Saturday, December 25, 2010

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ရန်ကုန်သားတာတေ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချင်းမိုင်မြို့တွင် ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်နေကြသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာက ဆီမီးဖိုင်နယ်သို့တက်ပြီး အိမ်ရှင် ထိုင်းနှင့် ကန်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းကို အားပေးရန် ပွဲကြည့်စင်ပေါ်တွင် နေရာ ယူထားကြသည်။

ထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။

ထိုစဉ် ဦးရုက္ခစိုးနား၌ လူတဦးလာထိုင်ကာ နားနားကပ်၍ “ဒီမှာ … ဒီမှာ … ဒီပြိုင်ပွဲ ကွင်းထဲမှာ မိုးသီးဇူလိုင် ရောက်နေ တယ်ဆို” ဟု မေးလိုက်သည်။

ဖိုးရှုပ်။ ။ ဟာ … ပညာရေး ဒု ဝန်ကြီး ဦးကြောင်မျိုးမင်းပါလား။

ကြောင်မျိုးမင်း။ ။ ခင်ဗျားတို့က ကျုပ်ကို သိလို့လား။

ကြွက်စုတ်။ ။ သိတာပေါ့။ အားကစား ပြိုင်ပွဲစကတည်းက အေဘီစီဒီ တီဗီမှာ ကြည့်လိုက်ရတယ်လေ။ ဝန်ကြီးရဲ့ ထိပ်ပြောင်ကြီးကို မမှတ်မိဘဲ နေမလား။

ကြောင်မျိုးမင်း။ ။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့က မိုးသီးဇူလိုင်ရဲ့ ဘက်တော်သားတွေလား။

ရုက္ခစိုး။ ။ မဟုတ်ပါဘူး။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ … မကြားဖူးဘူးလား။ သူတို့ နှစ်ယောက်က ဖိုးရှုပ်နဲ့ ကြွက်စုတ်။ ဖိုးရှုပ်ကတော့ ဒေဝါလီ မီဒီယာက သတင်းထောက်ပေါ့။

ကြောင်မျိုးမင်း။ ။ ဘာ … သတင်းထောက် ဟုတ်လား။ ဘယ်သွားသွား သတင်းထောက်နဲ့ကို မလွတ်ပါလားဗျာ။ တော်ပြီ ဟိုဘက်မှာပဲ သွားထိုင်တော့မယ်။

ဖိုးရှုပ်။ ။ ဒီမှာပဲ ထိုင်ပါ ဝန်ကြီးရယ်။ စကားလေး ဘာလေး ပြောရတာပေါ့။ ဝန်ကြီးပြောတာတွေ သတင်းမရေးပါဘူး အော့ဖ် သ ရက်ကော့ ပြောပေါ့။

ကြောင်မျိုးမင်း။ ။ ခင်ဗျားတို့ တကယ်ပြောတာနော်။ ကျုပ်က မိုးသီးဇူလိုင်ကို လန့်နေတာဗျ။

ကြွက်စုတ်။ ။ နေပါဦး … ဝန်ကြီးကို ချင်းမိုင်မှာ မိုးသီးဇူလိုင် ရောက်နေတယ်လို့ ဘယ်သူက ပြောလို့လဲ။

ကြောင်မျိုးမင်း။ ။ သိတယ်လေ။ သူ့အသံ ကြားကတည်းက သူမှန်းသိတယ်။ မိုးသီးဇူလိုင်မို့လို့ ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ခိုးထည့်တဲ့ … အဲ … ကြိုတင်မဲနဲ့ ရွေးဂေါက်ပွဲ နိုင်သွားတဲ့အကြောင်း သိတာပေါ့ဗျ။

ဖိုးရှုပ်။ ။ အဲဒါတော့ ဝန်ကြီး လွဲသွားပြီဗျာ။ ကြိုတင်မဲနဲ့ ရွေးဂေါက်ပွဲ အနိုင်ယူတဲ့ကိစ္စက မိုးသီးဇူလိုင်တင် မကဘူး ကလေးကစသိတယ်။

ကြောင်မျိုးမင်း။ ။ ဟုတ်ပါတယ် … ဒါပေမယ့် မိုးသီးဇူလိုင် ချင်းမိုင် ရောက်နေတာတော့ သေချာတယ်။ သူ့ကို ကျုပ်တော့ ကြောက်တယ်ဗျ။ သူက အကြမ်းဖက်သမား မဟုတ်လား။

ကြွက်စုတ်။ ။ အာ … သူက သူ့ဘလော့ပေါ်မှာတင် အကြမ်းဖက်တာပါ။ ဒီလောက်လည်း မကြောက်ပါနဲ့။

ကြောင်မျိုးမင်း။ ။ နောက်တော့ သူက ဝန်ကြီးတွေ တွေ့ရင် ဟိုဟာနဲ့ ပေါက်ချင် ဒီဟာနဲ့ပေါက်ချင်တဲ့ သူဆို။ တော်ကြာ ခုခေတ်စားနေတဲ့ လက်နက်နဲ့ ပေါက်မှဖြင့် … ကျုပ် ကိုယ်ကျိုးနည်းနေပါ့မယ်။

ရုက္ခစိုး။ ။ အခု ခေတ်စားနေတဲ့ လက်နက်ဆိုတာ ဘာလဲဗျ။

ကြောင်မျိုးမင်း။ ။ ချီးထုပ်လေ ...။ မြို့တော်ဝန် အောင်သိန်းပျင်း အပေါက်ခံရတဲ့ ဟာပေါ့။

ထိုစဉ် ပရိသတ်ထဲမှ “ဟေး … မြန်မာကွ … မြန်မာ … အားမငယ်နဲ့ … ကြိုတင်ဂိုးတွေရှိတယ်” ဆိုသည့် အသံသြကြီး ထွက်ပေါ်လာရာ ဦးကြောင်မျိုးမင်းမှာ ဒူးများတုန်သည်အထိ ထိတ်လန့်နေလေသည်။

ကြောင်မျိုးမင်း။ ။ ဟော တွေ့လား … အော်နေပြန်ပြီ။ ကျုပ်မလာခင် ကျုပ်တို့ဝန်ကြီးချုပ် သိန်းဂိန်က သေချာ မှာလိုက်တာဗျ။ မိုးသီးဇူလိုင်ကို သတိထား၊ မိုးသီးဇူလိုင်ဆိုတာ နှုတ်ခမ်းမွေးနဲ့ … ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးနဲ့တဲ့။

ပရိသတ်များရှိရာဘက်သို့ သူတို့ လှည့်ကြည့်လိုက်ရာ ဦးကြောင်မျိုးမင်း ပြောသည့် ပုံစံအတိုင်း လူ ၃၊ ၄ ဦးခန့်ကို တွေ့ရလေသည်။ ထိုစဉ် ပထမပိုင်းပြီးသွားပြီ ဖြစ်သည်။ မြန်မာက တဂိုးမှ မသွင်းနိုင်သေးဘဲ ထိုင်းက ၃ ဂိုး သွင်းပြီး သွားပြီ ဖြစ်ကြောင်း သိလိုက်ရာ ဦးကြောင်မျိုးမင်း နည်းနည်း ဒေါပွသွားသည်။

ဖိုးရှုပ်။ ။ ထိုင်းက ၃ ဂိုးတောင် သွင်းလိုက်ပြီ … ဘယ်လိုဖြစ်တာလဲ ဝန်ကြီး။ မြန်မာက တဂိုးတောင် ပြန်မသွင်းနိုင် ပါလား။

ကြောင်မျိုးမင်း။ ။ အဲဒါပြောတာပေါ့ … ဒီကောင်တွေ အသုံးကိုမကျဘူး။

ဦးကြောင်မျိုးမင်းသည် ဘောလုံးသမားများကို မိန့်ခွန်း သွားခြွေရန် နေရာမှ အထ သူ့ကို အေဘီစီဒီ မီဒီယာ ကင်မရာမန်း များက စောင့်နေမှန်း သိလိုက်ရသဖြင့် မထရဲတော့ဘဲ နေရာတွင်ပင် ပြန်ထိုင်နေပြန်သည်။

ရုက္ခစိုး။ ။ ဟိုဘက်က ၃ ဂိုးတောင် သွင်းလိုက်ပြီ။ ဝန်ကြီးရဲ့ အဖွဲ့ကို သွားအားမပေးတော့ဘူးလား။

ကြောင်မျိုးမင်း။ ။ မဖြစ်ဘူး။ ဟိုမှာ မိုးသီးဇူလိုင်ရဲ့ ဘက်တော်သား သတင်းသမားတွေ စောင့်နေတယ်။ ဒီကနေပဲ လိုအပ်တာတွေ ညွှန်ကြားတော့မယ်။

ပြောပြောဆိုဆိုနှင့် ဦးကြောင်မျိုးမင်းက သူ့ ပီအေကို လှမ်းခေါ်ကာ သူပြောချင်သည်များကို စာရွက်ပေါ်တွင် ရေး၍ ပေးလိုက်သည်။ ပီအေက ဘောလုံးသမားများရှိရာ သွားပြီး ဖတ်ပြရသည်။ ဘောလုံးသမားများက ပွဲမြန်မြန်ပြီး အေးတာပဲ ဆိုသည် ပုံစံဖြင့် ပီအေပြောသည်ကို နားမထောင်ဘဲ ဟိုကြည့် သည်ကြည့် ကြည့်နေကြသည်။

ဖိုးရှုပ်။ ။ ဝန်ကြီးကလည်း … ဘာလေး ဖြစ်ဖြစ် မိုးသီးဇူလိုင်ချည်းပဲ။ တခြားသူ မသိတော့ဘူးလား။

ကြောင်မျိုးမင်း။ ။ ကျုပ်က သိပ်သိတာ မဟုတ်ဘူးလေ။ ဝန်ကြီးချုပ် မှာလိုက်တဲ့ ဒီ နာမည်တခုပဲ အလွတ်ကျက်လာတာ။

ဖိုးရှုပ်ကို စကားပြန်ပြောနေသော်လည်း ဝန်ကြီးက အနောက်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်။

ကြွက်စုတ်။ ။ ဝန်ကြီးက ဘာတွေ လှည့်ကြည့်နေတာလဲ။ ဘယ်သူ လာဖို့ရှိလို့လဲဗျ။

ကြောင်မျိုးမင်း။ ။ သိပါဘူးဗျာ … ရွေးဂေါက်ပွဲ တုန်းက အကျင့်ပါလာလို့ပါ။ ကြိုတင် ဂိုးတွေများ နောက်ကနေ ရောက်လာမလားလို့ … အဟီး။

ထိုစဉ် “ဂိုး” ဆိုသည့် အော်သံကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ထိုင်းဘက်က တဂိုး ထပ်သွင်းလိုက်ခြင်း ဖြစ်သည်။

ဖိုးရှုပ်။ ။ ဟာ … ထိုင်းက ၄ ဂိုး ဖြစ်သွားပြီး မနိုင်နိုင်တော့ဘူး။ ဘယ်လိုလုပ်မလဲ။

ကြောင်မျိုးမင်း။ ။ ဒါ မိုးသီးဇူလိုင်ကြောင့်။

ရုက္ခစိုး။ ။ ဘာမှလည်း မဆိုင်ဘူး။

ကြောင်မျိုးမင်း။ ။ KNU ကြောင့် ရှုံးရတာ။

ကြွက်စုတ်။ ။ ဝန်ကြီး သတိထားဦးလေ။ ဘာမှ မဆိုင်ဘူးထင်တယ်။

ကြောင်မျိုးမင်း။ ။ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ။ ကျုပ်ပြန်ရင် ဘာလို့ မနိုင်ရတာလဲ ဝိုင်းမေးကြတော့မှာ။ ချိုကုပ်ဒူးကြီး အကြောင်း သိတယ်မဟုတ်လား။ သူက ရေဘူးပေါက်တာမလိုချင်ဘူးလေ။ ဒီတော့ အကြောင်းပြချက် ရှာသွားမှ ဖြစ်မယ်။

ဖိုးရှုပ်။ ။ မပူပါနဲ့ … အနည်းဆုံး စတုတ္ထတော့ ရနိုင်ပါသေးတယ်။ တတိယ လုပွဲ ရှိသေးတယ်မဟုတ်လား။

ကြောင်မျိုးမင်း။ ။ တတိယလုပွဲမှာပါ ရှုံးလို့ကတော့ နိုင်တဲ့ အသင်းတွေကို တရားစွဲမယ်။

ရုက္ခစိုး။ ။ ဟင် … ဘယ်လိုစွဲချက်နဲ့ စွဲမှာလဲ။

ကြောင်မျိုးမင်း။ ။ မဲလိမ်မဲခိုးမှုနဲ့ … အဲ … ယောင်လို့ … ဘောလိမ်မှုနဲ့ စွဲမှာပေါ့။ ဘောလုံးကို တည့်တည့်မကန်ဘဲ လိမ်ခေါက်ပြီး ဆွဲသွင်းတယ်ဆိုပြီး ကမ္ဘာ့ အားကစား အဖွဲ့ချုပ်ကို တင်မယ်။ ကျုပ်တို့ မြန်မာအားကစား သမားတွေ အစာပြတ်၊ ရေငတ်နဲ့ ပိန်လိန်နေတာ မြင်ရဲ့သားနဲ့တောင် လျှော့ မကစားဘူးလို့ တိုင်မယ်။

ကြွက်စုတ်။ ။ မြန်မာပြည်မှာလည်း ရွေးဂေါက်ပွဲ နိုင်တဲ့ ပါတီတွေကို ကြံ့ဖွံ့ပါတီက တရားစွဲမယ် ကြားတယ်။ ဝန်ကြီးနဲ့ အတူတူပဲ။

ဖိုးရှုပ်။ ။ ဟုတ်တယ် နိုင်တဲ့ ပါတီတွေကို မဲလိမ်မဲခိုးတယ် ဆိုပြီး ကြံ့ဖွံ့က ပြန်တရားစွဲတယ်ဆိုတော့ သူခိုးက လူပြန်ဟစ်တဲ့ နည်းပေါ့နော်။

ကြောင်မျိုးမင်း။ ။ ဒါက ချိုကုပ်ဒူးကြီးနည်းပဲ။ အခုခေတ်က သူခိုးကို အိမ်ရှင်က ပြန်တောင်းပန်ရတဲ့ ခေတ်ဗျ။ ခေတ်နဲ့ အမီရင်ပေါင်တန်းတဲ့ သဘောပေါ့။ ကျုပ်လည်း ဒီနည်းကို လိုက်ရမှာပဲ ရှေ့ဆောင်နွားလား ကောက်ကောက်သွားတော့ နောက်နွားကောက်ကောက် ….. ။

“ဖောင်း”
“အောင်မလေးဗျ”

ဝန်ကြီးစကား မဆုံးခင် “ဖောင်း” ဟု မြည်သွားခြင်းမှာ အခြားမဟုတ်၊ မည်သည့်နေရာက ပစ်လိုက်သည်မသိသော ရေသန့်ဘူးတဘူး ဝန်ကြီး၏ ပြောင်နေသော နဖူးကို လာမှန်ခြင်းဖြစ်သည်။

ရေသန့်ဘူး လာမှန်သဖြင့် အထိတ်တလန့် ဖြစ်သွားသော ဦးကြောင်မျိုးမင်းမှာ တောင်ကြည့် မြောက်ကြည့်ကြည့်ရင်း “မိုးသီး ဇူလိုင်လာပြီ …..... အားလုံး … ဝပ်” ဟူ၍ အသံနက်ကြီးဖြင့် အော်လိုက်သောကြောင့် ထိုင်းတီးဝိုင်းမှ လင်းကွင်းတချပ် ပင်ကွဲသွားကြောင်း နောက်ဆုံးသတင်း ရရှိပါသည်။ ။

No comments: