Tuesday, December 21, 2010

ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်း ရခိုင်ကို အကျိုးသာယုတ်စေမည်

ဒီဇင်္ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် မြန်မာ-အိန္ဒိယ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး အုတ်မြစ်ချ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အိန္ဒိယဘက်မှ ပြည်ပရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Jayant Prassad ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့် သံရုံးအဖွဲ့ဝင်များ၊ အိန္ဒိယ ပြည်တွင်ရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ESSAR Projects (India) Ltd. မွမ်ဘိုင်းနှင့် မြန်မာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းနားသို့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေတို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အခမ်းအနား ကျင်းပ ပြုလုပ်ပြီးနောက် စစ်တွေမှ နိုင်ငံရေး လေ့လာ လိုက်စားသူ လူငယ် စာရေး ဆရာ တစ်ဦးကို ကုလားတန် မြစ်ကြောင်း စီမံကိန်းနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက သူ့အမြင် သူ့သဘောထားကို ယခုကဲ့သို့ စတင် ပြောကြားသည်။

“ ရခိုင်ပြည်နယ် တိုးတက်ဖို့ အတွက် ဘယ်လိုလဲဆိုတော့ ဟိုမှာ လမ်းဖောက်တယ်။ ဟိုမှာ ရေနက်ဆိပ်ကမ်း ဆောက်တယ် စသဖြင့် ဘာတွေဘဲ လုပ်လုပ် ဘယ်လိုဘဲ ရှိနေပါစေပေါ့နော်၊ စီးပွားရေးလုပ်ငန်းနဲ့ Resources တွေကို စီမံခန့်ခွဲ ပိုင်ခွင့်ဟာ ရခိုင်လူမျိုးတွေ လက်ထဲမှာ မရှိဘဲနဲ့တော့ ဘယ်တော့မှ ရခိုင်လူမျိုး ကြီးပွား တိုးတက်ရေးကို ကြံဆောင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့များ ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုရင်လည်း ကျနော်တို့ ဒေသခံတွေ တိုးတက်လာတာ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါမှ မဟုတ် တခြားနေရာက ရောက်လာတဲ့ လူတွေ အဲဒီလူတွေ ချမ်းသာလာတဲ့ အတွက် ဒီဒေသ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မြင်ကြတာ ဖြစ်ကောင်း ဖြစ်မယ်။ ဒီဒေသခံတွေ အတွက် သူတို့ရဲ့ ဒေသစီးပွားရေး Resources တွေ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာတွေ၊ ဓနအင်အားတွေ သူတို့ လက်ထဲမှာ မရှိသရွေ့ကာလပတ်လုံး သူတို့ရဲ့ နိုင်ငံရေး အာဏာ သူတို့လက်ထဲမှာ မရှိသေးသမျှ ကာလပတ်လုံး ဒီဒေသက လူတွေ ဖွံ့ဖြိုးတိုးတက် လာမယ်လို့ ကျနော် မမြင်ပါဘူး ခင်ဗျာ။” စစ်အစိုးရကလည်း ပြောပါတယ်။ အိန္ဒိယကလည်း ပြောပါတယ်။ ဒီဒေသဟာ ကုလားတန် စီမံကိန်းကြောင့် ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ပြောနေပါတယ်။ တကယ်လို့ ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိဘူးဆိုရင် ရခိုင်လူမျိုးအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပါသလားဟု မေးမြန်းရာ သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ လောလောစဉ် အကြမ်းဖျင်းအားဖြင့်တော့ လမ်းဖောက်မယ်ဆိုတော့ ရွာတွေ ဖယ်ပေးရမယ်။ ပထမဆုံး အဲဒီ ဖယ်ပေးရတဲ့ ရွာတွေ အတွက်၊ အိမ်ယာတွေ အတွက်၊ လယ်မြေတွေအတွက် သူတို့ ဘယ်လို လျော်ကြေး ပေးမှာလဲ။ သူတို့ အရင် လုပ်ထုံးလုပ်နည်း အတိုင်းဘဲ ၂ ပဲ ၁ ပြား ဘဲ ပေးမှာလား။ အဲဒီလိုမျိုးပေးပြီးတော့ အိမ်တွေယာတွေ ခြံတွေ ဖယ်ခိုင်းတယ်ဆိုရင် အဲဒါ ပထမဆုံး ဒေသခံလူထု အတွက် ကြုံတွေ့ရတဲ့ နစ်နာမှုပေါ့နော်။ ပီးတော့ ဒီလမ်းကြောင်းပေါ်ကို လမ်းကြောင်း လုံခြုံဖို့၊ ကုန်စည် စီးဆင်းမှု လုံခြုံမှု အတွက် စစ်အင်အားတွေ တိုးချဲ့ ချရမယ်။ စစ်အင်အားကို တိုးချဲ့ချလာရင် ဗမာစစ်တပ်ဆိုတာကလည်း ယေဘုယျ ပြောရရင် အင်အားတွေ သုံးပြီးတော့ ဒေသခံတွေကို အနိုင်ကျင့်တဲ့ သဘောရှိတယ်။ ဆိုတော့ စစ်အင်အား များလာ လေလေ ပိုပြီး အနိုင်ကျင့် ခံရတဲ့ ဖြစ်နိုင်ခြေက များလာမယ်။ အဲဒီတော့ အဲဒါကလည်း အခြေအနေ ပို ဆိုးလာနိုင်တယ်။ ပထမဆုံး ကျနော်တို့ ကြုံရမဲ့ အချက် ၂ ချက်ရှိတယ်။ အဲဒီတော့ နောက်ပိုင်းမှာ ဘယ်လို တိုးတက်လာမလဲ ဆိုတာကိုတော့ ကျနော်လည်း အသေချာ မပြောနိုင်ပါဘူး ခင်ဗျာ။”

အခု စစ်တွေဆိပ်ကမ်းကို ဆောက်ရင် ဒေသခံ အလုပ်မရှိတဲ့သူတွေ အလုပ်ရနိုင်တဲ့ အခြေအနေမျိုး မဖြစ်လာနိုင်ဘူးလားဟု မေးမြန်းရာ သူက ယခုကဲ့သို့ ဖြေကြားသည်။

“ အခု လောလောဆယ် သူတို့ အလုပ်ခန့်တဲ့ အနေထားကိုတော့ ကျနော် မသိသေးပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်တဲ့ ပညာရှင်မျိုး သူတို့လိုအပ်တဲ့ technology ရှိတဲ့ ပုဂ္ဂိုလ်မျိုးက ရှိတယ်ဆိုရင်တော့ သူတို့ ဒီက ခန့်ရမှာပေါ့ ခင်ဗျာ။ ဒါပေမဲ့ အနည်းဆုံး အောက်ခြေ အဆင့် အလုပ်သမားတွေကို သူတို့ သုံးရမဲ့ သဘောရှိပါတယ်။ ဒါမေမဲ့ သူတို့ ဘယ်လို လုပ်မယ်မှန်းမှ မသိသေးတာ။ ကျနော် အမြင်ကို ပြောရရင်တော့ ကျနော်တို့ လောလောဆယ် ဒီ အလုပ်အကိုင်လေး နည်းနည်းပါးပါး ရတာလောက်နဲ့ နောက်ပိုင်း ရေရှည်မှာ ကိုယ်တို့ ရဲ့ စီးပွားရေးကို သူများတွေက လာပြီး လွမ်းမိုးချုပ်ကိုင်မယ့် အခြေအနေမျိုး ဖြစ်သွား နိုင်တာပေါ့နော်။ အဲဒါနဲ့ အလုပ်ကလေးရတာနဲ့ ကိုယ့်စီးပွားရေး သူများတွေ လက်ဝါးကြီး အုပ်သွားတာနဲ့ မကာမိဘူး ထင်ပါတယ်။” ဟု ပြောသည်။

ကုလားတန် မြစ်ကြောင်း စီမံကိန်းကြောင်း နအဖ စစ်အစိုးရနှင့် ၎င်းတို့နှင့် ဆက်စပ်သူ ကုမ္ပဏီများသာ အကျိုးရှိသွားနိုင်ပြီ ဒေသခံများအတွက် အကျိုးယုတ်စရာသာ ရှိနေကြောင်း သူက သုံးသပ် ပြောဆိုသွားသည်။

No comments: