugby ဥက္ကဋ္ဌ အော်ရီဂန် ဟော့စ်ကင်းကလည်း “ဒီအချိန်ဟာ တတိုင်းပြည်လုံး ကျနော်တို့ အသင်းကို တခဲနက် အားပေးခြင်းဖြင့် ကျနော်တို့ဟာ အထီးကျန်နိုင်ငံတခု မဟုတ်တော့ကြောင်း တကမ္ဘာလုံးသိအောင် ပြကြရမှာပါ” လို့ ပြောပါတယ်။

ခရစ်ကက်အသင်း အုပ်ချုပ်သူဟောင်းဖြစ်သူ ဒေါက်တာ အလီဘက်ချာကလည်း “တောင်အာဖရိကနိုင်ငံအဖြစ်နဲ့ အနိုင်ရခြင်းဟာ ထင်ရှားတဲ့ မြင်ကွင်းတခု ဖြစ်ပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်အပေါ် ကျနော်မြင်တာကတော့ အမြဲတမ်း နံပါတ်တစ်ပဲ ဖြစ်နေချင်တာပါပဲ” လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အဖွဲ့တွေ၊ မီဒီယာတွေ၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ စသဖြင့် အလွှာအသီးသီးကနေ အားပေးစာတွေ ပေးပို့ကာ ‘ဘဖားနားအသင်း’ အနိုင်ရရေးအတွက် အထူးစည်းရုံးလှုပ်ရှား အားပေးမှုတွေ ပြုလုပ်နေကြောင်းပါ။

No comments: