Wednesday, December 22, 2010

RSO နှင့် ARNO လက်နက်ကိုင် တပ်ဖွဲ့များ နယ်စပ်တွင် တွေ့ဆုံ

တာကလူး

မြန်မာနိုင်ငံမှ မူဆလင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် RSO နှင့် ARNO တို့သည် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ဘင်္ဂလားဒေခ်ျ့ နိုင်ငံဘက်ခြမ်းရှိ တောနက်တစ်နေရာတွင် များမကြာမှီက လျှို့ဝှက် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေ့စဉ်ထုတ် ထိပ်တန်း သတင်းစာ တစ်စောင်က ရေးသား ဖေါ်ပြသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနယ်စပ်နှင့် ၅ ကီလိုမီတာ ကွာဝေးသည့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ နတ်ကျောက်စရီမြို့နယ်ရှိ ဘာကာခါလီလော်တာဘူနီ တောနက်ထဲတွင် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံနိုင်ငံရေးသမားများ အပါအ၀င် RSO နှင့် ARNO တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း ဘင်္ဂလီဘာသာဖြင့် ထုတ်ဝေသည့် ‘The Daily Jugantor’ သတင်းစာက ဒေသ သတင်းရပ်ကွက်များကို ကိုးကားပြီး ရေးသားဖေါ်ပြထားသည်။

နတ်ကျောက်စရီမြို့နယ် ဥက္ကဌ တိုဖိုင်းလ်အာမတ် နှင့် နတ်ကျောက်စရီ ဘီဒီအာတပ်ရင်း အရာရှိ ချောဖိအူလ္လာ တို့က ၄င်းလျှို့ဝှက် တွေ့ဆုံ ဆွေးနွေးပွဲ အကြောင်းကို ကြားသိခဲ့ရကြောင်းနှင့် အသေးစိတ်ကို စုံစမ်း မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းစာသို့ အတည်ပြု ပြောကြားခဲ့သည်။

သို့သော်လည်း ထိုဆွေးနွေးပွဲ အကြောင်းအရာများကိုလည်း သတင်းစာ၌ တစုံတရာ ရေးသားဖေါ်ပြထားခြင်းမရှိပေ။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သတ်၍ ARNO ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဦးဆောလိမ်ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းခဲ့ရာ သူက အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ယခုကဲ့သို့ပြောသည်။

“အလကား သတင်းတွေပါ။ မဟုတ်မမှန်တာတွေကို ရေးနေတာပဲ။ ကျွန်တော်တို့ ဘာတွေ့ဆုံဆွေးနွေးပွဲမှ မလုပ်ခဲ့ပါဘူး။ ဒီကသတင်းစာတွေက အခြေအမြစ်မရှိတာတွေကိုပဲ ရေးနေတာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုရေးတာလဲ ဆိုတာကို အဲဒီသတင်းစာကို ဆက်သွယ်ပြီးတော့ မေးကြည့်လိုက်ပါ” ဟု ပြောသည်။

အမည်မဖေါ်လိုသူ RSO မှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးက သူ့အနေနှင့် အဆိုပါ ဆွေးနွးပွဲအကြောင်း တစုံတရာ မသိကြောင်း၊ သို့သော်လည်း ထိုသို့တွေ့ဆုံခဲ့ခြင်းမှာ မာစတာ အာယု ခေါင်းဆောင်သည့် RSO ခွဲထွက်အဖွဲ့နှင့် ARNO မှထုတ်ပယ်ထားသည့် အဖွဲ့ဝင်တစ်ချို့ဖြစ်နိုင်ကြောင်း ယခုကဲ့သို့ပြောသည်။

“အဲဒီဆွေးနွေးပွဲ အကြောင်း ကျွန်တော်တို့လုံးဝ မသိသေးပါဘူး။ ဒါပေမယ့် အဲဒီဒေသမှာ လက်ရှိအခြေစိုက်ရှိနေတာက မာစတာ အာယု ခေါင်းဆောင်နေတဲ့ RSO ခွဲထွက်အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့နဲ့ ARNO က ထုတ်ထားတဲ့ သူတွေ တွေ့တာပဲ ဖြစ်နိုင်ပါတယ်။ အရင်လဲ ဒီလိုတွေ့လေ့ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဘက်က လူတွေ ပါတယ်ဆိုတော့ သူတို့က တခြားအကြောင်းတွေကို ဆွေးနွေးကြတာပဲ ဖြစ်နိုင်ပါတယ်။ ဗမာစစ်အစိုးရကို တိုက်ဖို့ ဆွေးနွေးကြတာမျိုး မဖြစ်နိုင်ပါဘူး။ အင်အားလဲ ၂၀၀ နီးပါးလောက်ပဲ ရှိတာပါ” ဟု ပြောသည်။

Arakan Rohingya National Organization နှင့် Rohingya Soldiraty Organization လက်နက်ကိုင်တပ်ဖွဲ့များမှာ ဘင်္ဂလားဒေခ်ျ့ နိုင်ငံ၌ တရားမ၀င် အသင်းအဖြစ် သတ်မှတ်ထားသည့် JMB ခေါ် ဂျာမက်အစ္စလာမ်မီ အဖွဲ့ဝင်များကို အဆိုပါ နယ်မြေအတွင်း လက်နက်ကိုင်သင်တန်းများ ပို့ချပေးကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက စွပ်စွဲ ရေးသားခြင်းများ အများအပြား ရှိခဲ့သော်လည်း အဆိုပါ အဖွဲ့အစည်းများမှ ၎င်းစွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။

No comments: