Monday, June 21, 2010

၆၅ နှစ်ပြည့် ဒေါ်စုမွေးနေ့ ဘင်္ဂလာဒေ့ခ်ျတွင် ကျင်းပ

မင်းဆက်ခိုင်

ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ကျင်းပခဲ့ကြသည်။

မွေးနေ့ပွဲ အခမ်းအနားကို နံနက် ၁၁ နာရီတွင် ဒက္ကားမြို့တွင်ရှိသော National Press Club ရှိ ခန်းမတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသော ဘင်္ဂလာဒေသခံ ဧည့်သည်တော်များ၊ ဘင်္ဂလာဒေ့ခ်ျရောက် ရခိုင်အတိုက် ခံအင်အားစုများ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဘင်္ဂလာပြည်သူများ စုစုပေါင်း ၈၀ ခန့်တက်ရောက်ခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သော ကြေညာချက်များကို တက်ရောက်လာသူများ အကြားတွင် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ကြေညာချက်ထဲတွင် “နအဖ စစ်အစိုးရသည် ယခုအချိန်တွင် နိုင်ငံတကာနှင့် ပြည်သူလူထုမှ မှန်ကန်သည့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ဦးတည်၍ တရားနည်းလမ်းကျစွာ တောင်းဆို နေသည်ကို လုံးဝမျက်ကွယ်ပြုကာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံရေး စင်မြင့်မှ ဖယ်ကျဉ်သည့် တင်းကျပ်သည့် ရွေးကောက်ပွဲဥပဒေများကို အစီအစဉ်ရှိရှိ ရေးဆွဲချက်မှတ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကြားတွင် သွေးကွဲစေမည့် အခြေအနေများကို ဖန်တီးခြင်းတို့သည်လည်း သိမ်မွေ့သောနည်း ဟန်ဖြင့် နိုင်ငံရေး လုပ်ကြံမှုကြီးကို လုပ်ဆောင်သည်ဟု မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ ရှုမြင်မိသည်။” ဟု ဖေါ်ပြထားသည်။

၎င်းအပြင် “နအဖ စစ်အစိုးရအား မွန်မြတ်သော နှလုံးရည်တိုက်ပွဲကို ဆက်လက် ဆင်နွဲလျှက်ရှိနေသည့် “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” မှ “မြန်မာနိုင်ငံလွတ်မြောက်ရေး” သို့ ဟူသည့် နိုင်ငံရေး ကြွေးကြော်သံကို ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးအတွက် လက်တွဲညီညီဖြင့် တိုက်ပွဲ ဝင်ကြပါရန် မိမိတို့ အဖွဲ့ချုပ်မှ ပြည်သူလူထုတရပ်လုံးအား တိုက်တွန်းအပ်ပါသည်။” ဟုလည်း ပါရှိသည်။

အခမ်းအနားတွင် ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း အပါအဝင် ဖိတ်ကြား ထားသော ဘင်္ဂလာဒေသခံ ဧည့်သည်တော်များက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အသီးသီး မိန့်ခွန်း စကား ပြောကြားခဲ့ ကြသည်။

တဆက်တည်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်စူး၍ ခိုများလွှတ်ခြင်းနှင့် ရေလှူဒါန်းခြင်းများ ကိုလည်း ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး အဖွဲ့ဝင်များက “ဒေါ်အောင်ဆန်းစုကြည် - (ချက်ချင်းလွတ်)၂ ၊ နိုင်ငံရေးအကျဉ်းသားများ - (ချက်ချင်းလွတ်)၂ ၊ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှု - (ချက်ချင်းရပ်)၂ ၊ တွေ့ဆုံး ဆွေးနွေးပွဲ - (အမြန်ခေါ်)၂” စသည့် ကြွေကြော်သံများဖြင့် တောင်းဆိုးခဲ့ကြပြီး နေ့လည် ၁နာရီ ၁၅မိနစ်ခန့်တွင် အဆုံးသတ်ခဲ့ကြသည်။


No comments: