Thursday, June 24, 2010

ပြည်သူ့လွှတ်တော်ကို ဘယ်လိုဝိုင်းမလဲ

ဦးမျိုး (ဥပဒေ) / ၂၁ ဇွန် ၂၀၁၀

နအဖစစ်အုပ်စု၏ ညောင်နှစ်ပင်အောက်တွင် အပစ်ရပ် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များ ထိုင်ခဲ့ဖူးပါသည်။ လက်နက်ကိုင်လူမျိုးစုအဖွဲ့ (၁၃) ဖွဲ့က စုပေါင်းတင်ပြချက် (၇) ချက်ကိုလည်း တရားဝင် တင်ပြခဲ့သေးသည်။

၎င်းတို့မှာ …
၁- ထပ်တူ ဥပဒေပြုစာရင်း ထားရှိရေး၊
၂- ကြွင်းကျန် ဥပဒေပြုအာဏာကို ပြည်နယ်များတွင် ထားရှိရေး၊
၃- ဥပဒေပြုကဏ္ဍမှာ တိုင်းရင်းသားလူမျိုးစုကို သီးခြားထားရှိရေး၊
၎- ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့်ရှိရေး၊
၅- ပြည်နယ်လွှတ်တော်မှာ စာပေ၊ ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့်ရှိရေး၊
၆- တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းနိုင်ရေးနှင့်
၇- ပြည်နယ်ဖွဲ့စည်းပုံ သီးခြားရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခွင့်ရှိရေးတို့ဖြစ်သည်။

ထိုအချက်တို့ကို တချက်ကလေးမျှ လိုက်လျောပေးခဲ့ခြင်းမရှိဘဲ နအဖ ညောင်နှစ်ပင်ညီလာခံမှ လုံးဝပစ်ပယ်ခဲ့သည်။ ယခုမှ လွှတ်တော်ထဲဝင်ပြီး ဥပဒေပြင်ပါ ထပ်လိမ်ညာနေသေးသည်။ တိုင်းရင်းသားပေါင်းစုံ ပြည်သူအားလုံးက လုံးဝအယုံအကြည်မရှိကြတော့။ တခါသေဖူး ပျဉ်ဖိုးနားလည်နေကြပြီ။

တရားဝင် ဥပဒေထုတ်ပိုင်ခွင့်မရှိသူ မဆလပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း၊ ကြံ့ဖွံ့ပါတီ နာယကကြီး၊ ယခု နအဖကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး၊ ပုံ/သန်းရွှေ နာမည်တပ်ကာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းဖော်ပြလာပါသည်။ ဥပဒေ အမှတ် ၃/ ၂၀၁၀ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြည်သူအများ ၀ိုင်းဟားစရာ အောက်ပါအတိုင်း တွေ့မြင်နေရပါသည်။

ဤဥပဒေ ပုဒ်မ-၂ (ဂ) တွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ဤဥပဒေအရ ပြည်သူ့လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသူကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်းကောင်း ဆိုသည်ဟု ဖော်ပြသည်။ ဆိုလိုသည်မှာ ၂၀၀၈ ဥပဒေအရ တပ်မတော်က (၂၅) ရာခိုင်နှုန်း ယူထားသော (ပြည်သူ့လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် (၁၁၀) ဦးနှင့် အမျိုးသားလွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် (၅၆) ဦး) တပ်မတော်သား စုစုပေါင်း (၁၆၆) ဦးကိုလည်းကောင်းဟု ဖော်ပြခြင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ပုံ/သန်းရွှေက စာရင်းတင်သွင်းသူ (၁၆၆) ဦးသည် မဲဆန္ဒနယ် (၁၆၆) မြို့နယ်မှ ရွေးကောက်သည့် လွှတ်တော်အမတ် (၁၆၆) ဦးနှင့် ညီမျှနေသည်ကို တိတိကျကျ တွေ့ရသည်။ ဤသို့ဆိုလျှင် သန်းရွှေတဦးတည်းနှင့် (၁၆၆) မြို့နယ်ရှိ မဲပေးရမည့် ပြည်သူပြည်သားအားလုံးနှင့် ညီမျှနေသည်။ လူတကိုယ် မဲတပြား အခွင့်အရေးတူညီသည့် မူစနစ်ပျက်သွားပေပြီ။ ဒီမိုကရေစီရွေးကောက်ပွဲ အခြေခံမူကို နိုင်ငံတိုင်း လိုက်နာရသည်။

အခြေခံမူမှာ …
၁- မဲပေးခွင့်ရှိသူအားလုံး (၁၈ နှစ်ပြည့်ပြီး၊ အမျိုးသား/အမျိုးသမီး မရွေး)၊
၂- လျှို့ဝှက်မဲပေး၊
၃- လွတ်လပ်သောမဲ၊
၎- တိုက်ရိုက်မဲပေး (ကိုယ်စားပြုပေးခွင့်မရှိ)၊
၅- အခွင့်အရေးတူညီရမည် တို့ဖြစ်သည်။
ဒီမိုကရေစီမဲပေးစနစ်အရ သတ်မှတ်ထားသည့် စံချိန်စံညွှန်းကို ဗြောင်ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း တွေ့မြင်နေရသည်။ ပြည်သူအားလုံးက ဒါ နအဖရဲ့ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဆိုတာလားဟု ၀ိုင်းဟားနေကြသည်။ ရယ်မောဖွယ်ရာပါတကား။

ဥပဒေပုဒ်မတစုံတရာ၏ ခြွင်းချက်ဆိုသည်မှာ ကင်းလွတ်ချက် လုံးဝမဟုတ်ပါ။ သို့သော် နအဖ စစ်ဥပဒေစနစ်တွင် ခြွင်းချက်သည် ဘယ်ကိစ္စမဆို သူတို့အတွက် ကင်းလွတ်ချက်များကိုချည်း ဖော်ပြထားသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နအဖ ဥပဒေ ပုဒ်မ-၁၀ တွင် …

“အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ။
ပုဒ်မ-၁၀ (ဋ) နိုင်ငံ့ဝန်ထမ်း၊
ခြွင်းချက် ။ ။ ယင်းစကားရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များတွင် ရွေးချယ်ခန့်အပ်ခြင်း ခံရသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ လွှတ်တော်များရှိ အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများနှင့်လည်းကောင်း မသက်ဆိုင်စေရ” ဟု ဖော်ပြသည်။

စစ်သားသည် စစ်ဝန်ထမ်းဖြစ်သကဲ့သို့ ရဲသားသည် ရဲဝန်ထမ်းဖြစ်ပါသည်။ အားလုံးလက်နက်ကိုင်ထားသည်။ အရပ်ဘက်ဝန်ထမ်း ရုံးဝန်ထမ်းအားလုံး ၀န်ထမ်းချင်းတူပါလျက် စစ်သားကိုမှ (၂၅) ရာခိုင်နှုန်းဖြင့် လွှတ်တော်နေရာ (၁၆၆) နေရာကို ပေးထားခြင်းသည် ၂၀၁၀ စစ်အစိုးရတရပ်ကို ထူထောင်မည်ဟု စစ်ခရာမှုတ်ပြလိုက်ခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေးကို ရာသက်ပန် ကြေညာထားရန်ဟု သဘောပေါက်ကြပါသည်။

“ပုဒ်မ-၁၀ (ဌ) - နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ” ဟု ဖော်ပြသည်။ ဤသို့ဆိုလျှင် နအဖ ဗိုလ်သန်းရွှေ နာယကအဖြစ်ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီ တပြုံလုံး ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရပါ။ ဤပုဒ်မမှ ကင်းလွတ်ခွင့်ရစေရန် ကြံ့ဖွံ့ပါတီ တပါတီတည်းကို ရည်ရွယ်ထူထောင်လို၍ ခြွင်းချက်ကို မရမက ထည့်သွင်းထားသည်။

“ခြွင်းချက် ။ ။ (၁) နိုင်ငံတော်က တရားဝင် ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်။
(၂) နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်တို့မပါဝင်” ဟု ဖော်ပြသည်။

အထက်ပါခြွင်းချက်အားလုံးမှာ ကြံ့ဖွံ့ပါတီ (၀ါ) နအဖစစ်အုပ်စုပါတီ တပါတီတည်းအတွက် သီးသန့်ကင်းလွတ်ခွင့်ရရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးအတွက် တဖက်သတ် ဘက်လိုက်ထားခြင်းသည် ယှဉ်ပြိုင်ပါဝင်မည့် နိုင်ငံရေးပါတီတိုင်းအတွက် အပစ်ပယ်ခံ အနိုင်ကျင့်ခံရသည့်အဖြစ်မျိုး ရောက်သွားပါသည်။ နိုင်ငံရေးအရ တန်းတူမှု၊ ရွေးကောက်ပွဲမူအရ တရားမျှတမှု လုံးဝဆုံးရှုံးသွားစေပါသည်။ ၁၉၄၈ ခုနှစ် ကိုလိုနီဘ၀က လွတ်မြောက်လာသည့် မြန်မာနိုင်ငံအနေဖြင့် အနိမ့်ဆုံးစံဖြစ်သည့် နိုင်ငံရေးအရလွတ်လပ်မှုကို လုံးဝဆိတ်သုဉ်းသွားစေပါသည်။ နိုင်ငံသမိုင်းအရ လာမည့်ရွေးကောက်ပွဲသည် အဆိုးဝါးဆုံးအနေအထား ဖြစ်နေသည်ကို နိုင်ငံတကာ ရှုမြင်နိုင်ပါသည်။

ဤဥပဒေ ပုဒ်မ-၁၂ တွင် “ရွေးကောက်ခံရသူတဦးသည် ပုဒ်မ-၈ နှင့် ပုဒ်မ-၁၀ ပါ ပြဋ္ဌာန်းချက်တရပ်ရပ်နှင့် ငြိစွန်းကြောင်း တိုင်ကြားချက်ကိုရရှိလျှင် ကော်မရှင်သည် ယင်းတိုင်ကြားချက်ကို ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့၍ စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်စေနိုင်သည်” ဟု ဖော်ပြသည်။ မတရားသည့် ပြည်သူလွှတ်တော်ရွေးကောက်ပွဲတွင် ပါဝင်ပြီး ရွေးကောက်ခံရသည့်တိုင်အောင် ကော်မရှင် ခုံအဖွဲ့၏ အဆုံးအဖြတ်ဖြင့် မလိုလျှင်မလိုသလို ထုတ်ပစ်နိုင်ရန် ပြဋ္ဌာန်းထားသေးသည်။ ကော်မရှင်ခုံအဖွဲ့၏ အာဏာကို တရားလွှတ်တော်ချုပ်၏ အပေါ်တွင်ထားသည့်အတွက် တရားစီရင်ရေးက ပါဝင်နိုင်ခွင့်မရှိပါ။ အဘယ်မှာ တရားမျှတမှုကို ရှာတွေ့နိုင်ပါမည်နည်း။

ဤဥပဒေ ပုဒ်မ-၃၃ တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မိမိ အမည်စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်းကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူသိရှိနိုင်ရန် ကြေညာရမည်” ဟု ဖော်ပြထားသည်။ ဦးစီးချုပ်က ကော်မရှင်သို့ အကြောင်းကြားသည့်အတိုင်း ကြေညာရမည်ဖြစ်၍ ကော်မရှင်သည် ရုပ်သေးစာရေးကြီးဘ၀ အဆင့်သာသာရှိကြောင်း ပွဲထုတ်ထားသည်။ ကာကွယ်ရေးဦးစီးချုပ်၏ ခိုင်းသည့်ကျွန် ထွန်သည့်နွားအဖြစ် အမှုတော်ထမ်းရသည်။ ကော်မရှင် ဘယ်သူ့ဘက် ဘက်လိုက်မလဲ။ ဤသည်လည်း အမင်္ဂလာတပါးပါ။

ပုဒ်မ-၃၃ အရ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းက ကြိုက်သလို ခန့်တာဖြုတ်တာ၊ အစားထိုးလဲလှယ်တာ အားလုံးသည် ရွေးကောက်ပွဲမဟုတ်ပါ။ စစ်ရာထူးခန့်ထားခြင်းသက်သက်သာဖြစ်ပါသည်။ ရွေးကောက်ပွဲဝင်လိုလျှင် ရွေးကောက်ပွဲဆိုင်ရာမူများကို လိုက်နာရပါမည်။ စစ်တပ်မှ ကိုယ်စားလှယ်စစ်စစ်ကို လိုချင်လျှင် စစ်တပ်အတွင်း မဲပုံးထောင်ပါ။ ပါလီမန်က ပြဋ္ဌာန်းထားသည့် ၁၉၄၈ ခုနှစ် ရွေးကောက်ပွဲဥပဒေ (အက်ဥပဒေ အမှတ်-၆၅) ရှိနှင့်ပြီးဖြစ်သည်။ အတိုက်အခံမဲပုံးနှင့် ဗိုလ်သန်းရွှေမဲပုံး။ တရားလိုနှင့် တရားခံ။ အဖြူအမဲ သဲကွဲသွားပါလိမ့်မည်။ အတိုက်အခံမဲပုံးဟု ပြောလိုက်ရုံနှင့် တပ်မတော်တွင်းရှိ ပြည်ချစ်သားများ သဘောပေါက်ပါသည်။ အာဏာရှင် ဗိုလ်သန်းရွှေအုပ်စုကို မုန်းသလောက် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြပါသည်။

ပုဒ်မ-၃၄ (ဂ) တွင် “ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ကြိုတင်၍ သတ်မှတ်ကြေညာရမည်” ဟု ဖော်ပြထားသည်။ ရွေးကောက်ပွဲ မကျင်းပမီ ဘယ်လောက်စော၍ ကြိုတင်ကြေညာရမည်ဟု ဖော်ပြမထားခြင်းမှာ အဘယ်ကြောင့်နည်း။ တိုင်းရင်းသားခေါင်းဆောင်များက ၂၀၀၈ ခုနှစ် တပြည်ထောင်ဖွဲ့စည်းပုံကို ပြင်ပေးရန် တောင်းဆိုနေသည်။ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကလည်း ထိုအတိုင်းဖြစ်သည်။ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း နယ်ခြားစောင့်ရဲ အသွင်ကူးပြောင်းရေးကို ငြင်းပယ်နေသည်။ တိုင်းပြည်တွင်း ဗုံးအဆက်မပြတ် ပေါက်ကွဲနေသည်။ မီးလောင်ပြာကျအဖြစ်များနှင့် ရင်ဆိုင်နေရသည့် နအဖစစ်အုပ်စု၏ အနေအထားအောက်တွင် စစ်တပ်ပါတီ ကြံ့ဖွံ့တပါတီတည်းဖြင့် လှော်မရ၍ လှေမှောက်မည့်ကိန်း ကြုံကြိုက်နေကြောင်း တွေ့ရှိရသည်။

ပုဒ်မ-၃၅ တွင် “အခန်း (၈) ပါ လွတ်တော်ကိုယ်စားလှယ်များမှအပ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည်” ဟု ဖော်ပြထားသည်။ အခန်း (၈) ပါ လွှတ်တော်ကိုယ်စားလှယ်များမှာ တပ်မတော်သားများဖြစ်ပါသည်။ ၎င်းတို့အား ပြည်သူ့ဆန္ဒဖြင့် မဲပေးခွင့်မရှိဟု ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ တဆက်တည်း မဲပေးခွင့်မူ လျှို့ဝှက်၊ တိုက်ရိုက်မဲပေးစနစ်ကိုလည်း ငြင်းပယ်ခြင်းဖြစ်နေသည်။ ကာကွယ်ရေးဦးစီးချုပ် လက်ညှိုးညွှန်ရာ စစ်တပ်အမတ်ဖြစ်ရမည်ဟု နိုင်ငံတကာစံချိန်စံညွှန်းကို ဖောက်ဖျက်ပြီး လူထုဆန္ဒကို ဆန့်ကျင်လိုက်ခြင်းအတွက် ပြစ်မှုကြီးတခုဖြစ်သွားပါသည်။ စစ်ရာဇ၀တ်ကောင်များ လုပ်လေ့ရှိသည့် အကျင့်စရိုက်ဆိုးကို ဖော်ပြနေသည့်အတွက် နိုင်ငံတကာရာဇ၀တ်တရားရုံး၊ နျူရင်ဘတ်ခုံရုံး ပို့ရန်သာရှိတော့မည်။

ပုဒ်မ-၄၁ (က) တွင် “မဲဆန္ဒနယ်တနယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာရမည်” ဟု ဖော်ပြထားသည်။ မဆလ တပါတီအာဏာရှင်စနစ်ထက် အဆတရာသာကြောင်း ဤပုဒ်မက သက်သေခံဖြစ်သည်။ ရွေးကောက်ပွဲမ၀င်ဘဲ (၂၅) ရာခိုင်နှုန်း ယူထားသည့်အပြင် နောက်ထပ်ရွေးကောက်ပွဲ ၀င်စရာမလိုဘဲ စစ်တပ်အားကိုးဖြင့် ဗိုလ်ကျဦးမည်ဟု စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲရှုံးမည့်သူ (၀ါ) စစ်အုပ်စုဝင်အတွက် ခွင် (အကွက်ထွင်) ဖန်တီးထားကြောင်း တွေ့ရသည်။ တဦးတည်းရှိလျှင်လည်း (၅၀) ရာခိုင်နှုန်း ရမရ မဲအရွေးခံရပါမည်။ မရလျှင် ပယ်ရပါမည်။ မည်သည့် ရွေးကောက်ပွဲစနစ်တွင်သော်မှ ဤသို့မရမ်းကားခဲ့ပါ။ ယခုတော့ ကော်မရှင်လက်ကိုင်တုတ် ဖန်တီးထားပြီး ဒုတ်ပြခဲပြ ခြိမ်းခြောက်နေသည်။ တချိန်က ငန်းဇွန်မြို့နယ် ရွေးကောက်ပွဲတုန်းကလို ဘယ်နှစ်လောင်းပြိုင်တွေ ပေါ်ဦးမလဲ မပြောနိုင်ပါ။ လူထုက သမိုင်းကို လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ပါ။

ပုဒ်မ-၄၈ (ခ) တွင် “သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ချင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော မဲရုံအဖွဲ့ဝင်က ဖြစ်စေ၊ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်။ ဆန္ဒမဲများရေတွက်ရာတွင် ခိုင်လုံသော ဆန္ဒမဲနှင့် မခိုင်လုံသော ဆန္ဒမဲများကို နည်းဥပဒေများနှင့်အညီ ခွဲခြား၍ ရေတွက်ရမည်။ မဲရုံမှူးသည် ရေတွက်ရရှိသော ဆန္ဒမဲအရေအတွက်ကို သတ်မှတ်သည့်အတိုင်း ဆန္ဒမဲစာရင်းဇယားများပြုစုပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မိတ္တူတစောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်” ဟု ဖော်ပြထားသည်။

ပြည်သူတို့၏ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်။ ဤအတိုင်း လုပ်မလုပ်မှာ အခရာကျပါသည်။ ပြည်သူ့ဆန္ဒမဲ (၈၂) ရခိုင်နှုန်းဖြင့် မဲအပြတ်အသတ်နိုင်ခဲ့သည့်ဖြစ်ရပ်ကိုပင် ပစ်ပယ်ပြီး နအဖစစ်အုပ်စုက အာဏာသိမ်းပိုက်ထားသည်ကို ကြီးမားစွာ သတိထားရပါမည်။ ပြည်သူ့ဆန္ဒ စစ်စစ်မှန်မှန်ကို ဖော်ထုတ်ကြမှ လမ်းပေါ်ထွက်မှ ဖြစ်ပါမည်။ ကြိုတင်ပြင်ဆင်မှု မနှောင့်နှေးသင့်ပါ။ နအဖစစ်အုပ်စုက နည်းဥပဒေထုတ်ဖို့ ဉာဏ်နီဉာဏ်နက် အကွက်ဆင်နေသည်ကို သတိမပေါ့သင့်ပါ။

ပုဒ်မ-၄၈ (ဃ) တွင် “ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များ” ဟု ဖော်ပြထားသည်။ တိုက်ရိုက်မဲပေးရမည့်မူကို ဖောက်ဖျက်ကျူးလွန်ပြီး တရွာလုံးကိုယ်စား စွမ်းအားရှင်နှင့် ကြံ့ဖွံ့တယောက်နှစ်ယောက်တည်း မဲပေးပြီး ဆန္ဒမဲကို ကိုယ်ကြိုက်သလို ရေတွက်သွားသည့် ၂၀၀၈ ဖွဲ့စည်းပုံလိုအဖြစ်မျိုး မရောက်ရန် ကြိုတင်ဖော်ထုတ်ပြရပါမည်။ ယခုအချိန်ကစပြီး ကြံ့ဖွံ့က ကြိုတင်မဲကောက်နေသည်ကို သတင်းစာနယ်ဇင်းများက လက်မနှေးသင့်ပါ။ ၀န်ထမ်းများနှင့် ပုလင်းတူဘူးဆို့ ကျေးဇူးခံကျေးဇူးစားများအပေါ် ခြယ်လှယ်ခြိမ်းခြောက် ကလိန်ကျနေသည်ကို မြင်တွေ့နေရသည်။ ဓာတ်ပုံများဖြင့် ပုံကြီးချဲ့ဖော်ပြရန် အချိန်ရောက်လာပါပြီ။

ပုဒ်မ-၅၃ တွင် “ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။” ဟု ဖော်ပြချက်မှာ တရားစီရင်ရေးစနစ်တခုလုံး မြောင်းထဲရောက်သွားကြောင်း သက်သေခံတင်ပြသလို ဖြစ်နေသည်။ လွတ်လပ်ပါသည်ဆိုသော နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး အခြေခံလွတ်လပ်မှုတစုံလုံး ပျောက်ဆုံးသွားပေသည်။ မြန်မာ နိုင်ငံရှိ တရားသူကြီး ချုပ်များ အားလုံး နုတ်ထွက်ပေး သင့်ပါသည်။

ပုဒ်မ-၆၅ (က) တွင် “ဤအခန်းပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်” ဟု ဖော်ပြထားသည်။ ရဲအရေးပိုင်သော ပြစ်မှုသည် ပြစ်မှုဆိုင်ရာတရားရုံးနှင့်သာ သက်ဆိုင်ပါသည်။ ရွေးကောက်ပွဲကော်မရှင်က ဖွဲ့ပေးမည့် ခုံအဖွဲ့နှင့် လားလားမျှ မသက်ဆိုင်ပါ။ ပြစ်မှုကျင့်ထုံးဥပဒေအတိုင်း ဆောင်ရွက်ရပါမည်။ တရားစီရင်ရေးလမ်းကြောင်းမှ သီးခြားခွဲ၍ စစ်ဆေးစီရင်ပိုင်ခွင့် လုံးဝမရှိပါ။ တရားဥပဒေများ၊ တရားရုံးများ၏ အထက်တွင် ဗိုလ်ချုပ်မှူးကြီး မရှိသင့်ပါ။ လုံးဝ ဖယ်ရှားပစ်သင့်ပါသည်။

နောက်ဆုံးဖော်ပြချက် ပုဒ်မ-၉၁ (က) တွင် “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၄/၈၉) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ခ) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေ မရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု မှတ်ယူရမည်” ဟု ဖော်ပြထားသည်။ ဤနေရာတွင် န၀တစစ်အုပ်စုနှင့် နအဖစစ်အုပ်စု ဘာများကွာခြားပါသလဲ။ ဒီလူဒီလူတွေပဲမဟုတ်ပါလား။ ဒီအတိုင်းလုပ်၍ ရကောင်းသည်ကားမဟုတ်။ ကိုယ်မဟုတ်တရုတ်လုပ်ခဲ့သမျှကို ဤလိုပြည်ဖုံးကားချ၊ သမိုင်းကို ဖျောက်လို့ရစတမ်းလား။ သမိုင်းရိုင်းရာ ကျပါလိမ့်မည်။ ဗြောင်လိမ်ဗြောင်စား ဖဲဝိုင်းမဟုတ်။ ပါတီစုံစနစ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နာမည်ကိုပင် ဖြုတ်ပစ်ခဲ့ချေပြီ။ သို့ဖြစ်ပါ၍ သူ့အရိုးနှင့် သူ့ထိုးရပါမည်။

ဥပဒေပုဒ်မ-၇၁ (ဂ) တွင် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်း ပေါ်လွင် ထင်ရှားခြင်း။ တွေ့ရှိလျှင် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်နိုင်သည်” ဟု ဖော်ပြထားသည်။ ပြည်သူ့ခုံရုံးတွင် ပြည်သူ့အဆုံးအဖြတ်ကို ခံယူရပါမည်။ လူထုဟာ သမိုင်းဖန်တီးသူဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်ကို ဘယ်လိုဝိုင်းမလဲ။ လွတ်လည်းမလွတ်လပ် လုံးဝလည်း တရားမျှတမှုကို ဖော်ဆောင်နိုင်သော ဥပဒေများမဟုတ်သဖြင့် ဖျက်သိမ်းသင့်ပါသည်။ ယခုအချိန်ကစတင်၍ပင် ပြည်သူ့လွှတ်တော်ကို ၀ိုင်းပုံဝိုင်းနည်းအား စုပေါင်းရှာဖွေလုပ်ဆောင်ကြပါကုန် …။ ။

No comments: