Monday, December 27, 2010

ကားကို ဆိုင်ကယ်ထင်၍ ရှောင်သူ လုံထိန်း ၂ ဦး ကားတိုက်၍ မောင်တောတွင် သေဆုံး

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ယမန်နေ့ ညဉ့်က ဆိုင်ကယ်နှင့် ကားတိုက်မူ ဖြစ်ပွား၍ လုံထိန်း အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦးတို့ သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူများမှာ လုံထိန်း အရာရှိ ဒုရဲအုပ် မျိုးမြင့်ကျော် (၃၂ နှစ်) နှင့် တပ်သားမှာ ဇင်လင်းတို့ ဖြစ်သည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး မောင်တောမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ အချိန်က ညဥ့် ၁၀ နာရီမှာ မောင်တောက အထွက် သုံးမိုင်အနီးမှာ ဖြစ်တာပါ။ ဒုရဲအုပ် မျိုးမြင့်ကျော်နဲ့ တပ်သား ဇင်လင်းတို့က ဆိုင်ကယ်နဲ့ အသွားမှာ ဘူးသီးတောင်ကနေ မောင်တောကို ၀ါးတင်ပြီး မောင်းနှင်လာတဲ့ ထရပ်ကားနဲ့ တိုက်မိတာ ဖြစ်ပါတယ်။ ထရပ်ကားက ရှေ့မီး တလုံးတည်းထိုးပီး မောင်းလာတော့ လုံထိန်းတွေက ဆိုင်ကယ်ထင်ပြီး ကပ်ရှောင်တာမှာ မျက်နာချင်းဆိုင် တိုက်မိပြီး ဒုရဲအုပ် မျိုးမြင့်ကျော်က ပွဲချင်းပီး ဆုံးပါတယ်။ တပ်သား ဇင်လင်းက ဆေးရုံ အရောက်မှာ ဆုံးသွားခဲ့ပါတယ်။”

သေဆုံးသွားသူ လုံထိန်း ၂ ဦးစလုံးမှာ မောင်တောအခြေစိုက် လုံထိန်း တပ်ရင်းမှ ဖြစ်ကြသည်။

ကားတိုက်မူ ဖြစ်ပွားပြီးနောက် ကားဒရိုင်ဘာနှင့် ကားသမားများမှာ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး ဘူးသီးတောင်- မောင်တောကားလမ်းတွင် ကုန်တင် ထရပ်ကားများမှာ ဟောင်းအိုနေပြီ ဖြစ်သဖြင့် ညဥ့်အချိန် ကားမောင်းရာ၌ ရှေ့မီး တလုံးတည်းဖြင့် မောင်းနှင်ကြသည်ဟု သိရသည်။

ထိုသို့ မီးတလုံးတည်းဖြင့် မောင်းနှင်လာသည်ကို လုံထိန်း နှစ်ဦးက မော်တော် ဆိုင်ကယ်ဟု ထင်မှတ်သဖြင့် ကပ်ပြီး ရှောင်ရာမှ ကားနှင့် မျက်နာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ အဓိကတော့ ထရပ်ကားတွေက ကားအို ကားဟောင်းတွေ ဖြစ်ကြတယ်။ ဘက်ထရီအိုးတွေနဲ့ မီးကို ထိုးရတယ်။ ဘက်ထရီအိုးကလည်း အားမရှိတော့ မီးတလုံးတည်း အသုံးပြုနိုင်တယ်။ ကားပိုင်ရှင်တွေကလည်း ချွေတာတဲ့ သဘောနဲ့ မီးတလုံးတည်းအသုံးပြုပြီး ဘူးသီးတောင်-မောင်တောလမ်းမှာ မောင်းနေကြတာ ဖြစ်ပါတယ်” မောင်တော မြို့ခံ က ပြောသည်။

ယခုကဲ့သို့ မီးတလုံးတည်းဖြင့် ကားများ မောင်းနေသည်ကို သိသော်လည်း သက်ဆိုင်ရာ မော်တော်ပီကေများက ကားပိုင်များထံမှ လာဒ်ငွေ ယူပြီး ခွင့်ပြုထားသဖြင့် ဘူးသီးတောင်နှင့် မောင်တောာတွင် ယခုကဲ့သို့ မော်တော်ကားကို ဆိုင်ကယ်ထင်၍ ရှောင်ရာမှ မကြာခဏ သေဆုံးမူများ ရှိနေကြောင်း သိရသည်။

No comments: