ကယားထဲ
ဖရူဆို ဈေးရဲ့ အနောက်ဘက်လမ်းကြားကနေ ပါးရည်နှာဖူးရည် တွန့်လိန်နေပြီ ဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် အဖိုးတစ်ဦး ဆံလန်အိတ် တလုံးနဲ့ ဈေးဘက်ကို ခြေဦးတည်လျက် ဈေးထဲကို လာပါတယ်။
ဈေးထဲအရောက် ကရင်နီလူမျိုးတို့ရဲ့ စားသောက်ဆိုင်တန်း ဖြစ်တဲ့ ခေါင်ရည်တန်း ရှေ့မှာပဲ ဆံလန်အိတ်ထဲ ပါလာတဲ့ မောင်းနှစ်လုံးနှင့် လင်ကွင်းတစ်စုံ ထုတ်ပြီး မြေကြီးပေါ်ချစီထားပါတယ်။
ပါလာတဲ့ ပစ္စည်းတွေ ရောင်းချဖို့အတွက် မြေကြီးပေါ် ချအပြီးမှာပဲ လူတွေ တစ်ယောက်စ၊ နှစ်ယောက်စ လာဝိုင်းကြည့်ကြတယ်။ တချို့က မောင်းကို တီးကြည့်ကြတယ်။ တချို့ကလည်း လင်းကွင်းကို တီးကြည့်ကြတယ်။
မောင်းနဲ့ လင်းကွင်းကို စုစုပေါင်း ငါးသိန်း၊ တလုံးကို တစ်သိန်းရှစ်သောင်း ဆိုပြီး အဖိုးက ပြောပါတယ်။ လာကြည့်ကြတဲ့ သူတွေထဲကလည်း ရှေးဟောင်းပစ္စည်းတွေ ရှာဖွေစုဆောင်းတဲ့ သူတွေ ပွဲစားတွေကိုလည်း တွေ့ရပါတယ်။
လာရောက်တီးကြည့်ကြတဲ့ သူတွေကို အဖိုးက “ဒီပစ္စည်း ရှိထားရင် တစ်နှစ်တစ်ခါ ရိုးရာပွဲတော်မှာလဲ ထမင်း၊ ရေတွေနဲ့ ပူဇော်မစရတယ်။ ဆောင်ထားရင် မြတ်တယ်” လို့ ကရင်နီဘာသာစကားနဲ့ ရှင်းပြသွားပါတယ်။
ဖိုးဖွားစဉ်ဆက်ခေတ်ကတည်းက ပြုလုပ်ထားတဲ့ အဖိုးအဖွား အမွေအနှစ် ဖြစ်လို့ မောင်းနဲ့ လင်းကွင်းကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။
ကျနော်တို့ လူမျိုးတွေရဲ့ ဖိုးဖွားစဉ်ဆက်ကတည်းက မိမိတို့ရဲ့ အိမ်မှာ ထားရှိခြင်း ဆောင်ထားခြင်းဟာ အလွန်အကျိုးရှိတယ်လို့ သိရပေမဲ့ အဖိုးက ဘာကြောင့် အဖိုးဆီမှာ ဆက်မထားတော့ပဲ ရောင်းချင်ရတာလဲ ဆိုပြီး ပွင့်ပွင့်လင်းလင်း မေးမိလိုက်တယ်။
အဲဒီတော့ အဖိုးက တစ်ခွန်းတည်းပဲ ပြန်ဖြေပါတယ်။ “စားစရာ လိုနေလို့ပါ” တဲ့ အဖိုးရဲ့ အဖြေကို ကြားလိုက်ရတဲ့နောက် အဖိုးလည်း ဘာမှ ဆက်မပြောတော့ပဲ ကျနော်လည်း ခဏငိုင်ကျသွားပါတယ်။
ဘေးက လာကြည်ကြတဲ့ ဦးလေးတွေကတော့ အဖိုးရဲ့ အဖြေကို ဂရုစိုက်ဟန် မပေါ်ပါဘူး။ အဖိုးရဲ့ မျက်ခုံးအောက်ထဲ ချိုင့်ခွက် ၀င်နေတဲ့ မျက်လုံး အစုံထဲမှာတော့ မိသားစု ၀မ်းစာရေး အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတွေကို ပူပင်တွေးတောကြံဆနေရတာကို ကျနော် မြင်နေရပါတယ်။
လာကြည့်တဲ့ ပရိသတ်ထဲက ကရင်နီလူငယ် တယောက်က အဖိုးကိုလည်း အဆင်ပြေစေချင်ပြီး မိမိတို့ ကရင်နီလူမျိုးတို့ တန်ဖိုးထားတဲ့ ပစ္စည်းမို့ ပြန်ပြီး ၀ယ်ထားချင်တာကိုလည်း တွေ့ရပါတယ်။
သူက “ပိုက်ဆံ ရှိရင်တော့ ၀ယ်ထားချင်ပါတယ်။ ခုလောလောဆယ် မတတ်နိုင်သေးဘူး” လို့ ပြောပါတယ်။
ပြီးတော့ အဖိုးက “အခုခေတ် ငွေစက္ကူနဲ့ ငါးသိန်း၊ ခြောက်သိန်းနဲ့ ၀ယ်ထားရင် မမှားဘူး။ လယ်ယာ လုပ်ရင်လည်း အောင်မြင်မှု ရပြီး နောင်ကျရင် အကျိုးပေးတယ်” လို့ အဖိုးလည်း သူရဲ့ မောင်းနဲ့ လင်းကွင်းကို အမှန်တကယ် တန်ဖိုးရှိကြောင်းနဲ့ အသုံးဝင်ကြောင်းကို ဆက်ရှင်းပြနေပါတယ်။
မောင်းနဲ့ လင်းကွင်းကို အဓိက ကြေးဝါ၊ ကြေးဖြူ၊ ငွေ၊ ရွှေ၊ သံကျွတ် စတဲ့ သတ္တု အမျိုးအစားတို့ကို ဆတူ အချိုးကျကျ ရောစပ်ပြီး သွန်းလုပ်ရတယ်လို့ သိရပါတယ်။
အဖိုးမှာလည်း ဒီလိုတန်ဖိုးရှိတဲ့ ပစ္စည်းကို ဆောင်ထားချင်ပေမဲ့လို့ သူ့မှာ စပါးသီးနှံ အထွက်မကောင်းလို့ မိသားစု စားဝတ်နေရေးနဲ့ သားသမီး ပညာရေးအတွက် တန်ဖိုးထားတဲ့ ဖိုးဖွား အမွေနှစ်ပစ္စည်း ဖြစ်တဲ့ မောင်းတွေ လင်းကွင်တွေ ရောင်းချနေရတာပါ။
ဒီနှစ်လို မိုးနည်းတဲ့ ရာသီဥတု ဒုက္ခပြသာနာကြောင့် တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ ကျနော်တို့ ကရင်နီလူမျိုးအတွက်တော့ ၀မ်းစာရေးကို ဒီနည်းလမ်းကိုပဲ ရွေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဖါးစည်၊ မောင်း၊ လင်းကွင်းတို့ ဆိုတာတွေက ကျနော်တို့ ကရင်နီလူမျိုးရဲ့ ဖိုးဖွား အမွေအနှစ်၊ အမျိုးသား အမွေအနှစ် ဖြစ်ပါတယ်။ ရောင်းဝယ်မှု ကုန်ပစ္စည်းအဖြစ် မလုပ်သင့်ပဲ၊ ကျနော်တို့ အားလုံးက ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
Friday, December 31, 2010
အပြန်လမ်းမှာ ပိုက်ဆံတွေ အများကြီး ဝေလာတယ် အမေ!
သက်နောင်
“ညီလေး အဲဒါ မင်းမိန်းမလား၊ မှတ်ပုံတင်ပါလား။ ဘန်ကောက်က လာတယ် မဟုတ်လား။ ညီလေးတို့ ရံပုံငွေ တစ်ယောက်သုံးထောင် ပေးရမယ်” မြန်မာနိုင်ငံအတွင်းရှိ ဂိတ်မှူးတစ်ယောက်၏ စကားဖြစ်သည်။ ကျနော့်ချစ်ဇနီး၏ မျက်နှာကို တည့်တည့်ကြည့်ကာ ပြောဆိုနေခြင်း ဖြစ်သည်။ ဘေးနားတွင် စစ်ဝတ်စုံ ခပ်နွမ်းနွမ်းနဲ့ လုံခြုံရေးအစောင့် တပ်သားလေးငါးယောက်က ကွမ်းယားတဝါးဝါးနဲ့ ဝိုင်းကြည့်နေကြသည်။ ကျနော့်ချစ်ဇနီး၏ အကြောက် ပိုနေသော ဟန်အမူအရာနှင့် သူမ၏ ဝတ်စားဆင်ယင်မှုတို့က ထိုင်းနိုင်ငံမှ ပြန်လာမှန်း ဖြစ်သည်ကို အစောင့်လုံခြုံရေးရော၊ ဂိတ်မှူးတွေပါ သိနေသည်။
ကျနော်က အာဏာပိုင်တစ်ယောက်၏ အရစ်ပိုသော စကားကို ရှည်ကြာစွာ နားမထောင်လိုသည်က တကြောင်း၊ ချစ်ဇနီး၏ အကြောက်ပိုနေသော အမူအယာကို ကြည့်ပြီး သနားလာသည်က တကြောင်းကြောင့် ပိုက်ဆံအိတ် ခပ်ပြားပြားထဲက မြန်မာငွေ ထောင်တန်ခြောက်ရွက်ကို ရှောရှောရှူရှူ ထုတ်ပေးလိုက်ရသည်။ ပိုက်ဆံအိတ် ပြားသွားရခြင်းက ခရီးစရိတ် ပေးရခြင်း၊ ဂိတ်ပေါင်းများစွာကို အကြိမ်ကြိမ် ဂိတ်ကြေးပေးနေရခြင်းတို့ကြောင့် ဖြစ်သည်။ ဂိတ်မှူးတို့၏ အခေါ်အဝေါ်ကတော့ ဂိတ်ကြေးဆိုတာ ရံပုံငွေပေါ့ဗျာ။
ကျနော့်တို့၏ ခရီးကား ဟန်းနီးမွန်းခရီး မဟုတ်ပါ။ သို့သော် ကြင်ဦးစ ချစ်ဇနီးသစ်နှင့်အတူ ထိုင်းနိုင်ငံမှ ပြန်လာခြင်း ဖြစ်သည်။ ကျွန်တော်သည် လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ဘွဲ့ရများ ကြုံနေရသည့်အတိုင်း အလုပ်လက်မဲ့တစ်ယောက် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ ကူးကာ ပန်းရံလုပ်ငန်းဖြင့် ဝင်ငွေရှာသည်။ နိုင်ငံတကာ အခေါ်အဝေါ်အရ ရွှေ့ပြောင်း အလုပ်သမားပေါ့။
ပန်းရံလုပ်ငန်းဖြင့် ဝင်ငွေရှာရင်း ပင်ပန်းဆင်းရဲခြင်း ဒဏ်များ၊ နှိပ်စက်ညှင်းဆဲမှု ဒဏ်များ၊ ထိုင်းပုလိပ်တို့၏ အဖမ်းအဆီးများအကြားမှာ ကြိုးစားလွတ်ရုန်းရင်း စုဆောင်းမိသမျှ ငွေထဲမှ တချို့တဝက်ကို မြန်မာနိုင်ငံရှိ မိဘဆီ ပို့နိုင်ခဲ့သည်။ ကျွန်တော့်ဝင်ငွေဖြင့် မိဘများကို ဝမ်းစာပြည့်ရုံလောက်သာ ထောက်ပံ့နိုင်ခဲ့သည်။ တချို့သော ဘဝတူ ရွှေ့ပြောင်းအလုပ်သမား အများစုတို့မှာ မိမိဇာတိရပ်ရွာရှိ မိဘဆီ ပိုပိုမိုမို ငွေပို့ပေးနိုင်ကြပြီး၊ တခြားသော ရွှေ့ပြောင်းအလုပ်သမားတို့မှာ အောက်ခြေသိမ်း အလုပ်များ လုပ်ကိုင်ရင်း စုဆောင်းမိသမျှ ထိုင်းနိုင်ငံမှာပင် ရရစားစားဖြင့် ကုန်ခဲ့သည်။ မိဘအိမ်ကို ငွေမပို့နိုင်ကြပေ။ “မောင်လုပ် မောင်စား၊ မောင်ဖျား မောင်ကု” ဆိုသလို ဘဝရှုံးသွားသည့် လူငယ်တွေလည်း မနည်းပါဘူး။ ဤဖြစ်ရပ်သည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘဝအဖြစ်အပျက် တပိုင်းတစပင် ဖြစ်ပါသည်။
ဤခရီးကား မုဒုံမြို့နယ်အတွင်းမှ မွန်ရွာတရွာရှိ မိဘနှစ်ပါးထံ သီတင်းကျွတ်ဝါထွက်ကာလ လာရောက်ကန်တော့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း ချစ်ကြိုက်စုံမက်ခဲ့သော ချစ်သူနှင့် ဘဝတူ ရွှေ့ပြောင်းအလုပ်သမားကြားမှာပင် အကျဉ်းချုံးကာ လက်ထပ်မင်္ဂလာ ကျင်းပခဲ့သည်။ မိဘနှစ်ဖက်သား အစုံအလင်ဖြင့် လက်ထပ်ခဲ့ခြင်း မဟုတ်။ လက်ထပ်မင်္ဂလာ ပြုလုပ်ခွင့်ကို ထိုင်းနိုင်ငံရှိ ဌာနဆိုင်ရာများအား အသိပေး အခွန်ဆောင်ခဲ့ရသည်။ လက်ထပ်ပြီး လေးငါးခြောက်လအကြာ ငွေအချို့ စုဆောင်းမိပြီး နှစ်ဖက်မိဘများကို ကန်တော့ရန် မြန်မာနိုင်ငံသို့ အောက်လမ်းမှ ပြန်လာခြင်း ဖြစ်သည်။ ကျနော့်ဆန္ဒက ချွေးမ ချောချောလှလှကို အမေ့ကို ကြွားပြဖို့နဲ့ မိဘကို ကျေးဇူးဆပ် ကန်တော့ရန်အတွက် ဇနီးချောနှင့်အတူ ဤခရီးကို နှင်လာခဲ့ခြင်း ဖြစ်သည်။ ပွဲစား (ထိုင်းပုလိပ်နှင့်အတူ လက်ဝါးရိုက်သူများ) ကို ပွဲခပေးကာ ဘန်ကောက်မှတဆင့် ဘုရားသုံးဆူနယ်စပ်ကို အစစ်အဆေးမရှိ ရောက်လာခဲ့သည်။
မြန်မာမြေကို မနင်းရသည်မှာ သုံးနှစ်ခန့် ကြာပါပြီ။ အမိမြေကို စတင်ခြေချ နင်းလာခဲ့သည်နှင့် အစစ်အဆေး၊ ဂိတ်ကြေးပေါင်း မြောက်မြားစွာကို ကြုံ့ခဲ့ရပါသည်။ ကျနော်တို့ လင်မယားနှစ်ယောက် အတူသွားရမည့် ခရီးကား ဘုရားသုံးဆူမှတဆင့် ရွှေချောင်းဆုံ စက်လှေဂိတ် ဖြစ်ပြီး ဤမှတဆင့် ကြာအင်းဆိပ်ကြီး (ကရင်ပြည်နယ်ထဲက မြို့ကြီးတစ်မြို့) စက်လှေဂိတ်ဆုံး ဖြစ်သည်။ ကြာအင်းဆိပ်ကြီး ရောက်ပြီးပါမှ မိမိသွားလိုရာကို ဆိုင်ကယ်လိုင်း၊ ကုန်တင်ဟိုင်းလက်ကား သို့မဟုတ် ခရီးသည်တင် လိုင်းကားတို့ဖြင့် ခရီးဆက်ရပေမည်။ စက်လှေဖြင့် သွားရသည့် ရေလမ်းခရီးကား ဤခရီးကြောင်းတလျောက်တွင် ခရီးအဖင့်ဆုံးနှင့် အကြန့်ကြာဆုံး ဖြစ်သည်။
ဒီလမ်းခရီးသည် သည်သို့နှယ် ရှိခဲ့ပါသည်။ လုံခြုံရေးအရ အစစ်အဆေး မရှိသော်လည်း ဂိတ်ကြေးတွေကိုတော့ ခရီးသည်တိုင်း လွတ်သူမရှိသလောက်ပင် ပေးဆောင်နေရသည်။ ထိုင်း-မြန်မာနပ်စပ်မြို့ ဖြစ်သည့် ဘုရားသုံးဆူမြို့သည် မြန်မာ့တပ်မတော်မှ တပ်ရင်းအချို့ (အတည်တကျမရှိပါ) နှင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာ ကျက်စားကြီးစိုးလျက် ရှိသည်။ ကရင်လက်နက်ကိုင် အဖွဲ့ခွဲပေါင်း များစွာနှင့် မွန်လက်နက်ကိုင်အဖွဲ့ ရှိသည်။
ဘုရားသုံးဆူမှာပင် ဘတ်ငွေနှင့် မြန်မာငွေကို လှဲလှယ်ပြီး စက်လှေဂိတ်ရှိရာ ရွှေချောင်းဆုံသို့ ဆိုင်ကယ်လိုင်းဖြင့် တစ်ယောက်ကို ဘတ်တစ်ရာပေးကာ ခရီးဆက်ခဲ့သည်။ ဘုရားသုံးဆူမြို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းတွင် ရှိသော်လည်း ထိုင်းဘတ်ငွေကို အသုံးပြုကြသည်။ ဖုန်းလိုင်းများနှင့် လျပ်စစ်ဓါတ်အားများကို ထိုင်းနိုင်ငံ၏ ဝန်ဆောင်မှုဖြင့် အတွင်တွင် အသုံးပြုကြသည်။
လှေစီးခ အဖြစ် ခရီးသည်တစ်ယောက် မြန်မာငွေ တစ်သောင်းခြောက်ထောင် ပေးရပါသည်။ နောက်မှ သိရတာက ထိုငွေထဲမှ တစ်သောင်းခန့်သာ လှေသမားများ ရပြီး ကျန်ငွေများကို ဂိတ်ကြေးအတွက် ပေးရခြင်း ဖြစ်သည်။
ရွှေချောင်းဆုံမှ စက်လှေခရီး စတင်ပါပြီ၊ လှေကလေးသည် မော်တော်ကား အင်ဂျင်တပ် စက်လှေ ဖြစ်ပြီး ရေးစီးသန်သော ဇမိမြစ်မှ မြစ်ရေကို စုန်ဆင်းရသော ခရီး ဖြစ်သည်။ လှေပေါ်တွင် တိုင်းရင်းသား လူမျိုးစုံ ပါသည်။ ကရင်၊ မွန်၊ ဗမာနှင့် ထိုင်းမှ ပြန်လာသည့် ရခိုင်လူမျိုး ငါးယောက်အုပ်စုလည်း ပါဝင်သည်။ ဇမိမြစ်သည် ချောင်းငယ်အသွယ်သွယ်နှင့် တောင်ကျ ရေတံခွန်ငယ်များ စုပေါင်းစီးဆင်းသည့် ရေစီးသန်သော မြစ်ဖြစ်သည်။ ဇမိမြစ်သည် ကရင်ပြည်နယ်ရှိ ရွှေချောင်းဆုံမှ အစပြု၍ မွန်ပြည်နယ် မော်လမြိုင်မြို့အဆုံး အတ္တရံမြစ်သို့ စီးဆင်းသွားသည့် မြစ်ဖြစ်သည်။ နွေရာသီတွင် ရေနည်းခြင်းကြောင့် ရေလမ်းခရီးဖြင့် မသွားလာနိုင်ပဲ ကားလမ်းခရီးများကိုသာ အားထားကြသည်။
ဇမိမြစ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော အကောက်အခွန်ဂိတ်ပေါင်း များစွာရှိသည်။ မြန်မာစစ်တပ်ဂိတ်များ၊ တပ်ပေါင်းစုံဂိတ်များ၊ DKBA ကရင်လက်နက်ကိုင်တပ် ဂိတ်များ၊ KPF လက်နက်ကိုင်တပ် ဂိတ်များ၊ KNU ကရင်လက်နက်ကိုင်တပ် ဂိတ်များနှင့် NMSP မွန်လက်နက်ကိုင်တပ် ဂိတ်များ ရှိသည်။ မြစ်ကြောင်းတစ်လျှောက်ရှိ ရေပေါ်တွင် ဝါးလုံးဖောင်အိမ်များ ဖွဲ့ကာ ထမင်းဆိုင် ဖွင့်ကြသူများလည်း ရှိသည်။ အကောက်အခွန်ဂိတ်များမှာလည်း ဤသို့ပင် ဖောင်အိမ်ပေါ်တွင် ဂိတ်ကြေး တောင်းကြပါသည်။
လှေဦးပိုင်းရှိ အသက်လေးဆယ်ကျော် ဦးကြီးတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်နား ကပ်ပြီး တိုးတိုးလေး ညည်းတွားသည့် အသံကို ကြားလိုက်ရသည်။ “ဦးမောင်ကြီးရေ… ကြည့်ပေတော့ဗျာ၊ လက်နက်ကိုင်အဖွဲ့များတာ ကောင်းလား၊ မကောင်းလားတော့ မသိဘူး။ လက်ရှိ ပေးနေရတဲ့ ဂိတ်ကြေးတွေကြောင့် ခရီးသည်တွေတော့ ပိုက်ဆံတော်တော် ကုန်သွားတာပဲလေ….”
နေ့လည် နှစ်နာရီတွင် ရွှေချောင်းဆုံမှတဆင့် စုန်ဆင်းလာသော ကျွန်တော်တို့ ခရီးသည်တင် စက်လှေမှာ ဂိတ်လေးဂိတ်ကို ဖြတ်ကျော်ကာ စက်သံတဝုန်းဝုန်းနှင့် ညနေ ၅ နာရီကျော်တွင် ကျွန်းချောင်း KNU ဂိတ်ကို ဆိုက်ရောက်ပါသည်။ ထိုသို့သောဂိတ်များတွင် စက်လှေပိုင်ရှင်၏ အမျိုးသမီးက ခရီးသည်များအတွက် ဂိတ်ဖြုတ်ပေးရပါသည်။ ထိုငွေများသည် ရွှေချောင်းဆုံမှ ပေးဆောင်ရသော လှေစီးခ တစ်သောင်းခြောက်ထောင်ထဲက ငွေများပင် ဖြစ်သည်။ ခရီးဆက်ရန် မဖြစ်နိုင်သောကြောင့် ကျွန်းချောင်းရှိ ဝါးလုံးထိုး ဖောင်အိမ်ပေါ်တွင် ညခရီးတစ်ခေါက် နားကြပါသည်။
ဖောင်အိမ်ပေါ်တွင် အိပ်ရတော့မည်။ ဖောင်အိမ် ၈ လုံးခန့် မြစ်ရေပေါ်တွင် စီတန်းကာ နေရာယူထားကြသည်။ ဖောင်အိမ်ပိုင်ရှင်တို့ ပြင်ဆင်စီခင်းထားသော ပိုက်ပြွန်ထိုး ဖျာများနှင့် ခေါင်းအုံးများ ယူဆောင်ကာ မိမိသင့်တော်ရာ ဖောင်အိမ်ပေါ်တွင် ဖျာခင်းနေရာယူရပါသည်။ အချို့သော ယောကျာ်ကြီး ငယ်များက ဘီယာဖောက်သောက်သူ သောက်ကြသည်၊ အရက်ငှဲ့ ဆော်ဒါရော သောက်သူများ က သောက်ကြသည်။ ထိုသူတို့သည် ကျောခင်းစရာ တနေရာစာအတွက် စိတ်ပူစရာ မလိုတာ အမှန်ပင် ဖြစ်သည်။ ကျနော့်လို ချစ်ဇနီးနှင့်အတူ ခရီးထွက်လာသူအတွက် လင်မယားနှစ်ယောက် အိပ်ဖို့ရန်အတွက် သင့်တော်ရာမှာ ဖျာခင်းအိပ်ရပါသည်။
ရေချိုးရာတွင်လည်း ဇမိမြစ်ရေ ခပ်နောက်နောက်ပေါ်တွင် ခပ်ချိုးသူ ရှိသလို ရေကူးတတ်သူများ ရေဆင်းကူးကြသည်။ မိန်းကလေးများက ဖောင်အိမ် အနောက်ဖက် အမျိုးသမီးအများစု ရေချိုးရာတွင် ရေချိုးကြပါသည်။ စိတ်ညစ်စရာကောင်းသည်က အိမ်သာတက်သည့်ကိစ္စ ဖြစ်သည်။ ကမ်းပေါ်တက်ပြီး ခြုံကြားမှာပင် ခြင်တကိုက်ကိုက်ဖြင့် မိမိကိစ္စ ဖြေရှင်းကြရပါသည်။ မိန်းကလေးများအတွက်မူ ပိုပြီး အဆင်မပြေသည့်ကိစ္စ ဖြစ်သည်။
ဖောင်အိမ်ထမင်းဆိုင်များပေါ်တွင် တောကောင်ဟင်းများ တခါတရံ ချက်ပြုတ်ရောင်းချသလို အရက်၊ ဘီယာ၊ ကွမ်းယားကအစ ခေါင်လျော်ရည်၊ ဆပ်ပြာ သွားတိုက်ဗူးအဆုံး အစုံအလင် ရနိုင်ပါသည်။ ကြက်သား အဆီပြန်ဟင်းသည် ဆိုင်တိုင်းတွင် ရရှိနိုင်ပါသည်။ ငါးပိရည်ကျိုနှင့် ဝါးနုချောင်း တို့စရာသည် ခရီးပန်းလာသော ခရီးသည်များအတွက် စိတ်ကျေနပ်စရာပင် ဖြစ်ပါသည်။ လင်မယားနှစ်ယောက် ကြက်သားဟင်းနှစ်ခွက်နှင့်အတူ ထမင်းကို အဝစားပြီး ဆိုင်ရှင်ကို ပိုက်ဆံသုံးထောင် ပေးရပါသည်။ မိမိအိပ်နားရာ ဖောင်အိမ်ဆိုင်မှာပင် ထမင်းကို ဝယ်စားရပါသည်။ အိပ်ရာနေရာအတွက် အခကြေးငွေ ပေးဆောင်ရန် မလိုတော့ပါ။
ညအိပ်ရာ မဝင်ခင် ဖောင်အိမ်ပိုင်ရှင်က ခရီးသည်များအတွက် ကာရာအိုကေသီချင်း သို့မဟုတ် မြန်မာဟာသဇာတ်ကားတို့ကို မီးစက်ဖွင့် ပြသပါသေးတယ်။ ညအိပ်ရာတွင်လည်း အရှေ့မျက်နှာစာ ထရံမရှိသော ဟောခန်းပုံစံလို ဖောင်အိမ်ပေါ်တွင် တန်းစီ အိပ်ကြရသည်။ ခြင်ထောင် မရှိသော်လည်း ချစ်ဇနီး ဆောင်ယူလာသည့် ထိုင်းနိုင်ငံလုပ် ခြင်ကိုက်ကာကွယ်ဆေး လိမ်းထား၍ ခြင်ကိုက်ခြင်း ရန်မှ လွတ်ရသည်။ ခရီးသည်အပေါင်းနှင့်အတူ ကျွန်းချောင်းရှိ ဖောင်အိမ်ပေါ်တွင် တညတာ ကုန်ဆုံးခဲ့ရသည်။ ခရီးသည်တိုင်းပင် မိမိအိမ် (သို့) မိမိလိုရာခရီးကို အမြန်ရောက်ချင်ဇော ရှိကြသည်။
နံနက်စာကို စူပါကော်ဖီမစ်ရှယ်နှင့် မြန်မာ့ရိုးရာ မုန့်လက်ကောက်တို့ဖြင့် ပြီးသွားခဲ့ပါသည်။ မုန့်ဟင်းခါး ဝယ်စားကြသူများလည်း ရှိပါသည်။ အခြားအစားအစာများကိုလည်း မိမိကြိုက်နှစ်သက်သလို ဝယ်စားနိုင်ကြပါသည်။ ဈေးတော့နည်းနည်း ကြီးပါသည်။
သည်ကျွန်းချောင်းမှတဆင့် ကြာအင်းဆိပ်ကြီးမြို့ကို ရောက်ဖို့ရန်အတွက် တခြားစက်လှေ ပြောင်းစီးရပြန်ပါသည်။ အဲသည်အတွက် လှေခ ထပ်ပေးရပါသည်။ တစ်ယောက် တစ်သောင်းငါးထောင်စီ ပေးရပါသည်။ KNU မှ လူငယ်ပိုင်းသာသာရှိသော ဂိတ်မှူးကို ခရီးသည်စာရင်းများ သွင်းရပါသည်။ မှတ်ပုံတင် မပါသူများအတွက် စာရင်း သွင်းရန် ခက်ခဲသော်လည်း အမည်နှင့် အဖအမည်ကို ပြောပြရပါသည်။ နာမည်စာရင်း ခေါ်ပြီး လှေပေါ်တက်သောအခါ အဲဒီလူငယ်ဂိတ်မှူးက “ခရီးသည် အားလုံးပဲ! အရှေ့ဂိတ်နှစ်ဂိတ်မှာ လှေသမားက ခင်ဗျားတို့ကို ဂိတ်ကြေး ဖြုတ်ပေးလိမ့်မယ်၊ ကျန်တဲ့ဂိတ်တွေ ခင်ဗျားတို့ကိုယ်တိုင် ဖြုတ်ယူရမယ်။ ဂိတ်ကြေးမပေးနိုင်ရင် အဲဒီမှာ ကျန်နေခဲ့ပဲ” ဤသို့ တိုတိုတုတ်တုတ် ပြောကာ စက်လှေလည်း ဖောင်အိမ်မှ ခွာပြီး ထွက်ခဲ့ပါသည်။ တကယ်ပင် ရှေ့ရှိဂိတ်နှစ်ဂိတ်ကို လှေသမားက ဂိတ်ကြေးဖြုတ်ပေးပါသည်။
ခရီးတဝက်တပြက် ရေလည်ရွာရှိ ဖောင်အိမ်ပေါ်တွင် ထမင်းစားရင်း သနပ်ခါး ပါးကွက်ကြား ထူထူလိမ်းပြီး ကွမ်းတမြုံ့မြုံ့ ဝါးနေသည့် လှေရှင်မိန်းမ၏ အော်သံကို ကြားရသည်။
“ရှေ့ဆက် ဂိတ်ကြေး ဖြုတ်ဖို့ ငါးဂိတ် ကျန်သေးတယ်။ အဲဒီအတွက် ခရီးသည်များ တစ်ယောက် ငါးထောင် ပေးကြပါ။ ဒါမှမဟုတ်ရင် ခရီးသည်ကိုယ်တိုင် ကမ်းပေါ်တက်ပြီး ဂိတ်ကြေး ဖြုတ်မယ်ဆိုရင် အချိန်ကြာမှာ စိုးလို့ပါ။ ကျမတို့ အဆင်ပြေအောင် လုပ်ပေးတာပါ” ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သူအချို့က ခရီးသွား ထောက်ခံစာ ရှိသည့်အတွက် ဂိတ်ကြေးကို လှေသမားဆီ ထုတ်ပေးမချင်။ ကိုယ်တိုင် ဖြုတ်ယူမည်ဟု ပြောကြသည်။ ဘုရားသုံးဆူမြို့မှ ဖားအံတက္ကသိုလ် အဝေးသင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားတစ်ဦးကလည်း သူ့တွင် ကျောင်းသားကဒ် ပါကြောင်း၊ သူကိုယ်တိုင် ဂိတ်ကြေး ဖြုတ်ယူမည် ဖြစ်ကြောင်း ပြောသည်။
ကျန်ခရီးသည်များ ဂိတ်ကြေးဖြုတ်ရန် ပိုက်ဆံကိုယ်စီ ထုတ်ပေးကြပါသည်။ ကျနော်တို့ လင်မယားက ထောင်တန် ၁၀ ရွက်ကို ထုတ်ကာ လှေပိုင်ရှင် မိန်းမကို ပေးလိုက်သည်။ ထိုပိုက်ဆံများ အားလုံးကို လှေသမားများက ဂိတ်ကြေးများအတွက် ပေးဆောင်လိမ့်မည် မဟုတ်ကြောင်း ခရီးသည် အဒေါ်ကြီးတစ်ဦးက ပြောသည်။
“ဥပမာ ဂိတ်တစ်ဂိတ်မှာ အယောက်သုံးဆယ်ဆိုရင် နှစ်ဆယ့်ငါးယောက်စာလောက်ပဲ သူတို့ ဖြုတ်မယ်။ သူတို့က ဂိတ်ထိုးသူတွေနဲ့ လက်ဝါးချင်း ရိုက်တာပါ” လို့ အဒေါ်ကြီးက ရှင်းပြသည်။
သည်လမ်းခရီးတွင် ဂိတ်ပေါင်း နှစ်ဆယ်ဝန်းကျင်ခန့် ရှိသည်။ လှေသမားတိုင်း ဂိတ်ရောက်လျှင် လှေဆိုက်ပြီး ကမ်းပေါ်တက် ဂိတ်ဖြုတ်ရသည်။
“နေပူလိုက် မိုးရွာလိုက် ဂိတ်ဖြုတ်လိုက်နဲ့ဆို ငါ့ကလေးတော့ ဖျားတော့မှာပဲ” ဟု လူလတ်ပိုင်း ကလေးငယ် မိခင်တစ်ဦးက ညည်းတွားသည်။ ဟုတ်တော့ ဟုတ်ပါသည်၊ လှေပြေးနေချိန်မှာတော့ လေတိုက်နေ၍ နေသိပ်မပူသလို ခံစားရပေမယ့် ဂိတ်ကြေးဖြုတ်ချိန် လှေရပ်နားစဉ်မှာတော့ အရမ်းပူပါသည်။
ကြာအင်းဆိပ်ကြီးဂိတ်သို့ မဆိုက်မီ ရေတပ်သဘောင်္တွင်လည်း ဂိတ်ကြေး ဖြုတ်ပါရသေးသည်။ ညခြောက်နာရီကျော်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့ကို ဆိုက်ရောက်ပြီး ကမ်းပေါ်အတက်မှာ ခရီးသည်စာရင်းစစ်ဌာနတွင် ဂိတ်ကြေး ဖြုတ်ရပြန်ပါသည်။ မှတ်ပုံတင်ပေး၊ နမည်ပြောပြီး ပိုက်ဆံတစ်ယောက် တစ်ထောင့်ငါးရာ ပေးရပါသည်။ ခရီးသည်စာရင်းဌာနကလည်း စေတနာပိုပိုနဲ့ ရေသန့်ဗူးတစ်ဗူးစီ ပေးပါသည်။ သို့သော် ပေးခဲ့သော ဂိတ်ကြေးပိုက်ဆံထဲက ဖြတ်ထားသည်ကို ခရီးသည်တိုင်း သိပါသည်။ ဆိုက်ကားသမား လူခေါ်သံများ၊ ဆိုင်ကယ်သမား လူခေါ်သံများဖြင့် လှေဆိပ်တစ်ခုလုံး ညံဆူနေပါသည်။
ကြားအင်းဆိပ်ကြီးမြို့ကို ရောက်ရှိသည်မှာ တော်တော်လေး မှောင်နေပါပြီ။ ဇနီးက အိမ်ကို အစောကြီး ရောက်ရန် ပူဆာသဖြင့် တက္ကစီ ငှားစီးရပါသည်။ နှစ်ယောက်အတွက် မုဒုံအထိ ပို့ပေးဖို့ ဆိုင်ကယ်တက္ကစီသမားကို ပြောသောအခါ တစ်ယောက် တစ်သောင်းသုံးထောင် ပေးရမည်ဟု ဆိုသဖြင့် ဈေးအမှန်မသိသော ကျနော်တို့ လင်မယားနှစ်ယောက် ဆိုင်ကယ်လိုင်းကို စီးကာ ခရီးဆက်ရပါတော့သည်။ ဆိုင်ကယ်သမား တောင်းသော ဈေးနှုန်းအတိုင်း မဆစ်သာပဲ ကျေကျေနပ်နပ် တစ်ယောက်တစ်စီးစီ ငှားစီးသွားပါသည်။ ကြားအင်းဆိပ်ကြီးမြို့အထွက် အစိုးရလုံခြုံရေး ဂိတ်တစ်ခုမှာ ပိုက်ဆံတစ်ယောက် တစ်ထောင် ပေးလိုက်ရပါသည်။ သည်မှတဆင့် သံပုရာရွာ မရောက်ခင် တံတားပေါ်က စစ်တပ်ဂိတ်မှာလည်း တစ်ယောက်တစ်ထောင် ထပ်ပေးလိုက်ရပြန်သည်။
ချောင်းနှစ်ခွ လှေကူးတို့ဂိတ် ရောက်တော့ တော်တော်လေး မှောင်နေပြီ။ မီးစက်အလင်းရောင်၊ ဘထ္ထရီမီး အလင်းရောင် ပြိုးတဲပြောက်တောက် ဇက်ဆိပ်တခုလုံး ဆူညံနေပါသည်။ မော်တော်ဆိုင်ကယ်ကို ဇက်ပေါ်တင်ပြီး ကူးရမှာမို့ ဆိုင်ကယ်နှစ်စီးစာအတွက် တစ်ထောင် ပေးလိုက်ရသေးသည်။ တဖက်ကမ်း ဇက်အကူးနှင့် ကြုံခိုက်မို့ အကုန်သက်သာခြင်း ဖြစ်သည်။ သို့မဟုတ် လှေငယ်လေးဖြင့် ကူးရပါက လှေသမားတွေ အချောင်ရိုက်လို့ တော်တော်လေး ကုန်ဦးမည်။ သည်တင်မက ဂိတ်ကြေး ဖြုတ်ရဦးမည်၊ ဆိုင်ကယ်သမားက ဂိတ်ကြေး ဖြုတ်ပေးဖို့အတွက် တစ်ယောက် တစ်ထောင့်ငါးရာ တောင်းသည်။ ကျနော်တို့ကိုယ်တိုင် ဖြုတ်ယူမည် ဆိုပါက ဂိတ်မှူးတွေ ဒီထက် ပိုယူမည်ဟု ပြောသည်။ ကျနော်က အရစ်မခံလိုသော ထုံးစံအတိုင်း နှစ်ယောက်စာအတွက် ပိုက်ဆံသုံးထောင် ထုတ်ပေးလိုက်ရပါသည်။
အိမ်ကိုတော့ ရောက်သွားပါသည်။ သို့သော် ပိုက်ဆံအိတ်ထဲက တစ်ထောင်တန်များ တဖြေးဖြေး သူတို့ပြောတဲ့ ရံပုံငွေဖလားထဲ ရောက်ကုန်သည်ကိုတော့ ပြန်ပြီး မြင်ယောင်မိပါသည်။ တကယ်လို့သာ ရံပုံငွေ အမှန်သာ ဖြစ်ခဲ့မည်ဆိုပါက ကျနော် တော်တော်လေး အလှူပေးလာခဲ့ရသည်ဟု စဉ်းစားပြီး ကြိတ်ပြုံးနေမိသည်။
အမေ့ချွေးမချောကို အဖေ၊ အမေနှင့် ကျနော့်မောင်နှမများက ပြုံးပြုံးလေးနှင့် ဆီးကြိုပါသည်။ လမ်းခရီး သွားလာရေး အခြေအနေ ကောင်းသလားလို့ အမေက မေးပါသည်။ “ဟုတ်ကဲ့အမေ ကောင်းပါတယ်” လို့သာ ပြောပြီး ပိုက်ဆံအိတ်ထဲက လက်ကျန်ပိုက်ဆံ တချို့တဝက်ကို အဖေနဲ့ အမေ့ကို ကန်တော့ပါသည်။
အမေ့ကို ကန်တော့စဉ်က မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို မိသားစုစကားဝိုင်းမှာ အမေ့ကို ပြောခဲ့မိပါသည်။ “အမေရယ် လမ်းမှာ ကျနော် ပိုက်ဆံတွေ အများကြီး ဝေလာခဲ့ရတယ်၊ သူတို့ပြောတဲ့ ရံပုံငွေဖလားထဲကိုပေါ့ အမေ”
ဤခရီးသည် ထိုင်းနိုင်ငံမှ ပြန်လာသည့် ကျနော့်၏ ခရီးစဉ်အတွက် အသုံးပြုခဲ့ရသော ငွေကြေးပမာဏ ဇာတ်ကြောင်းမျှသာ ဖြစ်ပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,31st,2010
( 11 )UN worried for Burmese refugees forced from Thailand
( 10 )လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်
( 9 )US calls for democratic Myanmar
( 8 )ဒေါ်စုနှင့် တွေ့ဆုံမှုကို NDF အားရကျေနပ်
( 7 )Burma's Independence Day
( 6 )NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
( 5 )Ancient Burmese golden letter deciphered in Germany
( 4 )မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ
( 3 )Burma to Ring in Unusually Cold New Year
( 2 )နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး NLD ကြိုးပမ်း
( 1 )Suu Kyi meets breakaway opposition leaders

Thursday, December 30, 2010
မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်
ရန်ပိုင် Thursday, 30 December 2010
မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။
အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။
၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။
စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။
အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။
မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။
၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။
လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။
သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။
မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။
ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ
ဘသန့် Thursday, 30 December 2010
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးမည်ကို ယခုအချိန်အထိ အကြောင်းမကြားသေးပေ။
စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။
အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန်ဖြစ်လာမည်ဟု ဆိုသော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို မည်သည့်နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ်ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်းစကားမျှ ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။
သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။
ဒေသခံအများစုမှာ ပြောင်းရွှေ့ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့်နေကြကြောင်း၊ စီမံကိန်းအစပြုခါစ ပရောဂျက်များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။
“ဒေသခံတွေကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင်တွေကိုတော့ တော်တော်များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။
ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကြောင်းပြုရာ နဘုလယ်အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေးသမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသားများဖြင့် စည်ကားနေသည်ဟု သိရသည်။
“ရွာထဲမှာ အရင်ကလိုမဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးက ပြောသည်။
အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်းဧရိယာအတွင်း ကျရောက်ခြင်းမရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။
ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက်သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ်-ထားဝယ်လမ်းသည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။
ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲအထိခေါ်ဈေးရှိကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ကုမ္ပဏီတွေကတော့ မျက်နှာဖွင့်ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။
၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစားစက်မှုဇုန် (B)၊ အလတ်စားစက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများအတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။
၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။
ထိုအထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတွက် သဘောတူညီချက်ကို ရွေးကောက်ပွဲကျင်းပ ရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မီဒီယာအများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသားဖော်ပြခြင်းများ မတွေ့ရပေ။
“ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။
ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံများတွင် ထိုကဲ့သို့ အကြီးစားစီမံကိန်းများ ချမှတ် ဆောင်ရွက်မည်ဆိုပါက ဒေသခံများကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်းပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြသော်လည်း ယခုအနေအထားတွင် ထိုကဲ့သို့သော အနေအထားမတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။
“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်းပျက်စီးတဲ့အထိ မဖြစ်မနေကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း၏အဆိုအရ စစ်အစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးသည်အထိ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။
ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ်ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင်သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်းများကြားတွင် ထင်ရှားသော ကမ်းရိုးတန်းတခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။
တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါသိပ္ပံအသင်းမှ ပညာရှင်တဦးက သုံးသပ်သည်။
အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခတဦးကလည်း “ဒီရေတောနဲ့ သန္တာကျောက်တန်းက ရေနေသတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန်နေထိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါတွေလည်း ရှင်သန်ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ်ပျက်ယွင်းသွားမယ်” ဟု ပြောသည်။
တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝပတ်ဝန်းကျင် များစွာကျန်ရှိနေသေးရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာကျောက်တန်း မျိုးစိတ်ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး
တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်းနှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။
“သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေးကလည်း သဘာဝပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရခက်မယ့် ပြသနာတရပ်ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။
ရေနက်ဆိပ်ကမ်းအပြင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန်နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်းကီလိုမီတာရှိ အကြီးစားစက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်းကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။
စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရေထုထည်ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗမီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ်စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေအနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစားထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ်ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။
ထိုင်းကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအနေဖြင့် အထက်ပါကဲ့သို့သော ကိစ္စရပ်များအတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။
ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။
ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအပြင် ရေရှည်ပြဿနာများဖြစ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက်ရှင်းပြခြင်း၊ ပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“ထိုင်းမှာတော့ ဒီလိုစက်မှုဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ်လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးကပြောသည်။
ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တချို့ကလည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေလိုအပ်သည်မှာ မှန်ကန်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။
အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက်ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။

ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်
စည်သူ Thursday, 30 December 2010
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်းဖြင့် ၀ယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။
ထို့အပြင် မိတ္ထီလာမြို့ရှိ ရွှေဘို ရုပ်ရှင်ရုံကိုလည်း ဦးတေဇက ကျပ် သိန်း ခုနစ်ထောင့် ရှစ်ရာနှင့် ၀ယ်ထားသေးသည်ဟု မိတ္ထီလာမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပြသည်။
မိတ္ထီလာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးကလည်း မိတ္ထီလာထောင်ကို မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ မြင်းကန်ရွာသို့ ရွှေ့ပြောင်းမည်ဟု သိရကြောင်း ပြောဆိုသည်။
“ထောင်ကို ရွှေ့ရမယ်တော့ အသံကြားတယ်။ ရှေ့နှစ်ထဲ ဖြစ်မယ်ထင်တယ်။ တရားဝင် ညွှန်ကြားချက်တော့ မရသေးပါဘူ”ဟု ၎င်းက ဆိုသည်။
မိတ္ထီလာထောင် နေရာတွင် ရုပ်ရှင်ရုံ၊ ကလေးကစားကွင်း၊ အင်တာနက် ကဖေးများ၊ စားသောက်ဆိုင်များ ပါဝင်သည့် ဈေးဝယ် စင်တာတခု တည်ဆောက်ရန် စီစဉ်နေကြောင်း တခြားသော မြို့ခံစီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြောသည်။
“ဈေးဝယ် စင်တာ လုပ်မယ်လို့ ကြားတယ်။ နေရာက နန်းတော်ကုန်း ရပ်ကွက်နဲ့ ပေါက်ချောင်း ရပ်ကွက်ကြား ဆိုတော့ နေရာကောင်းပဲ။ သွားရေး လာရေးလည်း အင်မတန် ကောင်းတော့ စည်ကားနိုင်ပါတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ မိတ္ထီလာမြို့နယ်တွင် အထည်ဆိုင်များ၊ စတိုးဆိုင်များ ဖွင့်လှစ်မှု တိုးပွားလာပြီး ၀ယ်လိုအားလည်းများစွာ တက်လာကြောင်း ဒေသခံများက ဆိုသည်။
မိတ္ထီလာထောင်တွင် ယခင်က နိုင်ငံရေး အကျဉ်းသား မရှိသော်လည်း၂၀၀၇ နောက်ပိုင်းမှစကာ နိုင်ငံရေး အကျဉ်းသားများ ထားရှိခဲ့ပြီး ယခုအခါ နိုင်ငံရေး အကျဉ်းသား ၈ ဦးခန့်ရှိနေကြောင်း ဒေသခံတဦးက ပြောသည်။
ထိုသို့ မိတ္ထီလာ ထောင်အား ရောင်းချမည်ဟု ဆိုသော်လည်း လက်ရှိ အထက်ပါ နိုင်ငံရေး အကျဉ်းသား ၈ ဦး အပါအ၀င် အကျဉ်း သားများကို မည်သို့ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မသိရှိရသေးပေ။
မိတ္ထီလာထောင်ကို ၀ယ်မည့် ဦးတေဇ သည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူပြောများနေပြီး မကြာသေးခင်က မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဖြစ်လာခဲ့သည်။
၎င်းသည် စွမ်းအင်နှင့် လောင်စာဆီ လုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ လေကြောင်းလိုင်း၊ တယ်လီဖုန်းနှင့် ဖုန်းကတ် ၊ ဆောက်လုပ်ရေး ၊ အပန်းဖြေ ဥယျာဉ် စသည့် မြန်မာပြည်တွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းကြီး များစွာကို လုပ်ကိုင်နေပြီး ကျပ် သိန်းထောင်ချီ အကုန် အကျ ခံ၍ ရန်ကုန် ယူနိုက်တက် အမည်ရှိ ဘောလုံး အသင်း တသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။

စစ်အစိုးရနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး ၀ိုင်းမော်တွင် လယ်ယာမြေ ဧက ၁၀၀ ကျော်သိမ်းယူ
KNG
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒိန့်ဂျန်ကျေးရွာ၌ စစ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းနေသည့် တရုတ်ကုမ္ပဏီ စိန်နဂါးနှစ်ကောင်သည် ဒေသခံပြည်သူများ၏ လယ်ယာမြေများ မတရား သိမ်းပိုက်နေသည်မှာ ဧက ၁၀၀ ကျော် ရှိနေပြီဟု ဒေသခံတစ်ဦးမှ ပြောသည်။
“တရုတ်တွေက လယ်ဧကတွေကို လုပြီးလုပြီး သိမ်းနေတယ်၊ သီးနှံတွေလည်း အားလုံးဖျက်ဆီးနေတာ၊ ဒေသခံတွေကဘာမှ လုပ်လို့မရတော့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)ကို သွားတိုင်တော့လည်း တရုတ်တွေကို နိုင်ငံတော်က ချပေးတယ်လို့ပြောတယ်” ဟု လယ်ဧက ၂၅ဧက သိမ်းခံရသည့် ဒေသခံတစ်ဦးမှပြောသည်။
တရုတ်ကုမ္ပဏီမှ ဂေါ်ဆက်ယန်ကျေးရွာ၊ ဒိန့်ဂျန်ကျေးရွာရှိ ဒညှင်းပင်၊ အခြား သစ်သီးပင်များအား ခုတ်ဖြတ်ကာ လယ်ယာမြေများ အားလုံးအား သိမ်းယူနေခြင်းဖြစ်သည်။
ဝိုင်းမော်မြို့နယ်ရှိ မြေစာရင်းရုံးမှလည်း ဒိန့်ဂျန်ကျေးရွာသို့ရောက်ရှိလာပြီး တရုတ်ကုမ္ပဏီအား သစ်ပင်တစ်ပင် မကျန် အကုန် ဖြတ်ခုတ်ရှင်းလိုက်ရန် လာပြောသွားပြီး ဒိန့်ဂျန်ရယကမှလည်း ဒေသခံပိုင် လယ်မြေများ သိမ်းယူရန် တရုတ်ကုမ္ပဏီထံသို့ လက်မှတ်ထိုးပေးလိုက်သည်ဟုလည်း ဒေသခံမှ ပြောသည်။
လယ်ယာမြေ ပြေစာရရှိသည့် ဒေသခံများ၏ ခြံမြေများလည်း မတရားသိမ်းယူနေခြင်းအား “ကျမတို့မှာ မြေပြေစာရှိတယ်လို့ပြောရင် တရုတ်ကလည်း သူတို့မှာလည်း ပြေစာရှိတယ်တဲ့၊ ပြပါလို့ပြောတော့ လောပန်းဆီမှာ ရှိတယ်လို့ပြောတယ် သူတို့လောပန်းက တရုတ်ပြည် ကွင်းမိန့်မြို့မှာ နေတာ” ဟု ဒေသခံမှပင် ဆက်ပြောသည်။
ဒိန့်ဂျန်ကျေးရွာသည် ပြည်သူ့စစ်အသွင်ကူးပြောင်းသွားသည့် လဆန်အောင်ဝါ၏ နယ်မြေများဖြစ်ကာ ၎င်းသို့မှ တရုတ်ကုမ္ပဏီတွင် အခွန်ကောက်ခံကာ လယ်ဧက သိမ်းယူရန် အခွင့်ပေးနေသည်ဟု သိရသည်။
အစိုးရဝန်ထမ်းဖြစ်သည့် ဒေသခံများ၏ ခြံမြေများသာ ပြန်လည် ပေးရန်ရှိပြီး အချို့ဒေသခံခြံမြေများတော့ ပြန်ပေးရန် အလားအလာမရှိကြောင်း သိရသည်။
ယခုတွင် တရုတ်ကုမ္ပဏီမှ မြေသိမ်းယူနေခြင်းသည် ဒိန့်ဂျန်ကျေးရွာ အထက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းတရုတ်ကုမ္ပဏီသည် ယခုထိ ၎င်းမြေဧရိယာများ၌ မည်သည့်အပင်စိုက်ပျိုးရန်ရှိသည်ကို ဒေသခံများ မသိသေးဟု ဒေသခံမှ ပြောသည်။

ဘင်္ဂလာဒေခ်ျ့မှ မြန်မာ နယ်စပ် အနီးတွင် ခေတ်မှီ လေတပ် အခြေစိုက်
နိရဉ္စရာ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်နှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေချ့်နိုင်ငံမှ ကော့ဘဇားမြို့တွင် ခေတ်မှီ လေတပ် အခြေစိုက် စခန်းတစ်ခုကို များမကြာမှီ တည်ဆောက်သွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။
အဆိုပါ ပြောကြားချက်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှ ဆောင်းရာသီ လေတပ် လေ့ကျင့်ရေး အခမ်းအနား တစ်ခုသို့ တက်ရောက်စဉ် ဒီဇင်္ဘာလ ၂၇ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျွန်မတို့နိုင်ငံရဲ့ ရေပြင်ပိုင်နက် နယ်နမိတ်နဲ့ တခြား စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ် စောင့် ရှောက် ဖို့အတွက် အဆင့်မှီ လေတပ်အခြေစိုက်စခန်း တစ်ခုကို ကော့ဘဇားမြို့မှာ များမကြာမှီ တည်ဆောက်သွားတော့မှာ ဖြစ်ပါ တယ်ဟု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ပြောဆိုခဲ့သည်။
ကော့ဘဇားမြို့သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တောင်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိကာ မဟာဗျူဟာအရ အရေးပါသော အနေအထားတွင် ရှိသည်။ မြန်မာနှင့် ၂၀၀၈ ခုနှစ်အတွင်းကလည်း ဖြစ်ပွားခဲ့သော အငြင်းပွား ရေပြင်ပိုင်နက်မှာ ကော့ဘဇားခရိုင် အတွင်းတွင် တည်ရှိသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ သှူု့နိုင်ငံ ကြည်းရေလေ တပ်မတော်အား ခေတ်မှီ တိုးတက်အောင် မွန်းမံ တည်ဆောက်နေပြီး နည်းပညာပိုင်းတွင်သာမက ခေတ်မှီ ရေတပ် သင်္ဘောများ၊ ဂျက်တိုက်လေယျာဉ်များဖြင့် အင်အား ဖြည့်တင်းလျက်ရှိသည်။
ဘင်္ဂလာဒေခ်ျ့ ရေတပ် အတွက်လည်း ဖရီးဂိတ် သင်္ဘောများ အပါအ၀င် တခြား ရေတပ် သင်္ဘောအများအပြားကို ၀ယ်ယူထားရှိပြီး ရေငုတ်သင်္ဘောများကို ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် အသုံးပြုရန် စီစဉ်နေသည်။
၂၀၁၉ ခုနှစ်တွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် ရေငုတ်သင်္ဘောများကို ထားရှိသွားမည်ဖြစ်ပြီး တောင်အာရှတွင် ခေတ်မှီ ရေတပ် တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားကြောင်း ဘင်္ဂင်္လာဒေခ်ျ့ အစိုးရမှ ထုတ်ဖေါ် ပြောကြားထားသည်။
လေတပ်တွင်လည်း F18 ဂျက်တိုက်များနှင့် M 21 အပါအ၀င် နောက်ဆုံးပေါ် တိုက်လေယျာဉ်များကို အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ၀ယ်ယူအားဖြည့်ထားသည်။
လေ့လာသုံးသပ်မူများ အပြောအရ ဘင်္ဂလာဒေခ်ျ့ ကြည်းတပ်မှာ မြန်မာ ကြည်းတပ်လောက် အားမကောင်းသော်လည်း လေနှင့်ရေမှာ မြန်မာထက် အားသာမူရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် စစ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံထံမှ နည်းပညာများ ရရှိနေပြီး ယခုအခါ ခေတ်မှီ နည်းပညာများဖြင့် သူ့နိုင်ငံ၏ တပ်မတော်ကို ပိုပြီး ခေတ်မှီအောင် ပြင်ဆင် မွန်းမံ တိုးချဲ့ တည်ဆောက်လျက်ရှိသည်။
ကော့ဘဇားမြို့တွင် ယခုတည်ဆောက်မည့် လေတပ် အခြေစိုက်စခန်းသည် သူ့နိုင်ငံ၏ စစ်ရေးအင်အားကို တိုးချဲ့ ဖြန့်ကျက် ချထားမည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ယခုကဲ့သို့ စစ်ရေး တိုးချဲ့ တည်ဆောက်နေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဖြစ်ပွားနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည် ဖြစ်ပြီး ယခုလက်ရှိ မြန်မာနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက်ကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

တရုတ်နှင့်မြန်မာ စစ်အရာရှိများ နယ်ခြားလုံခြုံရေး ဆွေးနွေးပွဲ ယနေ့စတင်
သျှမ်းသံတော်ဆင့်
တရုတ်နှင့်မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသမှ စစ်ဘက် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် နယ်ခြားဒေသကာကွယ် ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမြို့တော် မန်စီမြို့၌ (၂) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ စစ်ဘက်ကိုယ်စားလှယ် အဖွဲ့ (၆)ဖွဲ့တို့ ၃ လတစ်ကြိမ် ပုံမှန်တွေ့ဆုံသည့် ၂၉ ကြိမ် မြောက် ဆွေးနွေးပွဲ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာစစ်တပ်မှ သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုး ကျော်သူ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြောင်း မြန်မာစစ်တပ်အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကွတ်ခိုင်ဗျူဟာမှူးပေါ့ ဒီမနက် ၇ နာရီကပဲ မူစယ်ကနေ သွားလိုက်ပြီ တရုတ်ပြည် မန်စီမြို့မှာဆွေးနွေးကြမယ် ” ဟု နီးစပ်သူက ပြောသည်။
နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စ ၊ တရားမ၀င်မှောင်ခိုပစ္စည်း တင် သွင်းမှု ကိစ္စများအပါအ၀င် ဒေသတွင်းလုံခြုံရေးဆိုင်ရာများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။
“တစ်ဘက်နဲ့တစ်ဘက် ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို အပြန်အလှန်ဖလှယ်ကြတာပါပဲ မြန်မာဘက်မှာဆို လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စတွေရှိတယ် သောင်းကျန်းသူ ကိစ္စတွေ တရားမ၀င် တင်သွင်းတဲ့ သစ်တို့လို မှောင်ခိုကိစ္စတွေ ဒါတွေကို ညှိနိုင်းဆွေးနွေးကြတာပါ ” လို့ သူက ဆိုသည်။
ထို့အပြင် မကြာမီ တရုတ်နယ်စပ် ရွေလီမြို့မှ တဆင့် မြန်မာဘက်သို့ ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်း ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရှိနေရာ အဆိုပါကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

သျှမ်းသူပုန်နှင့်ပတ်သက်ဟုစွပ်စွဲ၍ ရွာသားနှစ်ဦးအား ဖမ်းဆီးမြေကျဉ်းချုပ်
သျှမ်းသံတော်ဆင့်
ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် အသွင်ပြောင်းရေး ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော်ထိန်း ချုပ်နယ်မြေအနီး ချဉ်းကပ်လှုပ်ရှားသည့် နအဖတပ်များ ဒေသခံလူထုအား သျှမ်းသူပုန်နှင့်ဆက်သွယ် သတင်းပေးသည်ဟုဆို၍ ဖမ်းဆီးရိုက်နှက်ကာ မြေအောက်အချုပ်ခန်းတွင်းထဲ ချုပ်နှောင်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
ပြီးခဲ့တဲ့ ၁၈ ရက် မနက်ဆယ်နာရီခွဲလောက်မှာ ဗမာတပ် ခမယ ၃၂၅ က စိုင်းဆန်ညွှန့်ကို ဘုန်းကြီး ကျောင်းမှာ သွားဖမ်းတယ်၊ သျှမ်းသူပုန်သတင်းပေးဆိုပြီး ရိုက်နှက်စစ်ဆေးတယ်၊ အခု ၀မ့်ဇန့် ဗမာ တပ်စခန်း မြေကျဉ်းထဲ ချုပ်နှောင်ထားတယ်” - ဟု အမည်မဖေါ်လိုသည့် လားရှိုးရောက်ဒေသခံတဦး က ပြောပါသည်။
ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်း၌ စိုင်းဆန်ညွှန့်အား လည်းကောင်း၊ မွန်းလွဲပိုင်း ၁၄း၀၀ နာရီတွင် စိုင်းလှဟန် (၃၈ နှစ်) အားလည်းကောင်း ဗိုလ်ကြီးမင်းထွန်း ဦးဆောင်သည့် ခမယ ၃၂၅ က ဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီး ၀မ့်ဇန့်တပ်စခန်း၌ မြေကျဉ်းချုပ်ထားခြင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အသိုင်းအ၀ိုင်းက ဤကဲ့သို့အတည်ပြု ပြောပြပါသည်။
ဝမ့်ဇန့်ရွာစာရေး စိုင်းမောင် ကို သေနတ်ထောက်ပြီး စိုင်းလှဟန်ရှိတဲ့နေရာလိုက်မပြရင် ပစ်သတ် မယ်လို့ ခြိမ်းခြောက်တယ်။ စိုင်းမောင်လဲ ကြောက်ကြောက်နဲ့ စိုင်းလှဟန် စပါးနယ်နေတဲ့လယ်ကို လိုက်ပြရတာပေါ့။ ဗမာစစ်သားတွေစွပ်စွဲတာက စိုင်းဆန်ညွှန့်အိမ်မှာ စကားပြောစက် ၂ လုံး တွေ့ တယ်တဲ့၊ စိုင်းလှဟန်အိမ်မှာတော့ သျှမ်းသူပုန်ရဲ့စာတွေပါတွေ့တယ်တဲ့။ အဓိက ကတော့ သျှမ်းပြည် တပ်မတော်နဲ့ လူထုအကြား အဆက်အသွယ်မလုပ်ရဲအောင် ခြိမ်းခြောက်တာဘဲ”
မိုင်းရယ်မြို့ အနောက်ဘက် ၈ မိုင် ၀မ့်ဇန့်ရွာသား စိုင်းဆန်ညွှန့် (၄၅ နှစ်) သည် အဘ လုံးမောက် ငင်းလှ၊ အမိပါနွန်းတို့သားဖြစ်ပြီး၊ သားသမီး ၃ ယောက်၏ဖခင်ဖြစ်၏။ စိုင်းလှဟန် (၃၈ နှစ်) မှာမူ အဘလုံးသြလူ၊ အမိနိုင်းလွယ်ဆွယ့်တို့၏သားဖြစ်ပြီး သားသမီး ၂ ယောက် ရှိ၏။ နှစ်ယောက်စလုံး ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းလုပ်ကိုင် လာသူများဖြစ်သည်ဟု ဒေသခံများ က ပြောပါသည်။
ဝမ့်ဇန့်ရွာဘက် နအဖ တပ်စခန်း သွားရောက်အခြေချထားခဲ့သည့် ၄ - ၅ လခန့်မှစ၍ ၀မ့်ဇန့်ကျေးရွာ အုပ်စု၊ ပန်လန်းကျေးရွာအုပ်စု၊ ကုန်းဇုန်နှင့်မတ်လန်ကျေးရွာအုပ်စုအားနေ့စဉ်လုပ်အား အဓမ္မစေခိုင်း မှု၊ မတရား ညှင်းပမ်းနှိပ်စက်မှုကျူးလွန်နေကြောင်း ဒေသခံဝန်ထမ်းတဦးကပြောပါသည်။
အောက်တိုဘာလ ၃၁ ရက်က မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ ဒုဗိုလ်မှူးကြီး မျိုးထွန်း ဦးဆောင် သည့် အင်အား ၆၀ ခန့်ပါ နအဖတပ်ဖွဲ့တဖွဲ့ မိုင်းနန်းအရှေ့မြောက်ဘက် ၀မ့်ဇတ်တိုက်နယ် ၀မ့်ကုန်း ရွာသား စိုင်းထွန်းအားလမ်းပြပေါ်တာ အဖြစ် ခေါ်ဆောင်သွားပြီး ပစ်သတ်ခဲ့ပါသေးသည်။

လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ
မျိုးသိဏ်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အရှေ့ပိုင်း ကျေးရွာ ၁၅ ရွာ အသုံးပြုနေသည့် လမ်းမကြီး ပြုပြင်မည့်ငွေ ကျပ် ၈၂ သိန်းကို မယက ဥက္ကဋ္ဌနှင့် ကျေးရွာတာဝန်ရှိသူတို့က အလွဲသုံးစားလုပ်နေကြောင်း ရွာသားများက စွပ်စွဲပြောဆိုလိုက်သည်။
ပဲခူးရိုးမတောင်ခြေနှင့် ဇီးကုန်းမြို့သို့ ဆက်သွယ်ထားသော ဇီးကုန်း-ဘော်ဘင် လမ်းပိုင်းပြုပြင်ရန် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများက ငွေကျပ် ၈၂ သိန်းပေးခဲ့ရာ လမ်းပြုပြင်ခြင်း မရှိဘဲ ယင်းငွေများကို အာဏာပိုင်များက အလွဲသုံးစား လုပ်ထားကြောင်း ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။
ယင်းငွေများကို ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌ ဦးညွှန့်စိုးနှင့် ဆိတ်ဖူးကျင်းရွာ ဥက္ကဋ္ဌ ဦးတင်ဦးက အလွဲသုံးစား လုပ်ထားကြောင်းနှင့် လက်ရှိ လမ်းအသုံးပြုရသည့် အနေအထားမှာ လွန်စွာဆိုးရွားနေကြောင်း ဆိတ်ဖူးကျင်းရွာနေ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
’’ဇီးကုန်းကနေ ၁၂ မိုင်လောက် ဝေးတဲ့နေရာမှာ ကန်ကြီး အထက်တန်းကျောင်းရှိတယ်။ ဆရာမဆရာမတွေ ကျောင်းသားတွေကော၊ နောက် ဈေးဝယ် ဘာဝယ်သွားတဲ့ သူတွေကော အရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ဗွက်တွေ အရမ်းထူပြီး ဆိုင်ကယ်လည်း စီးရခက်၊ စက်ဘီးဆိုရင်လည်း တထွာသာသာလောက် လမ်းလေးကို ခဲခဲယဉ်းယဉ်း စီးရတယ်။ လမ်းပြင်ဖို့ ငွေကတော့ ရတယ်။ အဲ့ငွေတွေက ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူး ဖြစ်နေတယ်’’ ဟု သူက ပြောသည်။
ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ဒေသခံများ အသုံးပြုလာခဲ့ကြသည့် ယင်းလမ်းမှာ ၂ဝဝ၇ ခုနှစ်တွင် ဘော်ဘင် သစ်တောကြိုးဝိုင်းသို့ သစ်ကုမ္ပဏီများ လာရောက် လုပ်ကိုင်ချိန်မှစ၍ စတင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွာလာခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အေးရှားဝေါလ်နှင့် ကောင်းမြတ် သစ်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုက လမ်းပြင်ရန် ငွေ ၈၂ သိန်းကို လူသိရှင်ကြား ပေးခဲ့ပြီး၊ ဇီးကုန်းမြို့နယ် စည်ပင်ကလည်း ယာဉ်အသွားအလာ အားလုံးကို နေ့စဉ် လမ်းကြေး ကောက်ခံနေသော်လည်း လမ်းပြုပြင်မှု မရှိကြောင်း ဘော်ဘင်ရွာသားတဦးက မဇ္ဈိမကို ပြောသည်။
သူက “ ၁၄ မိုင်ရှိတဲ့လမ်း တမိုင်တောင် မခင်းရသေးဘူး ရပ်သွားတယ်။ မြေနီခင်းတာ ငွေက သိန်း ၅ဝ ကျော်ကုန်သွားပြီလို့ ပြောတယ်။ ဒီလမ်းကို နေ့စဉ်သုံးတဲ့ ဆယ်ဘီး ဆယ့်နှစ်ဘီး သစ်ကားတွေ၊ ထော်လာဂျီ၊ မြင်းလှည်းနဲ့ ပစ္စည်းတင်လာတဲ့ စက်ဘီးတွေကအစ လမ်းကြေးပေးရတယ်။ ဒါပေမဲ့ လမ်းက ကောင်းမလာဘူး’’ ဟု သူက မဇ္ဈိမကို ပြောသည်။
အဆိုပါ စွပ်စွဲချက်အပေါ် ဖြေရှင်းရန် ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
မယကအဖွဲ့နှင့် နီးစပ်သူတဦးက လက်ရှိအချိန်တွင် လမ်းကို အသုံးမပြုသင့်တော့သော်လည်း သစ်ကုမ္ပဏီများမှ ကားများကို ပိတ်ပင်ရန် မဖြစ်သောကြောင့် ပိုမို၍ လမ်းပျက်စီးလာကြောင်းနှင့် လမ်းပိုင်းကို အလုံးစုံပြုပြင်ရန် မြို့နယ်အဆင့်အနေဖြင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ရွေးကောက်ပွဲမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ယင်းလမ်းကို ပြုပြင်ပေးမည်ဟု ပြောဆို၍ မဲဆွယ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
“ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဇီးကုန်းသားပေါ့။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်တုန်းက ဒီလမ်းကိုခင်းပေးမယ် ဘာညာ ပြောသေးတယ်။ လောလောဆယ် သူ့အပြောကို ထားပါဦး။ အခု စည်ပင်က ကောက်တဲ့ငွေက တနေ့ ၂ သိန်း လောက်ရတယ်။ အဲ့ဒီငွေတွေလည်း မပြဘူး၊ ကုမ္ပဏီက ပေးတဲ့ငွေလည်း မပြဘူး။ လမ်းကလည်း ဒီအတိုင်းပဲ’’ ဟု ဘော်ဘင်ရွာသားက ပြောဆိုသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်တို့၏ လက်ရှိအခြေအနေ
နိုင်မာန်
စစ်အစိုးရဘက်မှ နောက်ဆုံးဖိအားပေးမှုအပေါ် မွန်ပြည်သစ်ပါတီအနေနှင့် လက်မခံကြောင်း ငြင်းဆိုပြီးနောက်ပိုင်း နောက်ထပ် ဖိအားတစုံတရာ ပေးလာခြင်းမရှိမှုအပေါ် သံတယဖြစ်စရာဖြစ်ကြောင်း ပါတီဝင်တွေက ပြောသည်။
“ကျနော်တို့ ပါတီဝင်တွေအပေါ် ဘာဖိအားမှ ပေးလာတာမရှိဘူး၊ ကျနော်တို့က အဖွဲ့ငယ်တွေဖြစ်လို့ အေးဆေးတဲ့သဘောနဲ့ လွှတ်ထားတာလား ဒါမှမဟုတ် မွန်ပြည်သစ်ပါတီနဲ့ သေနတ်သံကြားရင် ပြည်တွင်းကိုပါ ကူးသွားမှာကိုဆိုးလို့လား ကျနော်တို့လည်း အကဲခတ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့အပေါ် နောက်ထပ် ဖိအားမပေးလာတာက ထူးတော့ ထူးဆန်းနေတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
စစ်အစိုးရဘက်မှ အကယ်၍ မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ် ပြည်သူ့စစ်ပုံစံနှင့် လက်နက်အပ်နှံရမည်ဆိုသည့် ကမ်းလှမ်းချက်ကို လက်မခံပါက စက်တင်ဘာလနောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီကို ယခင် အပစ်မရပ်စဲခင်ကာလမျိုး ပြန်လည်သဘောထားမည်ဟု စစ်အစိုရးဘက်မှ ဖိအားပေးထားသည်။
မွန်ပြည်သစ်ပါတီအနေနှင့်လည်း စစ်အစိုးရဘက်မှ ဖိအားပေးလာပြီးနောက်ပိုင်း ပြည်တွင်းရှိ ပါတီဝင်များကို ပါတီဗဟိုဝန်းကျင်ဒေသသို့ ပြန်လည်ပြောင်းရွေ့လာကြရန် ညွှန်ကြားထားသည်။
ထိုစဉ်က ပြည်တွင်းရှိ ပါတီရုံးများ စစ်ဆေးခြင်း၊ ပါတီရုံးဆိုင်းဘုတ်ဖြုတ်ခိုင်းခြင်း၊ ကျေးရွာတွေမှာ ပါတီဝင်စာရင်းများ လိုက်လံကောက်ခြင်း အစရှိသည့် လုပ်ရပ်များရှိခဲ့သော်လည်း ယခုနောက်ပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
“ကျနော်တို့ ပါတီဝင်တွေ စစ်သားတွေ သွားလာနေတာ ပြေပြေလည်လည်ပဲ ဘာမှလည်း နှောင့်ယှက်မှုမရှိဘူး၊ သူတို့ဘက်ကလည်း ကျနော်တို့ကို ပြောလာတာရှိတယ်၊ အရင်လိုပဲ ဆက်ဆံကြရအောင် သွားလာရင်လည်း ဘာမှမစိုးရိမ်ပါနဲ့” ဟု ဝေဇင်မှာ တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီ တာဝန်ခံတစ်ဦးက ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ရွေးကောက်ပွဲပြီးသွားလျှင် ပြန်လည်ပစ်ခတ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသော်လည်း ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာလည်း စစ်အစိုရးဘက်မှ မွန်ပြည်သစ်ပါတီအပေါ် တစုံတရာပြုလုပ်လာခြင်းမရှိကြောင်း သုံးသပ်သူတွေက ပြောနေကြသည်။
“ရေးမြို့က တံထားဖြူကို ဖြတ်မယ်ဆိုရင် လက်နက်ပါလား မပါလား အဲလောက်ပဲ မေးပြီးတော့ ဖြတ်ခွင့်ပေးတာပဲ” ဟု ပါတီဝင်တစ်ဦးက ပြောသည်။
နယ်စပ်ဒေသဘုရားသုံးဆူမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်အစိုရးနှင့် ကရင်ဗုဒ္စဘာသာတပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ဘက်မှ လှုပ်ရှားမှုတစုံတရာမရှိခဲ့ပေ။

အကြောက်တရား
ဝီရ
ဒီမိုကရေစီ။ ဤအသံကို ကြားရရုံဖြင့် ကျနော်တို့သည် ထောင်နှုတ်ခမ်းကို ပြေးမြင်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့ မြန်မာပြည်မှာ ရှိကြတဲ့ လူတိုင်း ဒီမိုကရေစီလို့ အော်လိုက်မိတာနဲ့ ထောင်ကို ပါမစ်မလိုဘဲ တန်ပြီး ရောက်သွားတတ်ကြလို့ပါ။ အဲ နောက်တစ်ခုကတော့ မဲရွေးပွဲ၊ မဲ ဆိုတဲ့စကားကို ကြားရရုံနဲ့ ကြက်သီးတွေထပြီး ဆံပင်မွေးပါ ထောင်ပြီးသား။
ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း အမတ်လောင်းတွေဟာ ထောင်ကျသူက ကျ၊ ပြည်ပရောက်သူက ရောက်၊ စောင့်ကြည့်ခံရတဲ့သူက စောင့်ကြည့်ခံရနဲ့ပေါ့။ ဒီအတိုင်းပါပဲ အခု နိုင်ငံတော်အစိုးရက ၂၀၁၀ ခုနှစ်မှာ စည်းကမ်းရှိသော ဒီမိုကရေစီအတွက် လူထုတွေ မဲထည့်ကြရမယ်တဲ့။ အဲဒါ ပိုဆိုးတာပေါ့၊ ကျနော်တို့ မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်က ပြည်သူတွေအတွက်တော့ ဒီမိုကရေစီအတွက် မဲထည့်ရမယ်ဆိုတဲ့ စကားကိုလည်း ကြားရော နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရသည့်အလား ခံစားကြရတော့တာပေါ့။
အခုလည်း သတင်းတွေ ထွက်နေပြန်ပါသတဲ့။ ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲက ယင်းဒိန်းရွာသူရွာသားတွေ ရွေးကောက်ပွဲမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲမထည့်ရဘူးတဲ့။ ထည့်တဲ့သူကို ရွာကနေ နှင်ထုတ်ပြီးသားတဲ့။ အဲဒါက ယင်းဒိန်ကျေးရွာဥက္ကဋ္ဌရဲ့ အမိန့်ပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် (၃၀) ဝန်းကျင် ယင်းဒိန်းရွာသားတစ်ဦးက “ကျနော်တို့ ရွာလူကြီးက တကယ်လို့ မဲရွေးပွဲမှာ မွန်ပါတီကို မဲထည့်လို့ရှိရင် ဒီရွာက အပြီးပိုင် တစ်ခါတည်း ထွက်သွားပါလို့ ပြောတယ်” လို့ ပြောပါတယ်။
ရွာသားတွေလည်း စစ်သားနဲ့ ရွာဥက္ကဌကို အမြဲကြောက်နေကြရတော့ ဒီပါတီကို မဲထည့်ဖို့ အတော်ကို စဉ်းစားရမှာ ဖြစ်တယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ စက်တင်ဘာလ စတုတ္ထပတ်လောက်က ရေးမြို့နယ်တောင်ပိုင်းမှာ စတင်စည်းရုံးရေး ဆင်းကြတယ်လို့ သိရတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်လူငယ်တစ်ဦးကတော့ “ကျနော်တို့ပါတီ ရေးတောင်ပိုင်းကို စည်းရုံးရေး ဆင်းတဲ့အခါ လမ်းအသွားအလာမှာ အနှောက်အယှက် အတားအဆီး မရှိပေမယ့် ရွာတွေရောက်တဲ့အခါမှာ ကိုယ်ပြောချင်တာ ပြောလို့ မရဘူး။ နောက်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောတဲ့အခါမှာ သတ်မှတ်ထားတဲ့ လူဦးရေလောက်နဲ့ပဲ စကားပြောခွင့် ရှိတယ်” လို့ ပြောပါတယ်။
ပါတီဝင်များကို စည်းရုံးရာတွင်လည်း ပြည်သူများ အကြောက်တရားကြောင့် ပါတီသို့ မဝင်ရဲကြောင်း အထက်ပါလူငယ်က ပြောပါတယ်။
“ပါတီဝင်ဖို့ မပြောနဲ့၊ အသံကြားတာနဲ့ကို ဝေးဝေး ရှောင်သွားကြတယ်။ ကျနော့်ရဲ့အမြင် ပြောရရင် သူတို့ဟာ ၉၀ ခုနှစ်က မဲရွေးပွဲလို ဖြစ်မှာကို စိုးရိမ်နေကြတယ် ထင်တယ်။ ကျနော်တောင် ပထမက ဒီလိုပဲ စိုးရိမ်မိတယ်၊ နောက်တော့ ကျတော်တို့ကို ပါတီဝင် လူကြီးတွေ ရှင်းပြတော့မှ စိုးရိမ်စိတ်တွေ ပျောက်သွားတယ်” လို့ သူက ပြောတယ်။
သာမန်ပြည်သူတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲအကြောင်းကို နားမလည်ပဲ အကြောက်တရား ရှိသည် သာမက အစိုးရဝန်ထမ်းများလည်း ထိုကဲ့သို့ပင် အကြောက်တရား ရှိနေကြသည်။
အသက်(၂၅) နှစ်လောက်ရှိတဲ့ ကျောင်းဆရာမတစ်ယောက်က “ကျမကတော့ ဒီမဲရွေးပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကို မဲမပေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမကို (တစည) ပါတီကနေပြီး ရပ်ကွက်က မဲရုံတစ်ခုမှာ မဲရုံမှူး လုပ်ခိုင်းလို့ ကျမလည်း ဝန်ထမ်းဖြစ်နေတော့ သူတို့ခိုင်းတာ မငြင်းရဲဘူးလေ” ဟု ခပ်တိုးတိုးလေး ပြောပါတယ်။
“မဲရွေးပွဲကျရင် ဘယ်လိုလာမလဲ မသိသေးဘူး၊ ကျမ သတင်းကြားရသလောက်တော့ မဲထည့်တဲ့အခါမှာ ကျမတို့ နာမည်ကို ရေးပြီးမှ မဲပေးရမယ်လို့ ကြားရတယ်။ တကယ်လို့ ဒီအတိုင်းဆို ကျမကြိုက်တဲ့ပါတီကို မဲမပေးရဲဘူး။ သူတို့ ထည့်ခိုင်းတဲ့ ပါတီကိုပဲ မဲပေးရတော့မှာပေါ့” လို့ ပြောပါတယ်။
အသက် (၅၀) ဝန်းကျင် ရေးမြို့သူ အမျိုးသမီးတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ ကျမယောက်ျားကို သူတို့ပါတီကို ဝင်ဖို့ လာခေါ်ကြတယ်လေ။ ကျမယောက်ျားက စစ်သားဟောင်း၊ ပထမကတော့ သူက ဝင်မလို့၊ ကျမက မဝင်ဖို့ အမြန်တားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဘုမသိဘမသိနဲ့ ပါတီထဲကို ဝင်လိုက်ပြီးရင် အရင်တစ်ခါ ၉၀ တုန်းကလို ပြဿနာတွေ ပြန်ဖြစ်လာရင် ဘယ့်နှယ်လုပ်မလဲ မဟုတ်လား” လို့ ပြောတယ်။
အသက် (၆၀) ဝန်းကျင် ရေးမြို့သားတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ လာပြီး သူတို့ပါတီကို ဝင်ဖို့ လာစည်းရုံးတယ်လေ၊ ဘကြီးလည်း ဒီလိုနိုင်ငံရေးတွေကို စိတ်မဝင်စားတော့ပါဘူးကွယ်၊ အရင်ကလည်း လုပ်ထားဖူးပြီးပြီ၊ အခုလည်း လူမှုရေးအသင်းတွေကိုပဲ လုပ်တော့မယ်၊ ဒီလိုနိုင်ငံရေးတွေ လုပ်လို့ ထောင်လည်း ကျဖူးပြီးပြီ၊ ဒီကိစ္စတွေမှာ တကယ်လို့ တစ်ခုတစ်ခု လွဲခဲ့ရင် ထောင်အသက်က လူအသက်ထက် ကြီးသွားနိုင်တယ်” လို့ ပြောပါတယ်။
လွန်ကဲ့တဲ့သုံးလလောက်လ ရွာတစ်ရွာကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့တယ်၊ အဲဒီရွာကတော့ အစိုးရစစ်တပ်တွေရော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေရော အမြဲရှိနေတတ်တဲ့ ရွာဖြစ်တဲ့ ရေးမြို့နယ်တောင်ပိုင်းက ရင်းရဲကျေးရွာပေါ့၊ အဲဒီရွာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကြာခဏ ဆိုသလို ခံနေရတဲ့ ရွာတစ်ရွာပေါ့၊
လွန်ခဲ့သည့် သုံးလခန့်တွင် ရင်းရဲကျေးရွာ၌ ရွာသူရွာသားများ ဟိုတစ်စု ဒီတစ်စုနဲ့ သွားလာနေကြတာကို တွေ့လိုက်ရတယ်။ အသက် (၄၀) ဝန်းကျင်လောက် ရှိတဲ့ အဲဒီရွာသားက “ ဒီနေ့ ဥက္ကဋ္ဌက ရွာသူရွာသားတွေကို အစည်းအဝေး ခေါ်ထားတာရှိတယ်၊ တစ်အိမ်တစ်ယောက် မသွားမနေရ၊ ဒီအစည်းအဝေးကို ခေါ်ဖို့အတွက် ရွာသူရွာသားတွေ တစ်ယောက်မှ ဒီနေ့ ခြံမသွားရ ဆိုပြီး တောပိတ်ထားတယ်။ အစည်းအဝေးမှာတော့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အကြောင်းနဲ့ မဲထည့်တဲ့အခါ ဘယ်ပါတီကို ထည့်ရမယ့်အကြောင်းပဲ ပြောမှာပါ” လို့ ပြောပါတယ်။
၎င်းရွာသားက ဒီလိုအစည်းအဝေးကို အခုတလော ခဏခဏ ခေါ်နေကြောင်း၊ ဒီလိုအစည်းအဝေးကို ခေါ်တိုင်းလည်း တောပိတ်ထားကြောင်း၊ အရင်အပတ် အစည်းအဝေးမှာလည်း ဒီမဲရွေးပွဲမှာ မဲထည့်တဲ့ အခါကျရင် မှားပြီး မထည့်မိအောင် သူတို့ ပြောသလို ထည့်ကြရမည်ဟု ဥက္ကဋ္ဌက ပြောခဲ့ကြောင်း၊ တကယ်လို့ သူတို့ ပြောသလိုမျိုး မထည့်ပါက ရွာသားတွေ သူတို့လုပ်သလို ခံကြရမည် ဖြစ်ကြောင်း အဲဒီအိမ်ရှင်ကပဲ ပြောပြပါတယ်။
ဒီကိစ္စဖြစ်ပြီးလို့ တစ်လခန့်အကြာမှာတော့ ရေးမြို့ အနောက်မြောက်ပိုင်းရှိ ရေးမြို့မှ (၁၃) မိုင်အကွာလောက် သွားရသည့် သောင်ပြင်ကျေးရွာ၌လည်း ကြံ့ခိုင်ရေးပါတီက ရွာခံများအပေါ် ခြိမ်းခြောက်နေခြင်းကို ရွာခံအမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။
“ဟိုတစ်လောကတောင် ကြံ့ခိုင်ရေးပါတီဝင်တစ်ယောက်က ရွာက လူတွေကို လိုက်ပြောနေတယ်၊ တကယ်လို့ မင်းတို့တစ်တွေ ကိုယ့်မိန်းမနဲ့ကိုယ် အိပ်ရာမှာ အတူတူ အေးအေးဆေးဆေး ဆက်ပြီး အိပ်ချင်ကြရင် တို့ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ကြ။ အဲလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး မနေချင်ဘဲ နယ်စပ်ကို ပြေးချင်ရင်တော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို သွားထည့်ကြ” လို့ ပြောပါတယ်။
နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲ၏ စည်းကမ်းအတိုင်း စည်းရုံးမှု မပြုကြဘဲ ဤကဲ့သို့ ပြည်သူလူထုများကို ခြိမ်းခြောက်စည်းရုံးသွားပါက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအတွက် အမတ်လောင်းများအား မဲဆန္ဒပေးရာ၌ အထူးပင် ဇဝေဇဝါ ဖြစ်နိုင်လေသည်။
ယခင်ကပင် စစ်တပ်များ၏ ဖိနှိပ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း၊ တောတွင်းလက်နက်ကိုင်များ၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်း ထာဝစဉ်ရှိနေသော ရေးမြို့နယ် တောင်ပိုင်းကဲ့သို့ နယ်များမှ ပြည်သူများအဖို့ ရွေးကောက်ပွဲတွင် အကြောက်တရားကို ရှေ့ထားပြီး မဲပေးရမည် ဖြစ်သောကြောင့် မိမိတို့ဆန္ဒအတိုင်း မဲမပေးနိုင်ကြမည်ကို စိုးရိမ်ဖွယ်ရှိကြောင်း ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် အသက် (၄၀) ဝန်းကျင် ရေးမြို့သားတစ်ဦးက ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,30th,2010
( 26 )Burma 2011: Asian Friends Will Fill Junta Pockets
( 25 )လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်
( 24 )Bangladesh to Build Full-Fledged Air Force Base Near Burma Border
( 23 )“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ
( 22 )Suu Kyi issues call for cyclone aid
( 21 )နှစ်သစ်အစောပိုင်း လများတွင် အအေးလှိုင်း ဖြတ်မည်
( 20 )Fishing, farming declines in Burma
( 19 )ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်
( 18 )China builds border posts
( 17 )ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်
( 16 )Two Women Arrested with 25,000 Yaba on Border
( 15 )ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား
( 14 )Junta Expands Military
( 13 )ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော
( 12 )လမ်းပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းထိုးတက်
( 11 )Suu Kyi Tells 'Time' She May Reconsider Support For Sanctions On Myanmar
( 10 )ရခိုင်ပါတီ ခေါင်းဆောင် ဦးပတီးဖြူ အလင်းဝင်
( 9 )Mon party holds pre-parliament meeting
( 8 )လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်
( 7 )Wa reserve judgment on Panglong II
( 6 )နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး NLD ကြိုးပမ်း
( 5 )Burmese opposition leaders seek more support post-Giri
( 4 )ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို
( 3 )Arakan party chief Padee Phyu surrenders to Burmese military
( 2 )မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ
( 1 )Refugee center honors 2

Wednesday, December 29, 2010
မြန်မာငွေတုကိုင်ဆောင်သူ အမျိုး သားတဦးကို မယ်လစခန်းတွင် ဖမ်းမိ
စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၌ မြန်မာငွေတု ၅,၀၀၀ကျပ်တန် သိန်း ၃၀ ကိုင်ဆောင်ထား သူ အမျိုးသားတဦးကို စခန်းအာဏာပိုင်များက ဒီဇင်ဘာလ ၂၇ရက်နေ့ ညနေ ၄နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ကေအိုင် စီက စုံစမ်းသိရှိရသည်။
မြန်မာငွေတုကိုင်ဆောင်သူ အသက် ၄၀အရွယ် စောဖိုးဝါးသည် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တဦးဖြစ်ပြီး ၎င်း၏ဆိုင်ကယ် ၂စီး ရောင်းရာမှရသည့် ပိုက်ဆံကို ထိုင်းဘတ်ငွေနှင့်လဲလှယ်ရန် မယ်လစခန်းကို ရောက်ရှိလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု မယ်လစခန်း လုံခြုံရေးတာဝန်ခံ စောအားမူက ကေအိုင်စီကို ပြောသည်။
သူက “ကော့ကရိတ်လမ်းဘက်က သူလာတယ်လို့ ပြောတယ်။ သူ့ထွက်ဆိုချက်အရဆိုရင် လိမ်တယ်ဆိုတာ ရှင်းနေပါတယ်။ ကော့ကရိတ်ဘက်က လာမယ်ဆိုရင် ငွေကို ဒီကိုလာပြီး လဲမယ်ဆိုရင် မဲဆောက်တို့၊ မြ၀တီတို့မှာ လဲလို့ရတာပဲ။ နောက် ဒီ စခန်းမှာ သူသိတဲ့သူဆိုလို့ တယောက်မှ မရှိဘူး။ ဒီပိုက်ဆံတွေ အတုအစစ် ခွဲခြားနိုင်ဖို့ ကျပ် ၅ထောင်တန် အစစ်တရွက်နဲ့ယှဉ် ပြီး ရေထဲမှာ စိမ်ကြည့်တယ်။ အတုကတော့ ရေထိတာနဲ့ ကြေမွသွားတာပဲ။ အစစ်ကတော့ ဘာမှမဖြစ်ဘူး။”ဟု ရှင်းပြသည်။
စောဖိုးဝါးသည် ဒီဇင်ဘာလ ၂၇ရက်နေ့က မယ်လစခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ငွေလဲလှယ်ဆိုင်တွင် ကျပ် ၅ထောင်တန်များ လဲ လှယ်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး နောက်တနေ့ ၂၈ရက်နေ့ ညနေဘက်တွင် စခန်းအာဏာပိုင်များက စခန်းအတွင်းရှိ ထိုင်းအာဏာ ပိုင်ဆီသို့ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။
မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်စခန်း၏ ဥပဒေစည်းမျဉ်းစည်းကမ်းအရ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူး မှုကဲ့သို့သော အပြစ်ကြီး ကျူးလွန်သူများကို ထိုင်းအာဏာပိုင်ထံ အပ်လေ့ရှိပြီး တန်ဖိုးသေးသည့်ပစ္စည်းများ ခိုးမှု၊ အလစ်သုတ် မှု စသည်တို့ကို စခန်းဥပဒေနှင့်အညီ ကိုယ်တွယ်ဖြေရှင်းလေ့ရှိသည်ဟု စခန်းဥက္ကဌ စောထွန်းထွန်းက ယခုလို ပြောသည်။
“ခုအမှုက ကြီးတယ်လေ။ ဒါကြောင့် ထိုင်းအာဏာပိုင်ဆီကို အပ်ရတာ။ မလိုလားအပ်တဲ့ အခုလို အဖြစ်မျိုးဖြစ်တာ ကျနော်တို့ စခန်းအတွက် စိုးရိမ်စရာပဲ။ နောက်ထပ်လည်း ထပ်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ ကျနော်တို့ စခန်းသူ စခန်းသားအားလုံး လည်း သတိရှိရှိနဲ့ နေကြရမယ်။”ဟု ပြောဆိုသည်။
စောဖိုးဝါးကိုယ်တိုင်က ထိုင်းနိုင်ငံထဲကို တဦးတည်းသာလာသည်ဟု ဖြောင့်ချက်ပေးထွက်ဆိုခဲ့သော်လည်း တာ့ခ်ခရိုင် ထိုင်း အာဏာပိုင်များ၏ စုံစမ်းပြောပြချက်အရ ၎င်းနှင့်အတူ အမျိုးသမီး ၄ဦးလည်း မဲဆောက်မြို့တွင် ရောက်ရှိနေသည်ဟု သိရ သည်။
မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၁၀နှစ်ခန့်က မြန်မာကျပ်ငွေ တစ်ထောင်တန် ဆယ်သိန်း ကိုင်ဆောင်လာသူတစ်ဦးကို စခန်းတာဝန်ရှိသူများက အလားတူ ဖမ်းဆီးရမိခဲ့ဖူးသေးသည်။

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့
ရန်ပိုင် Wednesday, 29 December 2010
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။
အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။
ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။
၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။
လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။
ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။
ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။
လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်
မင်းနိုင်သူ Wednesday, 29 December 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။
“ပါတီလုပ်ဆောင်ချက်တွေကို အများသိနိုင်အောင် အွန်လိုင်းအသုံးပြုနိုင်ဖို့ ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ညှိနှိုင်းနေပါတယ်။ မကြာမီမှာ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်”ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ တွေ့ဆုံပွဲကို ကူညီပေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက“NLDဟာ သမားရိုးကျလမ်းကြောင်းကြီးကိုပဲ သွားနေတယ်။ ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ သိပ်မလုပ်နိုင် ဘူး။ အင်တာနက်တင်မကဘူးဗျာ။မနေ့က ကျနော်တို့ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ တွေ့ရတာက ရုံးလုပ်ငန်းတွေမှာတောင်
ကွန်ပျူတာ ပြည့်ပြည်၀၀ မသုံးနိုင်သေးဘူး။ ဘာနဲ့တူလဲဆိုတော့ အစိုးရ ရုံးအိုကြီး တရုံးနဲ့ တူနေတယ်”ဟု ပြောသည်။
NLD ပါတီအနေဖြင့် ပါတီလူငယ်များ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံယုံကြည်ကြည်နှင့် ညှိနှိုင်းလုပ်ဆောင်သင့်သည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်ကြားသလောက်ကတော့ ပါတီကလူကြီးတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတယ်။ လုပ်ခဲ့ရင် ပါတီက ထုတ်ပစ်တာတွေ ၊ ဘာတွေရှိတော့ လူငယ်တွေကလည်း ကျော်မလုပ်ရဲကြဘူး ။ ရုံးတွင်းအောင်းတဲ့ အလေ့အထတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဒါတွေ ပြင်သွားလိမ့်မယ် ထင်ပါတယ်။ ပြင်လည်း ပြင်သင့်နေပါပြီ”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်သည်။
၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုအနက် အရပ်သားပါတီ အများစုသည် ပါတီဖွဲ့စည်းပုံ ၊ ပါတီခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ ၊ ပါတီရပ်တည်ချက်များကို အင်တာနက်အသုံးပြုကာ ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်လာကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှာမူ ယခုအချိန်ထိ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကိုယ်ပိုင် ၀ဘ်ဆိုက်ထောင်ထားသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက “ကျနော်တို့ လူကြီးတွေကတော့ အင်တာ နက်နည်းပညာနဲ့ အကျွမ်းမ၀င်ဘူး။ သို့သော်လည်း ပါတီက လူငယ်တွေက သူတို့ လုပ်ပေးမယ်ဆိုတော့ ကျနော်တို့က လည်း လုပ်ပေါ့။ ဘာတွေလုပ်ကြမယ် ၊ ဘာတွေ တင်ပြကြမယ်ဆိုတာကိုတော့ လူငယ်တွေက ကျနော်တို့နဲ့ ညှိနှိုင်းပါတယ်။ ဒီအတွက် လည်း ပါတီဝင်ထုအပြင် အခြားသော လူငယ်တွေကအစ ပါတီရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် သိလာကြ တာပေါ့”ဟု ပြောသည်။
ကနေဒါနိုင်ငံရှိ ဦးကျော်မြင့်နှင့်ပူးပေါင်းကာ ဦးသုဝေပါတီထူထောင်မည်ဆိုသော အင်တာနက် သတင်းကြောင့် ဒီမိုကရက်တစ်ပါတီ မထူထောင်မီကပင် ပါတီကို လူစိတ်ဝင်စားမှုရှိခဲ့သည်ဟုလည်း ဒီမိုကရက်တစ်ပါတီဝင်တဦးက ဆိုသည်။
“၀ဘ်ဆိုက်အတွက် လိုအပ်တာတွေ တင်တာ ချတာကို အများသုံးအင်တာနက်ဆိုင်တွေကပဲ လုပ်တာပါ။ မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်အသုံးပြုခွင့် လျှောက်ထားပြီး သုံးစွဲဖို့ဆိုတာကလည်း ငွေရေး ကြေးရေးအရ မဖြစ်နိုင်သေးဘူးလေ”ဟု အဆိုပါ ဒီမိုကရက်တစ် ပါတီဝင်က ပြောသည်။
NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် သူမအနေဖြင့် အွန်လိုင်းမှတဆင့် လူထုနှင့်ထိတွေ့လိုကြောင်း ၊ ဒုတိယပင်လုံညီလာခံကိုလည်း တယ်လီ ကွန်ဖရင့် ဖြင့် ပြုလုပ်နိုင်မည့် နည်းလမ်းလည်း ရှိနိုင်ကြောင်း ၊ အင်တာနက်အသုံးပြုနိုင်ရေး တရားဝင် လျှောက်ထားသွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်အတွင်း၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းအပြီး NLD ပါတီ နယ်ရုံးခွဲများကို စစ်အစိုးရက ပိတ်ပစ်ခဲ့ပြီး ရန်ကုန်ရှိ NLD ရုံးချုပ်ဖုန်းကိုလည်း ယခုအချိန်အထိ ဖြတ်တောက်ထား သည်။
“ကျနော်သိသလောက်တော့ ရွေးကောက်ပွဲဝင်ပါတီတွေအားလုံး အများသုံးအင်တာနက်ဆိုင်တွေကပဲ အသုံးပြုနေတာပါ။ ပါတီဝင် လူငယ်တွေကပဲ အွန်လိုင်းစာမျက်နှာတွေကို ဖွဲ့စည်းပေးနေကြတာပါ ၊ NLD အနေနဲ့လည်း ဒါမျိုးတွေလုပ်ဖို့သင့်ပါပြီ။ လုပ်မှသာ လည်း ပါတီလုပ်ဆောင်ချက်တွေ ပိုပြီး ထိရောက်လာမှာပါ ၊ ဆက်သွယ်ရေးရုံးက ခွင့်ပြုချက်ရဖို့ ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ် ပါဘူး”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်ပြောဆိုသည်။
၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့ပြီးနောက် NLD ပါတီသည် အခမ်းအနားများကိုလည်း ဒုဥက္ကဌ ဦးတင်ဦးနေအိမ်သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။
“မလိုအပ်ဘဲ ထိပ်တိုက်တွေ့မှုကို မပြုလုပ်ချင်တဲ့အတွက် ပါတီရုံးချုပ်မှာ အခမ်းအနားလုပ်တာတွေကို ခဏရပ်ထားခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ဥပဒေအရ တရားဝင်ပါတီဖြစ်တယ်ဆိုတာကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးချိန်ကစ ပြီး ပါတီလုပ်ဆောင်ချက်တွေကို အကုန်ပြန်လုပ်နေပါပြီ”ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD ပါတီ ပြန်ကြားရေးကော်မတီကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးခင်မောင်ဆွေက ဦးဆောင်ခဲ့ သည်။
ထို့နောက် ဦးခင်မောင်ဆွေ ဦးဆောင်သော NLD အဖွဲ့ဝင်တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့အင်အားစုအဖြစ် ပါတီ ထူထောင် ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ ယခုအခါ NLD ပါတီ ပြန်ကြားရေးကော်မတီတွင် ဦးဉာဏ်ဝင်း ၊ ဦးအုန်းကြိုင် ၊ ဦးကြည်တိုးနှင့် လူငယ် တချို့ တာဝန်ယူထားကြောင်း သိရသည်။

MYANMAR PRESS AWARD 2010 ဆု ပေးပွဲ စိစစ်ရေး ဖိအားပေး
ရန်ပိုင် Tuesday, 28 December 2010
MYANMAR PRESS AWARD 2010 ဟု အမည်ပေးထားသော မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စာပေစိစစ်ရေး မှ ဖိအားပေးမှုကြောင့် လာမည့် ဇန်န၀ါရီလ အတွင်းသို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ထို ဆုပေးပွဲ ရက်ရွှေ့ဆိုင်းရခြင်းမှာ စာပေစိစစ်ရေးမှ ညွန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေ ၏ ခေါ်ယူ ပြောဆိုမှုကြောင့် ဖြစ်ကြောင်း၊ စာပေစိစစ်ရေး အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းကို ကြိုဆိုပါသော်လည်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ခွင့်ပြု ချက်ကို ရယူစေလိုကြောင်း ဆုရွေးချယ်ရေး အဖွဲ့ကို ခေါ်ယူပြောဆိုခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သော စာနယ်ဇင်း သမားများနှင့်ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ပါဝင်သည့် အမှုဆောင်တချို့သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့သည်။
ပထမဆုံးအကြိမ် မြန်မာလူငယ် သတင်းစာ ဆရာများကို ပေးအပ်မည့် ယခုဆုကို မူလက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် စာရေးဆရာ ကျော်ရင်မြင့်ကလည်း ပြောဆိုသည်။
“အခက်အခဲကတော့ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ ညှိတဲ့နှိုင်းတဲ့ အစီအစဉ်လေးတွေ မပြီးသေးလိုပါ၊ ပွဲလည်း လုပ်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ရက်ရွှေ့ရခြင်း အကြောင်းအရင်းတချက်မှာ မိမိတို့ အဖွဲ့မှ ကျင်းပမည့် ရက်သည် အစိုးရမှ နှစ်စဉ်ပေးအပ်နေသည့် အမျိုးသား စာပေ ဆုပေးပွဲနှင့် တိုက်ဆိုင်နေသည့် အတွက်လည်း ဖြစ်သည်ဟု ဆရာကျော်ရင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း အခြေအနေကို ကြည့်လျှင် သတင်းလောကရှိ လူငယ်ဂျာနယ်လစ်များမှာ ပိုမိုကြိုး စားအားထုတ်လာသည် ကို လေ့လာတွေ့ရသည့်အတွက် အသိအမှတ်ပြု အားပေးရန် ယခုကဲ့သို့ စုပေါင်းပြီး ဆုတခုဖန်တီးကာ ချီးမြှင့်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ယခုနှစ်တွင် ထုတ်ဝေသည့် ဂျာနယ်များမှ သတင်း၊ ဆောင်းပါး၊ သတင်းဓာတ်ပုံ၊ ကာတွန်းနှင့် သဘာဝ ပတ် ၀န်းကျင်နှင့် ပတ်သက်သည့် သတင်းများ စသည့် ကဏ္ဍများကို ဆု အဖြစ် ပေးအပ်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။
ထိုသို့ ဆုပေးနိုင်ရန် အတွက် စာရေးဆရာ အယ်ဒီတာ ရဲနိုင်မိုး၊ စာရေးဆရာ ကျော်ရင်မြင့်၊ ပန်းချီ ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း၊ ကာတွန်း အော်ပီကျယ်၊ စာရေးဆရာ ညီပုလေး တို့မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ Green Heart ဟု အမည်ပေးထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး အနုပညာအဖွဲ့၊ အောင်သမာဓိ ရွှေဆိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင် စသည့် လုပ်ငန်းရှင်များက ပံ့ပိုးမှုများပေးသည်ဟု ဆရာကျော်ရင်မြင့်က ရှင်းပြ သည်။
လက်ရှိ မြန်မာ စာပေလောကတွင် ၀တ္တုများနှင့် ပတ်သက်လျှင် အရည်အသွေးကျဆင်းသွားသည်ဟု ထင်မြင်သော်လည်း သတင်း ကဏ္ဍတွင် ပိုမိုတိုးတက်လာသည်ဟု ထင်မြင်ကြောင်း၊ စာစောင်ဂျာနယ်များကို ထုတ်လုပ်ခွင့်ပြုခဲ့သည့်အတွက် လူငယ် စာနယ် ဇင်းသမား ပိုမိုရောက်ရှိလာပြီး ပိုမိုကြိုးစားလာကြောင်းလည်း ဆရာကျော်ရင်မြင့်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အငတ်ဘေးဒဏ်ခံချင်းပြည်သူများကို ကူညီမည်
ခိုနူမ်းထုန်သတင်း၊ ၂၈ ဒီဇင်ဘာ ၂၀၁၀
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ကအငတ်ဘေးဒဏ်ကြုံတွေ့နေရသည့် ချင်းပြည် သူ များကိုအကူအညီ တွေထောက်ပံ့ပေးရန်စီစဉ်နေကြောင်းသိရသည်။
ယခုလ ၂၂ ရက်နေ့က ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အဲန်အယ်လ်ဒီ ဗဟိုဌါနချူပ် တွင်တွေ့ဆုံကြရာ ချင်းပြည်သူများလက်ရှိရင်ဆိုင်နေရသည့် အစာရေစာငတ်မွတ်ခေါင်းပါးမှု ကိစ္ခ္စနဲ့ပတ်သက်ပြီး အကူအညီတွေပေး နိုင်ဖို့ဆွေး နွေးတိုင်ပင်ခဲ့ကြသည်ဟု ချင်းပြည်နယ် အဲန်အယ်လ်ဒီဗဟိုတာဝန်ခံ ဦးဇော်ဘွဲ့ကပြောသည်။
ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကချင်းပြည်သူများလက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေတွေကို သေချာစွာစာရင်းပြုစုပြီး ၄င်းထံသို့ပြန်လည်တင်ပြရန်ညွန်ကြားခဲ့ကြောင်းဦးဇော်ဘွဲ့ကဆက်ပြောသည်။
ယခုအခါ ချင်းပြည်နယ်အဲန်အယ်လ်ဒီကချင်းပြည်နယ်မြို့နယ် ကိုးမြို့နယ်စလုံးမှ အငတ်ဘေးဒဏ်ခံစားနေကြသည့်ချင်းပြည်သူ များလက်ရှိအခြေအနေများကို စာရင်းပြုစုနေကြကြောင်းဒီတပတ်တွင်ဒေါ်အောင်ဆန်း စုကြည်နှင့်ပြန် လည်တွေ့ဆုံပြီး တင်ပြ ကြမည်ဟုသိရသည်။
၎င်းတို့တင်ပြမည့် အစီရင်ခံစာအပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကူအညီတွေခွဲဝေပေးမည်ဟု ဦးဇော်ဘွဲ့ ကဆက်ပြောသည်။
“ကျနောတို့ ချင်းပြည်နယ်အနေနဲ့ အခက်အခဲဆုံးဒေသတွေကို အေ၊ဘီ၊စီဆိုပြီးခွဲကာ သုံးပိုင်းပိုင်းပြီးတော့ တင်ပြ မယ်၊ လူဦးရေအခြေ အနေဆန်ရေစပါးပျက်စီးမှုအခြေအနေတွေအပေါ်မှာမူတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကအကူအညီ တွေခွဲ ဝေ ပေးပါလိမ့်မယ်” ဟုဦးဇော်ဘွဲ့ကပြောသည်။
လွန်ခဲ့သည့် ၂၀၀- ၂၀၀၇ ခုနှစ်ကစပြီး ချင်းပြည်နယ်တွင် ၀ါးသီးလာပြီးကြွက်သောင်းကျန်းမှုကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု စတင်ကျရောက်လာခဲ့ခြင်းဖြစ်သည်။ ဒေသအခေါ်အရ Mautam ဟုခေါ်ကြသည့် အစာရေစာခေါင်းပါးမှုကပ်ဆိုးဒဏ်သည် အနှစ် ၅၀ မှာတကြိမ်ဖြစ်ပွားလေ့ရှိသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရောက် အခြားချင်းဘာသာရေးအသင်းအဖွဲ့များ၊ ချင်းလူမှုအသင်းအဖွဲ့များ၊အစိုးရအဖွဲ့အစည်းများမဟုတ်သည့် World Food Program (WFP)၊ Country Agency for Rural Development (CAD)၊ Open Society Institute(OSI) တို့က ကူညီထောက်ပံ့မှု တွေပေးခဲ့သည်။
သို့သော်လည်း နိုင်ငံတော်အစိုးရက ယခုချိန်ထိ တစုံတရာထောက်ပံ့ပေးမှုတွေမရှိသေးပေ။
နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချူပ်မှပြန်လည်လွတ်မြောက်လာသည့် ဒေါ်ဆောင်ဆန်းစုကြည်က ဂီရီမုန်တိုင်း ဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်လူထုအတွက် မကြာသေးခင်ကကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။

မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခန်းများ အမြန်တည်ဆောက်နေ
KNG
တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်းဆက်စပ်သည့် ၎င်း၏ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့်တပ်များသာထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန်တည်ဆောက်နေပါသည်။
ယခုချိန် ဆောက်လုပ်ခြင်းပြီးစီးတော့မည့် ထို မန်ဟိုင်း တရုတ်တိုက်ခိုက်ရေးစစ်စခန်းသည် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
စစ်စခန်းတွင် (၄) ထပ်တိုက်ဆောင်တစ်ခုနှင့် ၎င်း၏အနီးတ၀ိုက်တွင် တိုက်ငယ် အဆောင်များစွာကိုလည်း တည်ဆောက်နေကြောင်း ဒေသခံမျက်မြင်သက်သေများ ကချင်သတင်းဌာနသို့ ပြောပါသည်။
မုံဂိုးမြို့ခံတစ်ဦးက “အရင်က အဲတာတွေမရှိဘူး။ ခုတော့ မန်ဟိုင်း တိုက်ဆောက်တာ ပြီးတော့မယ်။ အဲတာပြီးတာနဲ့တော့ စစ်တပ်တွေ ဆင်းလာမယ်လို့ပြောတယ်။ သူတို့နှစ်သစ်ကူးပြီးရင်။” ဟု ပြောသည်။
၎င်းစစ်စခန်းအား ဆောက်လုပ်ပြီးပြီးချင်း PLA တိုက်ခိုက်ရေးတပ် တပ်ရင်းတစ်ရင်း အခြေစိုက်မည်ဖြစ်ကြောင်း နယ်စပ် တရုတ်စစ်တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။
နှစ်နိုင်ငံနယ်စပ်တွင် တရုတ်စစ်တပ်စခန်း အမြန်ပြီးစီးအောင်တည်ဆောက်နေခြင်းအား “အရင်က အဲ့မှာ စစ်တပ် မထားရဘူး။ နယ်ခြားစောင့်တပ်ပဲရှိတာ အခုအဲမှာ စစ်တပ်ကိုယ်၌လာထိုင်မယ်ဆိုတော့ တစ်ခုက မြန်မာစစ်တပ်ကို မယုံလို့ဖြစ်နိုင်တယ်။ တစ်ခုကတော့ ဒီ တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ပြည့် စောင့်ကြည့်ဖို့အတွက် ထားရှိတာဖြစ်မယ်။” ဟု ဒေသခံမှ သုံးသပ်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လမှ စစ်စခန်းအား အမြန်ပြီးအောင် နေ့ည မရပ်မနား တည်ဆောက်နေကြောင်းကိုလည်း ဒေသခံမျက်မြင်သက်သေများပြောပါသည်။ စစ်စခန်းဆောက်လုပ်နေခြင်းအား မည်သူမှ ဓါတ်ပုံရိုက်ယူခြင်း မပြုနိုင်အောင် တရုတ်စစ်သားများ စောင့်ကြပ်နေကြောင်း စုံစမ်းသိရှိရပါသည်။
နှစ်နိုင်ငံနယ်စပ်ပြဿနာနှင့်ဆက်စပ်ပြီး တရုတ်-မြန်မာစစ်ပွဲများ ပြီးခဲ့သည့် ၁၉၄၉ မှ ၁၉၈၈ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။
ယခုတဖန် မြန်မာစစ်အစိုးရသည် တရုတ်၏မဟာပြိုင်ဘက် အမေရိကန်အစိုးရနှင့် ပိုမိုဆက်သွယ်လာခြင်းကြောင့် တရုတ်-မြန်မာအရေးအခင်း တဖန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း တရုတ်ဘက်က များစွာစိုးရိမ်ခြင်း မရှိကြောင်းသိရသည်။
အကြောင်းရင်းကတော့ စစ်ရေးအတွေ့အကြုံရှိပြီး အသက်အရွယ်ငယ်သေးသည့် တရုတ်စစ်သားဟောင်း ၂ သိန်းကျော်သည် မြန်ပြည်အတွင်း (အထူးသဖြင့်အောက်မြန်မာပြည်) ပြီးခဲ့သည့် ၄ နှစ်ကတည်းက စီးပွါးရေးခေါင်းစဉ်အမျိုးမျိုးသပ်ကာ ရောက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း နယ်စပ် တရုတ်အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။
နယ်စပ်ရှိ တရုတ်နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း “တရုတ်အစိုးရဟာ ၎င်း၏မြန်မာပြည်ရှိ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှု ရှူံးဆုံးသွားခြင်းထက်၊ မြန်မာပြည်သို့ အမေရိကန် ၀င်လာမည့်အရေးကို အစိုးရိမ်ဆုံးဖြစ်တယ်။” ဟု ပြောသည်။
ယခုလို မြန်မာနယ်စပ်ဘက်သို့ တရုတ်တိုက်ခိုက်ရေးတပ်များ ထားရှိရန်ပြင်နေခြင်းသည် မြန်မာစစ်ခေါင်းဆောင်များ နှင့် အမေရိကန်အရာရှိများကြား ပိုမိုတွေ့ဆုံလာခြင်းပေါ် တရုတ်၏တုံ့ပြန်မှုတစ်ခုဖြစ်နိုင်ကြောင်း နယ်စပ် နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြပါသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ ၁၁ဦး လာရောက်လက်နက်ချဟု နအဖ သတင်းဖော်ပြ
စောသိန်းမြင့် (ကေအိုင်စီ)
ဗိုလ်မှူးချုပ် စောထင်မောင်ဦးစီးသည့် KNU/KNLA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၁ဦးသည် ပြီးခဲ့သည့် တနင်္ဂနေ့က နအဖ စစ်အုပ်စုထံ သို့ သွားရောက် လက်နက်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ စောကျော်ကျော်ထက်ဦးစီးသည့် အင်အား ၁၁ဦးသည် ကာဘိုင် ၂လက်၊ ၉-မမ ပစ္စတို ၁ လက်၊ ကိုးလုံးကျည် သေနတ်ရှည် ၁လက်၊ ကိုးလုံးကျည် သေနတ်တို ၁လက်၊ လက်ပစ်ဗုံး ၁လုံး၊ ကျည်အိမ်မျိုးစုံ ၃ခု၊ ကျည် မျိုးစုံ ၂၉တောင့်၊ လမ်းလျှောက်စကားပြောစက် ၃လုံးနှင့်အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းသို့ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် လက်နက်အပ်နှံခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။
သို့သော် ထိုသတင်းဖော်ပြချက်မှာ နအဖ စစ်အစိုးရ၏ လိမ်လည်ဖော်ပြခြင်းသာဖြစ်ပြီး စောကျော်ကျော်ထက် ဆိုသူသည် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တဦး မဟုတ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစောတီ မသေက ယခုလို ကေအိုင်စီကို တုန့်ပြန်ပြောကြားသည်။
၎င်းက“ကျနော်တို့လူတွေ တယောက်မှ လက်နက်သွားအပ်တာ မရှိပါဘူး။ စောကျော်ကျော်ထက် ဆိုတာကလည်း အရင်က ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်။ သူတို့(နအဖ)ဆီကို အရင်က လက်နက်တခါ သွားအပ်လိုက်ပြီးပြီ။ အရပ်သားတဦးအ နေနဲ့ပဲ ပြန်နေတဲ့လူတယောက်ဖြစ်တယ်။ ဒါဟာ နအဖ လုပ်ဇာတ်ထွင်လိုက်တာပဲ။”ဟု ပြောသည်။
နအဖစစ်အစိုးရက ယခုလို သတင်းထုတ်ပြန်ရေးသားခြင်းသည် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ နာမည်ကို ဖျက်ချင်သောကြောင့် တမက်သက်သက် လုပ်ဆောင်လုပ်ခြင်းဖြစ်သလို မမှန်ကန်သည့် စစ်အစိုးရ၏ ၀ါဒဖြန့်လုပ်ရပ်တခုသာ ဖြစ်ကြောင်း စောတီမသီက ဝေဖန်ထောက်ပြလိုက်သည်။
စောကျော်ကျော်ထက်ဦးစီးသည့် ၎င်းငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၁၁ဦးသည် မည်သည့်နေရာတွင် အခြေချလှုပ်ရှားပြီး မည် သည့်တပ်ရင်း၊ တပ်ခွဲမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း နအဖသတင်းစာက အသေးစိတ် ဖော်ပြခြင်း မရှိပေ။
ထို့အပြင် ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်မြို့နယ် ဘောဂလိကြီးမြို့နယ်ခွဲ မောင်းတိုင်ကြီးကျေးရွာ မှ ယာဉ်မောင်း ဦးအောင်အောင် မောင်းနှင်လာသော ယာဉ်တစီး မိုင်းတလုံးနင်းမိ၍ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက် ၃ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အလားတူ ဒီဇင်ဘာ ၂၄ရက်နေ့တွင်လည်း ပဲခူးတိုင်း ရွှေကျင်မြို့ အရှေ့တောင်ဘက် ၁၀မိုင်ခန့် တွင် အရပ်သား ၂ဦး မိုင်းနင်းမိ၍ တဦးသေဆုံးခဲ့သည်မှာလည်း ကေအဲန်ယူမှ ထောင်ထားသည့် မိုင်းဗုံးများကြောင့်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
ထို့ကော်ကိုးကျေးရွာ အခြေစိုက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ယခင် ကေအဲန်ယူ တပ်မဟာ(၇)မှူးဟောင်း ဗိုလ်မှူး ချုပ်စောထင်မောင် ဦးစီးကာ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် နအဖစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော်လည်း နယ်ခြားစောင့် တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အပစ်ရပ်တဖွဲ့ဖြစ်သည်။
၎င်းအပြင် စစ်အစိုးရနှင့် ၃နှစ်ကျော်ကြာ ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင် ၇ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့က မြ၀တီခရိုင်၊ ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဒေါ်စု၏ ဒုတိယပင်လုံ ရည်မှန်းချက်မပီပြင်သေးဟု သျှမ်းပြည်ခေါင်းဆောင်အချို့ပြောဆို
သျှမ်းသံတော်ဆင့်
ယမန်နေ့ ထိုင်းနယ်စပ်တနေရာတွင် ကျင်းပသည့် သျှမ်းပြည်ကွန်ဂရက် EC အစည်းအဝေး၌ တိုင်းရင်းသား ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည်ပြောသော ၂၁ ရာစု (ဒုတိယ) ပင်လုံညီလာခံ၏ နိုင်ငံရေး ရည်မှန်းချက် အတိအကျ မသိရသေးသဖြင့် ပါဝင် ထောက်ခံသင့် မသင့် ဆွေးနွေး ခဲ့ကြကြောင်း တက်ရောက် သူတဦးက ပြောပြသည်။
“ပအိုဝ်းခေါင်းဆောင် ခွန်ဥက္ကာ၊ ပလောင်အမျိုးသား ခေါင်းဆောင် မိုင်အိုက်ဖုန်း၊ လားဟူအမျိုးသားခေါင်းဆောင် ဂျဖိုးလုံနဲ့ သျှမ်း ထဲက စ၀်လောင်ဆိုင်တို့ တက်ရောက် ကြတယ်။ ဒေါ်စုရဲ့ ဒုတိယပင်လုံ ရည်မှန်းချက်တိတိကျကျ မသိရသေးတော့ ကောင်းကောင်း လေ့လာသုံးသပ်ဖို့ လိုအပ်တယ်ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု အမည်မဖော်လိုသည့် တက်ရောက်သူအမျိုးသားတဦးက ပြောသည်။
ဥပဒေပညာရှင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်ဥက္ကာက ပထမပင်လုံတွင်သီးခြားကိုယ့်နယ်မြေကိုယ့်အုပ်ချုပ်ရေး နှင့် ကိုယ် ဖြစ်နေခဲ့သောတောင်တန်းဒေသမှ ချင်း၊ ကချင်၊ သျှမ်း နှင့် ထိုစဉ်က မွန်၊ ရခိုင်၊ ကရင် အပါအ၀င် ဗမာပြည် ယာယီအစိုးရကို ကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်လက်မှတ်ရေးထိုးကြသည့် ၁၉၄၇ ပင်လုံညီလာခံ ဖြစ်၏။ တိုင်းရင်းသားများ အကြား ဆွေးနွေးပွဲမဟုတ်၊ သီးခြားနယ်မြေ ပြည်ထောင်များအကြား ပြုလုပ် သည့် ညီလာခံဖြစ်၏။ တက်ရောက်သူခေါင်းဆောင် ကိုယ်စား လှယ်များ၌ အာဏာအပ်နှင်းခံရမှု Mandate ရှိသဖြင့် တရားဝင်ညီလာခံနှင့်တရားဝင်သဘောတူညီ
ဆုံးဖြတ်ချက်များ လည်း တရားဥပဒေနှင့်အညီ Legitimate ဖြစ်ခဲ့သည်။ ယခုပြောဆိုသည့် ဒုတိယပင်လုံညီလာခံကို လက်တွေ့အကောင်ဖေါ် ရာတွင် ကိုယ်စားပြုမှု တရားဝင်လုပ်ပိုင်ခွင့် Mandate ရပုဂ္ဂိုလ်များရှိနိုင်မည်လော၊ Legitimacy ရှိရန် မည်သို့လုပ်ဆောင်မည်နည်း စသည့်အချက်များထည့်ဝင် စဉ်းစားသင့်ကြောင်း - ဆွေးနွေးကြသည်ဟုဆို၏။
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ၂၁ ရာစု ပင်လုံမှာ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်သစ်နှင့် ယှဉ်ပြိုင်ဖို့ မဟုတ်ဟု ဆိုပြန်သဖြင့် ၄င်း၏ လက်ရှိဦးတည်ချက်အပေါ် အချက် ၃ ချက်ဖြင့် ခန့်မှန်းနိုင်ကြောင်း ခွန်ဥက္ကာက ထောက်ပြသည်။
“ပထမပင်လုံညီလာခံမှာတော့ ရည်မှန်းချက်က ၂ ချက် ။ (၁) အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့၊ (၂) ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ ဖြစ်တယ်။ အခု ဒုတိယပင်လုံကျတော့ ခုချိန်ထိရည်မှန်းချက်မပီပြင်သေး တာတွေ့ရတယ်။ ဒါပေမယ့် အချက် ၃ ချက်ခန့်မှန်းလို့ရတယ်။ (၁) ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဆီက သဘောထား တွေတုန့်ပြန်လာမှာကိုကောက်ယူစုဆောင်းဖို့။ (၂) ကာလကြာမြင့်စွာနားလည်မှုကွဲ စိတ်ဝမ်းကွဲနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြားအမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်အောင် ဒိုင်ယာလော့ခ်တခုဖြစ်လာဖို့။(၃) တိုင်းရင်းသားတိုင်းရဲ့ တန်းတူရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆီဦးတည်ဖို့ မထုတ်ဖော်နိုင်သေးတဲ့ ၀ှက်ဖဲတချပ်ရှိသေးလားဆိုတာ မျှော်လင့်စရာပေါ့” - ဟု သုံးသပ်ပြသည်။
မည်သို့ပင်ဆိုစေ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်စုမျိုးတည်ဆောက်လိုသောဆန္ဒရှိသူ ဒေါ်အောင်ဆန်းစု ကြည် အား မိမိတို့အနေဖြင့် အမြဲတမ်းထောက်ခံကြောင်း ခွန်ဥက္ကာကဆက်ပြောသည်။
“တဖက်တလမ်းကလည်း ပထမပင်လုံညီလာခံဆုံးဖြတ်ချက်က အကောင်အထည်မဖော်နိုင်လို့ ဒုတိယပင်လုံနဲ့ အကောင်အထည် ဖော်ဖို့ ဒေါ်စုကြိုးစားချင်နေတာဖြစ်ကောင်းဖြစ်မယ်လို့လဲ ဆွေးနွေးပွဲတက်တဲ့တခြား ခေါင်းဆောင်တွေ သုံးသပ်ကြတယ်”- ဟု ပြောသည်။
ဒုတိယပင်လုံညီလာခံနှင့်ပါတ်သက်၍ - အိုင်တီနည်းပညာထွန်းကားသည့် ယနေ့ခေတ်တွင်ပြည်တွင်းပြည်ပအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များ ဆက်သွယ်ပူးပေါင်း/အမြင်ဖလှယ် ဆန္ဒပေးလာကြမည်ဆိုပါစို့။အာဏာအပ်နှင်းခြင်း ခံရသူ Mandate ရ တရား ၀င် ကိုယ်စားလှယ်များပါဝင်နိုင်ပြီး တရားဥပဒေနှင့်အညီ Legitimate ဖြစ်သည့် သဘောတူညီဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် လော ဟူသည့် အချက်များအပေါ် အဓိကစဉ်းစားရမည်ဖြစ်ကြောင်း ခေါင်းဆောင်များဆွေးနွေးခဲ့ကြသည်။

ပျောက်ဆုံးသွားရမယ့် ဆန္ဒများ
မရော့နန္ဒာ
ပြည်ပ ထိုင်းနိုင်ငံတွင် မွန်အလုပ်သမားအများဆုံး အလုပ်လုပ်နေကြတဲ့ မဟာချိုင်မြို့နယ်အတွင်း စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် “၃၅” ဝန်းကျင်ရှိ မွန်အလုပ်သမား နိုင်ဖိုင်က မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ စားဝတ်နေရေးအတွက် အလုပ်ခွင်မှာ အချိန်ကုန်သွားခဲ့ရပါတယ်၊ ဒါတောင်မကဘူး တချို့ရက်တွေမှာ အပိုဝင်ငွေရဖို့အတွက် ညပိုင်းအချိန်မှာတောင် အလုပ်ဆက်လုပ်နေရပါသေးတယ်။
ဒီလိုမျိုး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ မွန်အလုပ်သမားတွေက မဲထည့်ဖို့ နေနေသာသာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အလုပ်သမားများအတွက် မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပမည့်ရွေးကောက်ပွဲဟာ သူတို့ အတွက်တော့ “ထမင်းစားဖို့ ရေသောက်ဖို့လောက် အရေးမကြီးပါဘူး” လို့ နိုင်ဖိုင်က ပြောပါတယ်။
အဝေးရောက် မွန်လူမျိုးတွေရဲ့ လေးသိန်းကျော်လောက်က ယခုနှစ်အတွင်းမှာ စစ်အစိုးရတို့မှ ကျင်းပပြုလုပ်ပေးမည့် ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် မဲထည့်ပိုင်ခွင့်ရှိခဲ့ရင်တောင် မဲထည့်ဖို့အတွက် အခက်အခဲတွေရှိနေကြပါတယ်။
အဝေးရောက် မွန်လူမျိုးတို့၏ အရေအတွက် စာရင်းအတိအကျကို မဖော်ထုတ်နိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် ပြည်ပရောက် တရားဝင်နှင့် တရားမဝင် မွန်လူမျိုးများ အသက် ၁၈ နှစ်အထက်မှာ ၄ သိန်းကျော်ရှိပါတယ်လို့ မွန်အလုပ်သမားကူညီရေးအဖွဲ့က ခန့်မှန်းပါတယ်။
အလုပ်သမားတွေဟာ “ဝမ်းစာအတွက်ပဲ ရုန်းကန်နေကြရတာ ရွေးကောက်ပွဲဆိုတာလည်း စိတ်မဝင်စား မဲထည့်ဖို့ဆိုတာလည်းမသိဘူး” လို့ မလေးရှားမှာ ရောက်ရှိနေတဲ့ အသက် “၄၀” ရှိ မွန်အလုပ်သမား နိုင်ဝိုင်မွန်က ပြောပါတယ်။
စစ်အစိုးရမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ ကျင်းပပေးမယ်ဆိုရင် ကျနော်ဆိုရင် ဗမာပြည်နဲ့ ဘယ်လောက်ပဲဝေးဝေး “မရ ရတဲ့နည်းနဲ့” မဲထည့်မှာပဲ ပြန်ရမှာပဲဖြစ်ဖြစ် အဝေးကနေ ထည့်လို့ရရင် ထည့်ရတာပဲဖြစ်ဖြစ် “မဲထည့်မှာပဲ” ဆိုပြီး ယခုရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပြီး မြန်မာတပြည်သားလုံးအတွက် အကျိုးမရှိတဲ့ရွေးကောက်ဖြစ်တယ်ဆိုပြီး မဲကို “လုံးဝ” ထည့်မည်မဟုတ်ကြောင်းကိုလည်း နိုင်ဝိုင်မွန်က ပြောပါတယ်။
ပြည်ပမှာရောက်နေတဲ့ မွန်လူမျိုးတွေဟာ အလုပ်လုပ်ဖို့အတွက် အိုးအိမ်စွန့်ပြီး ထွက်လာတဲ့သူတွေရှိသလို တချို့က မြန်မာစစ်အစိုးရရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ရုန်းထွက်ပြီး ပြည်ပမှာ ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတွေလည်း အများအပြားရှိနေကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် မွန်ရွေ့ပြောင်းအလုပ်သမား အများဆုံး ရှိနေပါတယ်။
ထိုင်းနိုင်ငံရှိ မြို့နယ်တိုင်းတွင် အလုပ်လုပ်နေကြသည့် မွန်အလုပ်သမားအများစုမှာ တရားမဝင်အလုပ်သမား အများစုဖြစ်ပြီး မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်နေထိုင်သူနဲ့ ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ သဘောတူပြီး ရွေ့ပြောင်းအလုပ်သမားများအတွက် ပြုလုပ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် နေထိုင်သူတွေက အနည်းအကျဉ်းသားရှိကြသည်။ ထိုအလုပ်သမားများလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိကြောင်း အတိအလင်းပြောလာကြပါသည်။
ပြည်ပရောက် အလုပ်သမားများ အကယ်၍သာ မြန်မာပြည်ကို ပြန်မည်ဆိုပါက အခက်အခဲအမျိုးမျိုးရှိကြပါတယ်၊ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်က ပြန်ရန် လွယ်ကူမည်ဆိုသော်လည်း လမ်းစရိတ်၊ လမ်းခရီးမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်၊ ကံမကောင်းပါက လမ်းမှာ အဖမ်းခံရတာတွေနဲ့လည်း ကြုံတွေ့ကြရပါတယ်၊ တချို့ဆိုရင်လည်း အသက်အန္တရာယ်တွေနှင့်လည်း ကြုံတွေ့ရတက်ပါတယ်။ ထိုနည်းတူပဲ မလေးရှားလို တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ လူတွေအတွက် ဒီ့ထက် အဆပေါင်းများစွာ အခက်အခဲ့နှင့် ကြုံတွေ့ရမည်ဖြစ်သည်။
ပတ်စပို့စ်လက်ဝယ်ရှိသည့် အလုပ်သမားတွေအတွက်ကတော့ အခက်အခဲမရှိလှပေမယ့် ဘာမှမရှိတဲ့ အလုပ်သမားတွေအတွက်ကတော့ အခက်အခဲရှိကြကြောင်း အလုပ်ရုံမှာတင် တရားမဝင်အလုပ်သမား တွေ အနေနဲ့ “ပြန်ပြီး မဲထည့်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဆိုပြီး အလုပ်သမားတွေ ပြောနေကြပါတယ်။
ရွေးကောက်ပွဲ မဲထည့်ဖို့အတွက်ကြောင့်နဲ့တော့ မြန်မာပြည် ပြန်မယ့်လူတော့ မရှိသလောက်ပါပဲ၊ အကြောင်းကတော့ သူတို့တတွေအတွက် ဒီရွေးကောက်ပွဲဟာ ဘာမှ ထူးခြားမှုမရှိဘူးလို့ ယူဆပြီး “မဲထည့်ရမှာကိုလည်း စိတ်မဝင်စားဘူး” အများစုမှာ “ဒီရွေးကောက်ပွဲကို လုံးဝကိုသဘောမကျ” ဘူးလို့ အလုပ်သမားတွေ ပြောနေကြတယ်။
နိုင်ဖိုင်ကတော့ “မဲပြန်ထည့်ဖို့ကို လုံးဝကို စိတ်မဝင်စားတာ” ရွေးကောက်ပွဲပြီးသွားတာတောင် သူတို့ အလုပ်သမားတွေအတွက် ဘာအကျိုးကိုမှ မျှော်ကိုးစရာမရှိဘူးလို့ ပြောပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ အလုပ်သမားတွေးအကြားမှာ စည်းရုံးရေးတော့ ဆင်းနေပေမဲ့ အလုပ်သမားတွေက စိတ်မ၀င်စားနိုင်ပဲ “ဝမ်းစာအတွက် ရုန်းကုန်နေကြရတယ်လေ” ဆိုပြီးတော့ နိုင်ဖိုင်က ပြောသည်။
မွန်ပြည်နယ်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် စည်းရုံးရေးဆင်သည့်အချိန်တွင် မွန်အလုပ်သမားများအား အကယ်၍ မဲထည့်ခဲ့သည့်ဖြစ်သော် မွန်အဖွဲ့အစည်းအား မဲ့ထည့်ရန်နှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းများလည်း ရှင်းပြသွားလေသည်။
မလေးရှားမှ မွန်အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့မှ နိုင်စဟိုင်းမွန်က “အဝေးရောက်မွန်တွေအားလုံးက ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြတယ်၊ မွန်တွေသာမကဘူး ဗမာပြည်သားတွေ အားလုံးက ဆန့်ကျင်နေကြတယ်၊ ဘာလို့လဲဆိုတော့ ယခု စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်မဟုတ်ဘူးဆိုတာ အကုန်သိနေကြတယ်၊ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးတော့ ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဘယ်လိုမှ တရားမျှတပြီး မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ ရွေးကောက်ပွဲတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။” လို့ ပြောပါတယ်။
“အဝေးရောက် မွန်တွေ၊ ဘယ်နိုင်ငံမှာမဆို အဖွဲ့အစည်းတွေရှိကြတယ် အလုပ်သမားတွေမှာတောင် မွန်အလုပ်သမားအဖွဲ့အစည်းတွေရှိတယ် အဲဒီတော့ အဖွဲ့က ရွေးကောက်ပွဲကို ဆန့်ကျင်လာတော့ အဖွဲ့ဝင်အားလုံးကလည်း အလိုလို ရွေးကောက်ပွဲကို ဆန့်ကျင်ကြတယ်၊ မဲထည့်ဖို့အတွက် ဗမာပြည်ပြန်ရမယ်ဆိုတာ မရှိသလောက်ပါ” ဆိုတာကို နိုင်စဟိုင်းမွန်က ပြောပါတယ်။
“ကျနော်တို့ မွန်လူမျိုးတွေ ရွေးကောက်ပွဲအကြောင်းကို မသိထားလို့မရဘူး သိထားသင့်တယ်၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ရှိနေပါပြီး၊ အရင်က လမ်းဟောင်းအတိုင်နဲ့ သွားနေလို့ မလုံလောက်တော့ဘူး၊ ကိုယ့်ဘဝ လွတ်မြောက်ဖို့၊ အများတွေနဲအခွင့်အရေးတန်တူရရှိဖို့၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့၊ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ဘယ်သူမဆို ပါဝင်လုပ်ဆောင်သင့်တယ်၊ အနည်းဆုံး ကိုယ်က ဝင်အရွေးမခံတာတောင် ကိုယ်က ဘယ်သူ့ကို သဘောကျတယ် ဘယ်ဥပဒေကိုသဘောကျတယ်ဆိုတာကိုတော့ သိထားသင့်တယ်၊ ကိုယ့်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် ဒါကိုလေ့လာထားသင့်ပါတယ်” ဆိုတာကို ပြည်ပရောက် နိုင်ငံရေးလေ့လာသူ နဲာစွန်းထွန်း သုံးသပ်ပါတယ်။
ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူး၊ တခြားနိုင်ငံက ရွေးကောက်ပွဲတွေနဲ့တော့ တူညီမှာမဟုတ်ဘူး၊ ဘာလို့လည်းဆိုတော့ “ဒီရွေးကောက်ပွဲက အာဏာရှင်စနစ်လိုဖြစ်နေတယ်” လို့လည်း သူက သုံးသပ်ပါတယ်။
ပြည်ပမှာ ရောက်နေတဲ့ မွန်တွေ ဆန့်ကျင်ရေးတွေ၊ ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်ပြီး တော်လှန်လာတာလည်း အချိန်က ၁၀ နှစ်တောင်ကျော်လာပြီးလို့ သူက ပြောပါတယ်။ ဒါကြောင့် အပြင်ဘက်ရောက်နေတဲ့လူတွေ အထဲကလူတွေ လှုပ်ရှားနေတာကို ပြန်ကြည့်သင့်တယ် ဘာလို့လဲဆိုတော့ အထဲက လူတွေ ပါတီတွေက စစ်အစိုးရနဲ့ အနီးကပ်ရှိနေတဲ့လူတွေလေ “အထဲက အခြေအနေတွေကို သူတို့တွေက ပိုသိနိုင်ပါတယ်”။
လက်ရှိအခြေအနေအချိန်မှာ ဘယ်ပါတီက ကောင်းသည် ဘယ်ပါတီက မကောင်းဘူးလို့ မပြောသင့်သေးပဲ စောင့်ကြည့်လေ့လာဖို့ အချိန်ယူသင့်ပါတယ်၊ မွန်လူမျိုးတွေအတွက် မွန်ပါတီက ကောင်း မကောင်းဘူးလို့ ပြောရင် အချိန်စောပါသေးတယ်၊ သူတို့တွေအပေါ် အချိန်ယူပြီးတော့မှ ဝေဖန်ရင်ကောင်းမယ်လို့တော့ သူ့အနေနဲ့ မြင်ပါတယ်။
ယခုနှစ်ကုန်ပိုင်းလောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး စစ်အစိုးရတို့မှ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ဒီရွေးကောက်အပေါ်မှာ အဝေးမှာ ရောက်ရှိနေတဲ့ မွန်လူမျိုးအများစုတွေက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသလောက်နည်းပါးနေပါတယ်၊
တချို့ စိတ်ဝင်စားမှုရှိသူတွေအတွက် မဲထည့်ဖို့ဆိုတာလည်း အခက်အခဲအမျိုးမျိုးကြားမှာ ဘယ်လိုမှ မဲထည့်နိုင်မှာ မဟုတ်တဲ့ အတွက် မဲဆန္ဒရှင် လေးသိန်းရဲ့ မဲတွေကတော့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြမှာ မဟုတ်ပါဘူး။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,29th,2010
( 38 )A Year of Challenges for an Exiled Media Newsroom
( 37 )မြန်မာဘက် တရုတ်လိမ္မော်သီး တင်သွင်းခွင့်ပိတ်ပင်
( 36 )Burma and South Korea to Increase Energy Cooperation
( 35 )ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော
( 34 )Burmese Arrested with Fake Currency
( 33 )ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျ
( 32 )Asia and Burma (Myanmar)
( 31 )စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်
( 30 )Canadians can do more to help: Heir to Burmese kingdom
( 29 )ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ
( 28 )Kachin court to give verdict in Yuzana land-grab case
( 27 )ပဲခူးအနောက်ပိုင်း မတ်ပဲခင်းများ ပျက်စီးနေ
( 26 )Aung San Suu Kyi: Burma's First Lady of Freedom
( 25 )ဖားကန့် လယ်ယာမြေအမှု အမြန်စီရင်မည်
( 24 )Singapore, Japan make more proposals to study Myanmar earthquake belt
( 23 )မရမ်တောင် ဘုရားပွဲတော်ကြီးတွင် ရှင်အပါး ၃၀၀ နှင့် သီလရှင် ၂၀၀ သာသနာ
( 22 )Canadians can do more to help: Heir to Burmese kingdom
( 21 )ဇင်ချောင်းတွင် ပြုလုပ်သော ရခိုင်ပြည်နယ်နေ့ အခမ်းအနား အထူး စည်ကား
( 20 )Calls On Thailand Not To Forcibly Return Myanmar Nationals
( 19 )Competition Between Pay-TV Companies Heats Up
( 18 )ဘင်္ဂလာနယ်စပ်တွင် အမျိုးသမီးနှစ်ဦး စိတ်ကြွ ဆေးပြား ၂၅၀၀၀ နှင့် အတူ ဖမ်းဆီးခံရ
( 17 )Thailand Forces 166 Back to Myanmar, UNHCR Chides
( 16 )တိုင်ပြည်အတွက် ရန်ပုံငွေရရန် အစိုးရတွင် တာဝန်ရှိ
( 15 )Suu Kyi seeks links with young generation
( 14 )ဂီရိ ဒုက္ခသည်များ အတွက် ရန်ပုံငွေရှာပွဲ မင်းသားနေတိုးလည်း ပါဝင်
( 13 )UN refugee agency calls on Thailand not to forcibly return Myanmar nationals
( 12 )ပင်လောင်းတွင် အအေးဓါတ် စံချိန်တင်
( 11 )Forced refugee return angers UN
( 10 )မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း
( 9 )Two decades behind bars
( 8 )၀ီကီလိခ်ပါ မြန်မာ့ နျူကလီးယားအရေး IAEA စိုးရိမ်
( 7 )Free Burma Alliance Petitions for US Rejection of Myanmar Elections
( 6 )ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ ပေးဖို့ ဒေါ်စု ဦးဆောင်တောင်းဆို
( 5 )Burmese Democracy Leader Aung San Suu Kyi Marks Anniversary of Mother's Death
( 4 )ဒေါ်စု ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခံရ
( 3 )WikiLeaks' unflattering portrait
( 2 )၄၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ အအေးဆုံး စံချိန်တင်
( 1 )South Korea strikes rare earths deal with Burma

Subscribe to:
Posts (Atom)