Tuesday, June 29, 2010

ဆင်ဖြူတော်တစီး ဖမ်းဆီးရမိ

မျိုးချစ်သူ / ၂၉ ဇွန် ၂၀၁၀

အစိုးရပိုင် ယနေ့သတင်းစာများနှင့် ယမန်နေ့ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်း စစ်အစိုးရက ကြေညာသည်။

အဆိုပါဆင်ဖြူတော်ကို သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ ရှာဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆင်ဖြူတော်သည် တောဆင် (၅) ကောင် အုပ်စုတွင်ပါဝင်ပြီး မောင်တောမြို့နယ်၊ ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယု တောင် တန်း တွင် ရှားပါးဆင်ဖြူဖြစ်ပြီး ယင်းကို မောင်တောမြို့နယ်သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်းအဖွဲ့က ကျေးရွာသားများ အကူ အညီဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ဆင်ဖြူတော်သည် အသက် (၃၈) နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် (၇) ပေ (၄) လက်မနှင့် လုံးပတ်မှာ (၁၀) ပေ (၁၁) လက်မဖြစ်ကြောင်း အစိုးရသတင်းတွင် ဖော်ပြသည်။

ဇွန် (၂၇) ရက်တွင် ဖမ်းဆီးရမိသော အဆိုပါဆင်ဖြူတော်ကို မောင်တောမြို့နယ် ငါးခူရ နစက စခန်းတွင် ထားရှိပြီး တပတ်ခန့်အကြာတွင် နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ခံများ ပြောပြချက်အရ ဆင်အရောင်သည် အဖြူရောင်ဟု ဆိုနိုင်ရုံလောက်သာ ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ခံတဦးက “မနေ့က တီဗွီသတင်းမှာ ဆင်ကိုတွေ့လိုက်ရတယ်။ အရင်ကရတဲ့ ဆင်လောက်တော့ မဖြူဘူးလို့ ပြောလို့ရတယ်။ သိပ်မဖြူဘူးဗျ၊ ဆင်မဲနှင့်ယှဉ်လိုက်ရင်တော့ ဖြူတယ်လို့ ပြောနိုင်တာပေါ့” ဟု ပြောသည်။

နေပြည်တော်၌ ဆင်ဖြူတော်ထားရှိရန်အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကစ၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်တောင်ကြောများတို့တွင် သက်ဆိုင်ရာ ဒေသစစ်တပ်များနှင့် အာဏာပိုင်များအား ဖိအားပေးကာ ဆင်ဖြူတော်ကို တောနင်းရှာဖွေခိုင်းခဲ့ကြောင်း နေပြည်တော် နယ်စပ်စည်ပင်သာယာရေးဧ။် အကြီးတန်းအရာရှိက ပြောသည်။

ဆင်ဖြူပိုင်သော တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရသည် ဘုန်းတန်ခိုး ပိုမိုတက်သည်ဟူသော အယူကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှေးမြန်မာမင်းများကဲ့သို့ အယူရှိသောကြောင့် နေပြည်တော်တွင်ထားရှိရန် ဆင်ဖြူတော်ကို တောနင်းရှာဖွေစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်တွင်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဆင်ဖြူတော် (၃) စီး ရရှိခဲ့ဖူးပြီး ယခုအခါ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတွင် ထားရှိသည်။

အဆိုပါ ဆင်ဖြူတော် (၃) စီးမှာ ရာဇဂဟသီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည် ပေးထားသော အသက် (၁၈) နှစ်အရွယ် အုန်းခွံရောင် ဆင်အထီး (၁) ကောင်၊ သီင်္ဂီမာလာဘွဲ့ အမည်ပေးထားသော အသက် (၃၂) နှစ်အရွယ် ပန်းနုရောင်ဆင်မနှင့်
ရတီမာလာဘွဲ့ အမည်ပေးထားသော အသက် (၁၅) နှစ်အရွယ် ပန်းနုရောင်ဆင်မငယ် တို့ဖြစ်ကြသည်။

မင်းဓမ္မကုန်းရှိ ဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် “ဆင်ဖြူတော်မှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီး တိုင်းပြည်၏ စည်းစိမ်ဥစ္စာ ရတနာ၊ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါး ပေါများမည့် အတိတ်နိမိတ်ဖြစ်သည်” ဟူသော စာသားကို ရေးသားထားသည်။

ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် (၄) မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ဆင်ဖြူ (၇) မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာများကို ကိုးကားပြီး မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

No comments: