Monday, June 28, 2010

ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်

ပေါက်ပေါက် / ၂၈ ဇွန် ၂၀၁၀

ပြီးခဲ့သည့်လအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကကဒုံးလက်အောက်ခံ ဒုံးတပ်ရင်း အသစ်များကို ဖွင့်လှစ်ခဲ့ပြီး ဒုံးလက်နက်နှင့် ဆက်စပ်ယာဉ်များအား ရန်ကုန်ရှိ အမှတ် (၁) ယမ်းသိုလှောင်ရေး တပ်ရင်းမှ သက်ဆိုင်ရာ ဒုံးတပ်ရင်း အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့တို့တွင် ဒုံးတပ်ရင်းများဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်း၌ တပ်ရင်းတခုလျှင် အနည်းဆုံး ဒုံးပစ်ခတ်ယာဉ် (၅) စီးစီ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ပျဉ်းမနားနှင့် မန္တလေးအခြေစိုက် ပင်မယန္တရား တပ်ရင်းများတွင်လည်း အလားတူ ဒုံးယာဉ်နှင့် ဆက်စပ်ယာဉ်များ ရောက်ရှိထားပြီးဖြစ်ကြောင်း ကကကြည်း ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “မြောက်ကိုးရီးယားလုပ်တွေပဲ။ လေးလပိုင်းက ရန်ကုန်ဆိပ်ကမ်းကို ရောက်လာပုံရတယ်။ မေလလောက်မှ ဒတရ (ဒုံတပ်ရင်း) တွေကို ရန်ကုန်ကနေ ဖြန့်ခွဲတာ။ (၁၂၂) မမ၊ အတွဲလိုက်ပစ် ဒုံးအမျိုးအစားတွေလို့ ဆိုတယ်။ ယာဉ်တွေပေါ်ကနေ ပစ်ရတဲ့ ရွှေ့ပြောင်းဒုံးပစ်စနစ် အမျိုးအစား။ မြေပြင်က ဝေဟင်ပစ်လား၊ မြေပြင်ပစ်လား ဆိုတာတော့ မရှင်းလင်းဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာတွင် ဒုံးတပ်ရင်းတခု ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါစခန်းတွင် တပ်အဆောက်အဦ ဆောက်လုပ်ပြီးစီးကာ စစ်သားများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတဦးက ပြောသည်။

၎င်းက “မိုးညှင်းကနေ ဘီလူးမြို့ဖြတ်ပြီး တာမခံ-ဖားကန့် တက်တဲ့လမ်းပေါ်မှာ၊ ဆည်ဇင်းကျေးရွာ မရောက်ခင်မှာ တပ်တည်နေတာ (၄ ၊ ၅) လလောက်ရှိပြီ။ အဆောက်အဦတွေ ဆောက်ပြီးလို့ စစ်သားတွေလည်း ရောက်နေကြပြီ။ အဲဒီအတွက် လယ်မြေသိမ်းတာတွေ မရှိဘူး။ အခုတော့ အဲဒီလမ်းဘက် သွားလာတာ နည်းနည်းခက်သွားတယ်။ စစ်တပ်ရှိတော့ စစ်ဆေးတာတွေ လုပ်လာတာပေါ့” ဟု ပြောသည်။

တပ်မတော် အင်အားတောင့်တင်းအောင် ခေတ်နှင့်အညီ ခေတ်မီလက်နက်များ တပ်ဆင်ရသည်ဟု နအဖ စစ်ဗိုလ်ချုပ်များက ယူဆနေပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်တွင် ယခုကဲ့သို့ လက်နက်များ တပ်ဆင်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “သူတို့အာဏာ တည်မြဲဖို့အတွက် စစ်တပ်တွေ၊ လက်နက်တွေတိုးချဲ့ပြီး လူထုတွေ၊ လူမျိုးစုအဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို ခြိမ်းခြောက်နေတဲ့သဘောပဲ။ ဒီစစ်တပ်ကလည်း လူထုထဲက မွေးဖွားလာတဲ့ မိသားစုဝင်တွေ ဖြစ်နေတဲ့ အောက်မှာ အနည်းအများဆိုသလို လူထုရဲ့ဒုက္ခကို သူတို့လည်း ခံစားရတယ်။ တတိုင်းပြည်လုံးရဲ့ ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတဲ့အောက်မှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးတွေသာ ထူးပြီး ခံစားရပေမယ့် အောက်ခြေကတော့ ပြည်သူတွေနဲ့တန်းတူ ဒုက္ခကို ခံစားရတယ်။ ဒါကြောင့် ဘယ်လို လက်နက်ပဲရှိနေပါစေ၊ ဒီစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်တွေလည်း ကျဆင်းနေတယ်” ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် တိုင်းပြည်ကုန်ထုတ်လုပ်မှု (GDP) ၏ (၁) ရာနှုန်းမျှ မသုံးစွဲဘဲနေချိန်၌ စစ်ရေးကဏ္ဍတွင် ဂျီဒီပီ၏ (၄ဝ) ရာခိုင်နှုန်းကျော် သုံးစွဲနေသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေး လွတ်လပ်သည့်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

No comments: