Thursday, December 30, 2010

လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ

မျိုးသိဏ်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အရှေ့ပိုင်း ကျေးရွာ ၁၅ ရွာ အသုံးပြုနေသည့် လမ်းမကြီး ပြုပြင်မည့်ငွေ ကျပ် ၈၂ သိန်းကို မယက ဥက္ကဋ္ဌနှင့် ကျေးရွာတာဝန်ရှိသူတို့က အလွဲသုံးစားလုပ်နေကြောင်း ရွာသားများက စွပ်စွဲပြောဆိုလိုက်သည်။

ပဲခူးရိုးမတောင်ခြေနှင့် ဇီးကုန်းမြို့သို့ ဆက်သွယ်ထားသော ဇီးကုန်း-ဘော်ဘင် လမ်းပိုင်းပြုပြင်ရန် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများက ငွေကျပ် ၈၂ သိန်းပေးခဲ့ရာ လမ်းပြုပြင်ခြင်း မရှိဘဲ ယင်းငွေများကို အာဏာပိုင်များက အလွဲသုံးစား လုပ်ထားကြောင်း ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

ယင်းငွေများကို ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌ ဦးညွှန့်စိုးနှင့် ဆိတ်ဖူးကျင်းရွာ ဥက္ကဋ္ဌ ဦးတင်ဦးက အလွဲသုံးစား လုပ်ထားကြောင်းနှင့် လက်ရှိ လမ်းအသုံးပြုရသည့် အနေအထားမှာ လွန်စွာဆိုးရွားနေကြောင်း ဆိတ်ဖူးကျင်းရွာနေ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

’’ဇီးကုန်းကနေ ၁၂ မိုင်လောက် ဝေးတဲ့နေရာမှာ ကန်ကြီး အထက်တန်းကျောင်းရှိတယ်။ ဆရာမဆရာမတွေ ကျောင်းသားတွေကော၊ နောက် ဈေးဝယ် ဘာဝယ်သွားတဲ့ သူတွေကော အရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ဗွက်တွေ အရမ်းထူပြီး ဆိုင်ကယ်လည်း စီးရခက်၊ စက်ဘီးဆိုရင်လည်း တထွာသာသာလောက် လမ်းလေးကို ခဲခဲယဉ်းယဉ်း စီးရတယ်။ လမ်းပြင်ဖို့ ငွေကတော့ ရတယ်။ အဲ့ငွေတွေက ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူး ဖြစ်နေတယ်’’ ဟု သူက ပြောသည်။

ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ဒေသခံများ အသုံးပြုလာခဲ့ကြသည့် ယင်းလမ်းမှာ ၂ဝဝ၇ ခုနှစ်တွင် ဘော်ဘင် သစ်တောကြိုးဝိုင်းသို့ သစ်ကုမ္ပဏီများ လာရောက် လုပ်ကိုင်ချိန်မှစ၍ စတင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွာလာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အေးရှားဝေါလ်နှင့် ကောင်းမြတ် သစ်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုက လမ်းပြင်ရန် ငွေ ၈၂ သိန်းကို လူသိရှင်ကြား ပေးခဲ့ပြီး၊ ဇီးကုန်းမြို့နယ် စည်ပင်ကလည်း ယာဉ်အသွားအလာ အားလုံးကို နေ့စဉ် လမ်းကြေး ကောက်ခံနေသော်လည်း လမ်းပြုပြင်မှု မရှိကြောင်း ဘော်ဘင်ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

သူက “ ၁၄ မိုင်ရှိတဲ့လမ်း တမိုင်တောင် မခင်းရသေးဘူး ရပ်သွားတယ်။ မြေနီခင်းတာ ငွေက သိန်း ၅ဝ ကျော်ကုန်သွားပြီလို့ ပြောတယ်။ ဒီလမ်းကို နေ့စဉ်သုံးတဲ့ ဆယ်ဘီး ဆယ့်နှစ်ဘီး သစ်ကားတွေ၊ ထော်လာဂျီ၊ မြင်းလှည်းနဲ့ ပစ္စည်းတင်လာတဲ့ စက်ဘီးတွေကအစ လမ်းကြေးပေးရတယ်။ ဒါပေမဲ့ လမ်းက ကောင်းမလာဘူး’’ ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စွပ်စွဲချက်အပေါ် ဖြေရှင်းရန် ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

မယကအဖွဲ့နှင့် နီးစပ်သူတဦးက လက်ရှိအချိန်တွင် လမ်းကို အသုံးမပြုသင့်တော့သော်လည်း သစ်ကုမ္ပဏီများမှ ကားများကို ပိတ်ပင်ရန် မဖြစ်သောကြောင့် ပိုမို၍ လမ်းပျက်စီးလာကြောင်းနှင့် လမ်းပိုင်းကို အလုံးစုံပြုပြင်ရန် မြို့နယ်အဆင့်အနေဖြင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ရွေးကောက်ပွဲမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ယင်းလမ်းကို ပြုပြင်ပေးမည်ဟု ပြောဆို၍ မဲဆွယ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

“ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဇီးကုန်းသားပေါ့။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်တုန်းက ဒီလမ်းကိုခင်းပေးမယ် ဘာညာ ပြောသေးတယ်။ လောလောဆယ် သူ့အပြောကို ထားပါဦး။ အခု စည်ပင်က ကောက်တဲ့ငွေက တနေ့ ၂ သိန်း လောက်ရတယ်။ အဲ့ဒီငွေတွေလည်း မပြဘူး၊ ကုမ္ပဏီက ပေးတဲ့ငွေလည်း မပြဘူး။ လမ်းကလည်း ဒီအတိုင်းပဲ’’ ဟု ဘော်ဘင်ရွာသားက ပြောဆိုသည်။

No comments: