မင်းဟန်
(၂၂၂)
“ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြိုးပမ်းမှုတွင် အမျိုးသမီးများက ရှေ့တန်းထွက်၍ တက်ကြွစွာ လှုပ်ရှားနေသည်ကို များစွာမှ ဂုဏ်ယူမိပါသည်။ မိမိတို့ကိုလည်းကောင်း၊ မိမိတို့၏ မိသားစုများကိုလည်းကောင်း ခြိမ်းခြောက်၍တမျိုး၊ မက်လုံးပေး၍တဖုံ၊ နည်းပေါင်းစုံနှင့် အာဏာပိုင်များက ဖိအားပေးနေသော်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသော ဒီမိုကရေစီလမ်းစဉ်မှ မတိမ်းမစောင်း၊ တည့်မတ်ရဲရင့်စွာဖြင့် အမျိုးသမီးများ လျှောက်လှမ်းနေကြသည်မှာ နှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။
၁ဝ နှစ်ကျော်ကာလကို ဖြတ်သန်းလာရာ၌ နိုင်ငံရေး၊ လူမှုရေးအရ တိုးတက်ရင့်ကျက်မှု ရရှိခဲ့သော အမျိုးသမီးများသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ခေါ်ယူရေးသည် ဒီမိုကရေစီလမ်းစ ဖော်ထုတ်ရေးပင်ဖြစ်ကြောင်း ကောင်းစွာနားလည်ကြပါသည်။ အမျိုးသမီးများ၏ ဆောင်ရွက်ချက်များသည် ကျမတို့နိုင်ငံတွင်သာမက ကမ္ဘာတဝှန်းတွင် ကောင်းသော ပြောင်းလဲချက်များ ဖြစ်ပေါ်လာစေမည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ နိုင်ငံရေး ခံယူချက်အတွက် အကျဉ်းကျခံနေရသော အမျိုးသမီးများ၊ နိုင်ငံရေးအကျဉ်းသမား မိသားစုဝင် အမျိုးသမီးများနှင့် ပေးရာတာဝန်ကို နေရာမမက်၊ အကျိုးအမြတ်မရှာ စိတ်အားထက်သန်စွာ ထမ်းဆောင်နေကြသော အမျိုးသမီးများကို ကျေးဇူးတင်စွာနှင့် ဂုဏ်ပြုလိုက်ပါသည်”
၁၉၉၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့သို့ ပေးပို့မည့် သဝဏ်လွှာအား ဒေါ်အောင်ဆန်းစုကြည်က အဆုံးသတ်လိုက်၏။
၁၉၉၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အဖွဲ့ချုပ်မှ ‘မြန်မာနိုင်ငံအမျိုးသမီးများနေ့’ အခမ်းအနားအား ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ အခမ်းအနားသို့ ပေးပို့ရန်အတွက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေနှင့် သဝဏ်လွှာတစောင် ရေးသားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင်လည်း အဖွဲ့ချုပ်ဗဟို၌ ‘နိုင်ငံတကာအမျိုးသမီးများနေ့’ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနေ့က အခမ်းအနားတွင် သူမပြောခဲ့သည့် စကားများအား ဒေါ်အောင်ဆန်းစုကြည် ပြန်၍ အမှတ်ရမိ၏။
“ကျမတို့နိုင်ငံမှာ အမျိုးသမီးများနေ့ နည်းနည်းများနေတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာ အမျိုးသမီးများနေ့ကတော့ ဒီနေ့ မတ်လ ၈ ရက်နေ့ဆိုပြီး သတ်မှတ်ထားတယ်။ ဒါ နိုင်ငံတကာ အမျိုးသမီးများနေ့၊ နောက်ပြီးတော့ ပြင်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေက ကျမမွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဆိုပြီး သတ်မှတ်ပြန်တယ်။ အဲဒီလို သတ်မှတ်လိုက်တော့ အာဏာပိုင်တွေဘက်ကလည်း မြန်မာအမျိုးသမီးများနေ့ဆိုပြီး နောက်ထပ် ရက်တရက်ကို သတ်မှတ်ကြပြန်တယ်။ ဒီတော့ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးများနေ့က ၃ ရက်တောင် ဖြစ်နေတယ်။ ဒီလို ၃ ရက် ဖြစ်နေလို့ ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး အခွင့်အရေးတွေဟာ တခြားနိုင်ငံက အမျိုးသမီးအခွင့်အရေးတွေထက် ၃ ဆပိုသလားလို့ မေးစရာဖြစ်နေတယ်။ တချို့ကပြောကြတာပဲ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ တန်းတူညီတူအခွင့်အရေးရတယ်၊ စသဖြင့်ပြောနေတယ်၊ ဒါ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း သိပါတယ်၊ အမျိုးသမီးတွေလည်း သိပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ ကျမဘယ်လိုမြင်သလဲ။ ကျမတို့မြန်မာနိုင်ငံမှာ အခု အဓိကကျနေတာက အခြေခံလူ့အခွင့်အရေးပဲ။ အမျိုးသမီးအခွင့်အရေး၊ အမျိုးသားအခွင့်အရေး ဆိုပြီးတော့ ဒီဟာကိုခွဲပြီးတော့ တွေးနိုင်တဲ့အခြေအနေ မရောက်သေးပါဘူး။ အခြေခံ လူ့အခွင့်အရေးတွေ အားလုံးရပြီဆိုရင်တော့ ကျမတို့ ဒါတွေ စဉ်းစားရတော့မှာပါ။ ဒါကြောင့် ဒီနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကျမ အမျိုးသမီးများကို ဘာမှမပြောလိုပါဘူး၊ အမျိုးသားများကိုတော့ ပြောလိုတယ်။ ဒီနေ့ဟာ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသားတွေဟာ အမျိုးသမီးတွေကို ဘယ်လိုပိုပြီးတော့ ညှာတာရမလဲ၊ ကူညီရမလဲ၊ အမျိုးသမီးတွေ တိုးတက်ရေး၊ အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိရေးအတွက် ဘယ်လိုပိုပြီး လုပ်ပေးနိုင်မလဲဆိုတာ ဒီနေ့မှာ အမျိုးသားတွေက စဉ်းစားပေးပါလို့ ကျမ ဆိုချင်တယ်”
အတွေးက ဖျတ်ကနဲ ခင်ပွန်းသည်ဆီသို့ ရောက်၏၊ မိုက်ကယ်အဲရစ် ကွယ်လွန်ခဲ့သည်ပင် ရက်ပေါင်း ၈ဝ ကျော်ပေပြီ၊ မုန်သုန်မိုးက အားကောင်း၍နေ၏၊ လေပါသောမိုးကြောင့် ခြံအတွင်းရှိ သစ်ပင်များက ယိမ်းနွဲ့၍နေကြသည်။
(၂၂၃)
၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်၊ အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးအား အနောက်ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပကြ၏။ ဦးအောင်ရွှေ၊ ဦးအေးသာအောင်၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေ၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြသည်။ CRPP အဖွဲ့ဝင် ၁ဝ ဦးလုံး စုံညီစွာ တက်ရောက်ကြသည့် အစည်းအဝေး၊ CRPP အား ဖွဲ့စည်းခဲ့သည်မှာ ၁ဝ လ ရှိလေပြီ၊ လာမည့် စက်တင်ဘာ ၁၆ ရက်နေ့တွင်မူ တနှစ်တင်းတင်း ပြည့်မည်။ CRPP ၏ နှစ်ပတ်လည် အစီရင်ခံစာများအား ဆွေးနွေးကြသည့် အစည်းအဝေးဖြစ်သည်။
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည့် CRPP အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လွှတ်တော်၏ လုပ်ငန်းတာဝန်များအား ဆောင်ရွက်နိုင်ရန် လွှတ်တော်ရေးရာ ကော်မတီများအား ဖွဲ့စည်း၍ တာဝန်များ ပေးအပ်ခဲ့၏။
‘တိုင်းရင်းသားရေးရာ ကော်မတီ’ တွင် ဦးအေးသာအောင်မှ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ‘ပညာရေးရာကော်မတီ’ တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူ၏။ ‘ဥပဒေရေးရာ ကော်မတီ’ နှင့် ‘ ကာကွယ်ရေးရာ ကော်မတီ’ များတွင် ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၏။
‘ဘဏ္ဍာ၊ စီးပွား၊ ကုန်သွယ်ရေးကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးညွန့်ဝေ၊ ‘ကျန်းမာရေး၊ လူမှုရေး ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးလွင်၊ ‘နိုင်ငံတကာ ဆက်ဆံရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ‘တောင်သူလယ်သမားရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ‘အလုပ်သမားရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးသန်းထွန်း၊ ‘လွှတ်တော်ရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌအဖြစ် ဦးလှဖေတို့မှ တာဝန်အသီးသီး ယူခဲ့ကြ၏။
‘လွှတ်တော်ရေးရာကော်မတီ’ အသီးသီးက အစည်းဝေးတွင် အစီရင်ခံစာ စာတမ်းများအား တင်သွင်းကြ၏၊ ဆွေးနွေးကြ၏။ ဒေါ်အောင်ဆန်းစုကြည်က သူမ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ‘ပညာရေးရာ ကော်မတီ၏ အစီရင်ခံစာအား အစည်းအဝေးတွင် တင်သွင်း၏။ ပညာရေးကော်မတီ၏ အစီရင်ခံစာ၊ စာတမ်းအား ‘မြန်မာ့ကလေးများနှင့် ပညာရေး’ ဟူ၍ ခေါင်းစဉ်ပေးထားသည်။
‘မြန်မာ့ကလေးများနှင့် ပညာရေး’ စာတမ်းတွင် နိဒါန်းပိုင်း၊ အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ နှင့် နိဂုံးပိုင်းဟူ၍ အပိုင်း ၅ ပိုင်းခွဲ၍ ရေးသားထားသည်။ စာတမ်း၏ နိဒါန်းတွင် ‘ဂျမ်တီယံ’ (Jomtien) ညီလာခံ၏ ဦးတည်ချက်များမှာ …
(က) ဆင်းရဲနွမ်းပါးသော မိသားစု၊ အခြေအနေ နိမ့်ကျသူများ၊ မသန်မစွမ်းသူ ကလေးသူငယ်များ အပါအဝင် နုနယ်ငယ်ရွယ်စဉ် ကလေးများအား ပိုမိုကျယ်ပြန့်သော စောင့်ရှောက်မှုပေးရန်။
(ခ) သက္ကရာဇ် ၂ဝဝဝ တွင် တကမ္ဘာလုံးရှိ ကျောင်းသားအရွယ်လူငယ်များ အနည်းဆုံး အခြေခံမူလတန်းပညာ တတ်မြောက်ပြီးစီးရန်။
(ဂ) သက္ကရာဇ် ၂ဝဝဝ တွင် စာမတတ်သူဦးရေကို ၁၉၉ဝ ခုနှစ်ရှိ သက်ကြီးစာမတတ်သူ ဦးရေ၏ ထက်ဝက်သို့ လျှော့ချရန်။
(ဃ) အမျိုးသမီး စာမတတ်သူနှုန်း လျှော့ချရန် ပညာသင်ကြားရေး၌ ကျား၊ မ မခွဲခြားရန်။” တို့အား ကောက်နှုတ်၍ဖော်ပြထားသည်။ ပြီးလျှင် …
“Basic Education in Myanmar, September, 1999. Report on working children and women in Myanmar’s Urban informal sector. Dept of labour & UNICEF report on working children. တို့၏ ဖော်ပြပါအချက်များအပေါ် အခြေခံ၍ …
“၂၇ ရာခိုင်နှုန်းသော မြန်မာကလေးငယ်များသည်သာ မူလတန်းပညာပြီးဆုံးကြပြီး၊ ၃၄ ရာခိုင်နှုန်းက မူလတန်းပညာ မပြီးဆုံးဘဲ ကျောင်းမှထွက်သွားခဲ့ကြ၍ ၃၉ ရာခိုင်နှုန်းမှာ မူလတန်းပညာကိုပင် မသင်ကြားနိုင်သည့် သူများဖြစ်ကြသည်’ ဟု ကိုးကားဖော်ပြသည်။
ဤတွင်လည်း “မူလတန်းကျောင်းသား ၁ဝဝ လျှင် အလယ်တန်းသို့ ဆက်လက်ပညာသင်သူမှာ ၄.၉၅ ယောက် (သို့မဟုတ်) ၂၅ ယောက် ဖြစ်ပြီး အလယ်တန်းသို့ အကြောင်းကြောင်းကြောင့် ဆက်လက် ပညာမသင်ကြားသူ (သို့မဟုတ်) ကျောင်းထွက်လိုက်ရသူမှာ ၇၅.၄၁ ယောက် (သို့မဟုတ်) ၇၅ ယောက်ဖြစ်သည်ဟု အကြမ်းအားဖြင့် မှတ်သားနိုင်သည်”
ကျောင်းထွက်ရသည့် အဓိကအကြောင်းအရင်းနှင့်ပတ်သက်၍ စာတမ်း၌ ဖော်ပြထားသည်မှာ ပညာသင်ကြားစရိတ် မတတ်နိုင်၍ ဖြစ်ကြောင်း ဖော်ပြထား၏။
“ကျောင်းစရိတ်မတတ်နိုင်၍ ကျောင်းမတတ်နိုင်ရခြင်းမှာ ကျောင်းသုံးပုံနှိပ် TEXTBOOK ၊ ဗလာစာအုပ်- EXERCISE BOOK ၊ စာရေးကိရိယာများ၊ ဈေးကြီးသောကြောင့်လည်းကောင်း၊ ဆရာမိဘအသင်းရန်ပုံငွေ၊ ကျောင်းဆောင်နှင့် ကျောင်းပရိဘောဂများ ကောင်းမွန်တိုးတက်ရေးအတွက် ရန်ပုံငွေထည့်ဝင်ရခြင်းတို့ အတွက်ကြောင့်လည်းကောင်း ဖြစ်သည်” ဟု ထောက်ပြသည်။
ပြီးလျှင် “လူတိုင်းအတွက် မူလတန်းပညာကို အခမဲ့သင်ကြားနိုင်ရန် ပြဋ္ဌာန်းထားသော်လည်း ကျောင်းသားအသစ် ကျောင်းဝင်လျှင် သို့မဟုတ် ကျောင်းတကျောင်းမှ တကျောင်းသို့ပြောင်းလျှင် ကျောင်းထွက်ကြေးပေးရပြီး၊ ကျောင်းဝင်ကြေးလည်း ပေးရ၏။ ကျောင်းဝင်ကြေးမှာ မြို့ကြီးများ၏ နာမည်ကြီးကျောင်းများတွင် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပေးဆောင်ရပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်ကျောင်းများနှင့် ကျေးလက်ဒေသရှိ ကျောင်းများတွင် တကျောင်းနှင့်တကျောင်း ကျောင်းဝင်ကြေး အနည်းအများအလိုက် ကွာခြားကြသည်။ ကျောင်းဝင်လျှင် မိမိကလေးထိုင်ဖို့ စားပွဲ၊ ကုလားထိုင်များကိုလည်း ဝယ်ယူလှူဒါန်းကြရသည်။ ကျောင်းသုံးပစ္စည်း၊ မီးချောင်း၊ ကျောင်းပြင်ဆင်စရိတ် စသည်တို့ကိုလည်း ပါဝင်လှူဒါန်းကြရသည်”
ထိုသို့ ကျောင်းသားမိဘများဘက်မှ ပညာရေးစာရိတ်များ မြင့်မားနေရသည်နှင့် ပတ်သက်၍ စာတမ်း၌ အစိုးရ၏ နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေမှုအချိုး မညီမျှမှုကြောင့် ဖြစ်ပေါ်နေရကြောင်း ထောက်ပြထား၏။
“၁၉၉၉ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးဆိုင်ရာ ဥပဒေကို ၁၉၉၉ ခု၊ မတ်လ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။ ထိုဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးများကို ဝန်ကြီးဌာနအလိုက် လေ့လာသုံးသပ်နိုင်သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအားလုံး၏ သာမန်သုံးငွေ၏ ၄ဝ % ကို သုံးထားကြောင်း တွေ့ရပြီး၊ ဝန်ကြီးဌာနများ ဦးစီးဌာနများအားလုံးပေါင်း ငွေလုံးငွေရင်းသုံးငွေ၏ ၄၁.၁ %ကို သုံးကြောင်း တွေ့ရသည်။ ပညာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ အားလုံးပေါင်း သာမန်သုံးငွေ၏ ၇.၇ % ကိုသာ သုံးကြောင်း တွေ့ရှိရသည်”
“တိုင်းပြည်တပြည် တိုးတက်ဖွံ့ဖြိုးစေရန်လည်း ပညာရှင်များရှိဖို့လိုသည်။ ပညာမြင့်မှ လူမျိုးတင့်မည်ဟူ၍ ဟစ်ကြွေးနေရုံမျှဖြင့် မပြီးသေး။ ယခုခေတ်ပညာရေးစနစ်မှာ ရွှေအိုးရှိမှ ပညာရဟူသော ပညာရေးစနစ်ဖြစ်သည်၊ ပညာတန်ဖိုးကား ကြီးမားလှပေသည်။ စီးပွားရေး ကျပ်တည်းနေမှု၊ ကုန်ဈေးနှုန်း ကြီးမားနေမှုများသည် ကျောင်းသားအရွယ် ကလေးသူငယ်တို့ ကျောင်းနှင့် ဝေးခဲ့ရသော အကြောင်းအရင်းများဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။
နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲ ပညာရေးကဏ္ဍ၌ ဘဏ္ဍာငွေများ သုံးစွဲနိုင်ကြဦးမည်မဟုတ်။ နိုင်ငံရေးတည်ငြိမ်မှု ရရှိစေရန် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရှိစေရန်မှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီသည် မရှိမဖြစ် လိုအပ်ကြောင်းနှင့် အမြန်ဆုံးရရှိရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်”
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပညာရေးကော်မတီ၏ ‘မြန်မာကလေးများနှင့် ပညာရေး’ စာတမ်းအား နိဂုံးချုပ်၏။ လွှတ်တော်ရေးရာ ကော်မတီအားလုံးမှ တင်သွင်းကြသည့် စာတမ်းများအား ဆွေးနွေးအကြံပြုကြပြီး၊ အပြီးသတ်စာတမ်းများကိုမူ CRPP တနှစ်မြောက် နှစ်ပါတ်လည်နေ့တွင် ပြည်သူလူထုသို့ ထုတ်ပြန်မည်ဖြစ်၏။ ထိုနေ့ တနေ့လုံးက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းဝေးနှင့်ပင် အချိန်ကုန်ခဲ့၏။
No comments:
Post a Comment