Thursday, December 23, 2010

အန္တရာယ်ကြားက ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်တို့ဘဝ

စိုးနေလင်း

တကယ်လို့ အလုပ်သမားဝန်ကြီး ချလမ်ချိုင်း ဆရီယွန်ကသာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမားတွေအားလုံး သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံကြရပါလိမ့်မယ်။

ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမား တယောက်ဖြစ်မယ် ဆိုရင် ဘာလုပ်မလဲ။စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့သူကို ကာကွယ်မှုရှိတဲ့ လိင်ဆက်ဆံမှုရအောင် ပြောဆိုနိုင်တဲ့စွမ်းအား မရှိဘူးဆိုရင်၊ ကိုယ့်ဘဝဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား အပြုခံရနိုင်တဲ့ အခြေအနေ ဖြစ်နေရင်ဆိုပြီး စဉ်းစားကြည့်ပါ။ ကလေးတယောက် မွေးမြူပြုစုဖို့ မတတ်နိုင်တဲ့ အခြေအနေမှာ ငတ်မွတ်ခေါင်းပါး ဆိုးဝါးတဲ့ ဆင်းရဲခြင်းနဲ့ နိုင်ငံရေးအရ မတရား ရက်ရက်စက်စက် ပြုခံရဖို့သာရှိတဲ့ အိမ်ပြန်ရမယ့် အခြေအနေဆိုရင်၊အဲဒီ အခြေအနေတွေ အောက်မှာ ရှင်တို့ ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဘာလုပ်ကြမှာပါလဲ။

မထူးဆန်းဘူးလားရှင်၊ ဘုန်းကြီးကျောင်းမှာ ဆိုးဝါးရက်စက်တဲ့ ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသား၂၀၀၀
လောက်တွေ့ပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချမှုအပေါ် ပြည်သူလူထုက ဒေါသထွက်နေကြတဲ့အချိန်မှာမှ မစ္စတာ ချာလမ်ချိုင်းရဲ့ မူဝါဒက ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ ဒေါသထွက်နေကြတဲ့ ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်တဲ့ သူတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကို ပိုမြန်မြန် ပြေးကြရမယ့်ကိန်း ဆိုက်စေတဲ့ မစ္စတာချာလမ်ချိုင်းရဲ့လုပ်ရပ်က ဘာပြဿနာမှ မရှိပါဘူး။ဘာဖြစ်လို့ပါလဲ။

သေချာတာကတော့ ဒီဖမ်းဆီးပြန်ပို့မယ့် မူဝါဒက မရေမတွက်နိုင်အောင် များပြားတဲ့ အမျိုးသမီးတွေကို အသက်အန္တရာယ်ရှိပြီး စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှု လုပ်လာအောင် တွန်းအားပေးတော့မယ် ဆိုတာပါပဲ။ အတော်များများ စိုးရိမ်ရတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ခံစားကြရပါလိမ့်မယ်။ အများကြီး သေကြပါလိမ့်အုံးမယ်။

ဒါနဲ့တောင် ကျမတို့က ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့ပါလဲ။ ခါတိုင်းလိုပဲ ကျမတို့က ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို အကျင့်ပျက်တွေ လိင်ပိုင်းဆိုင်ရာအရ ဖောက်ပြန် ပျက်စီးသူတွေအဖြစ် အပြစ်တင်ကြဖို့ပါပဲ။ ဘာသာရေးကို အသုံးပြုပြီး မကောင်းမှု အကုသိုလ်အဖြစ် ကိုယ်ဝန်ဖျက်ချမှုကို ပြစ်တင်ရှုံ့ချ၊ အဲဒီ အမျိုးသမီးတွေရဲ့ခက်ခဲလှတဲ့ ဘဝအခြေအနေတွေ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားပေးကြဖို့ ငြင်းပယ်လိုက်ကြဖို့ပါပဲ။ အဲဒီအကျင့်ပျက်နေတဲ့ အမျိုးသမီးတွေကို အပြစ် ပေးသင့်တယ်ဆိုတဲ့ ယုံကြည်တွေးခေါ်မှုနဲ့ပဲ ကျမတို့က သူတို့ကို အကူအညီပေးဖို့ကိုလဲ ငြင်းဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ကျမတို့ဟာ အမျိုးသမီးတွေကို နာကျင်ခံစားရမယ့် လမ်းကြောင်းကို တွန်းပို့ပေးနေတဲ့
ထွေပြားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊လူမှုဘဝ အလေ့အကျင့်တွေနဲ့ နိုင်ငံတော် မူဝါဒတွေကို လက်ခံကျင့်
သုံးနေကြပါတယ်။ မစ္စတာချာလမ်ချိုင်းရဲ့ကိုယ်ဝန်ဆောင်တွေကို ဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ အဲဒါနဲ့ တဆက်ထဲပါပဲ။ သူ့လိုပါပဲ ကျမတို့တော်တော်များများက ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့သာ သူတို့ကို ဒီမှာ မွေးဖွားခွင့် ပေးလိုက်လို့ရှိရင် သူတို့ရဲ့ကလေးတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုပြဿနာတွေ ဖြစ်လာလိမ့်မယ်ပေါ့လေ။

ဒီလိုဆိုရင် ကျမတို့က မစ္စတာချာလမ်ချိုင်းကို သဘောတူကြပါတယ်။ ဒါပေမဲ့ တကယ်လို့ ကျမတို့ရဲ့သဘောတူ ထောက်ခံမှုက ကျမတို့ရဲ့လက်တွေကို သွေးစွန်းစေတာနဲ့တူတဲ့ အမျိုးသမီးတွေကို ပိုပြီးကိုယ်ဝန် ဖျက်ချအောင် တွန်းပို့လိုက်သလို ဖြစ်သွားရင်ရောရှင်။ မဟုတ်ပါဘူး။ ဒီဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ ကျမတို့ရဲ့ လူမျိုးစု အာဃာတတခုထဲ မကပါဘူး။ပြဿနာက ဒီထက်ပိုပြီး နက်ရှိုင်းပါတယ်။ ယဉ်ကျေးမှုတွေကို ရိုက်ခတ် သက်ရောက်စေနိုင်တဲ့ လိင်ခွဲခြား ဖိနှိပ်မှုလဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ထိုင်းလူမျိုးတွေ ဒါမှမဟုတ် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သူတို့ဘဝနဲ့ လိင်အပေါ် ထိန်းချုပ် စီမံခွင့်၊ သူတို့ခန္ဓာကိုယ်ကို စီမံပိုင်ခွင့်စတဲ့ အမျိုးသမီး အခွင့်အရေးတွေ လုယူခံလိုက်ရတာဖြစ်တဲ့ သဘောထားနှစ်မျိုး ခွဲခြားဆက်စပ်မှု ထောင်ချောက်မှာ မိသွားကြတာပါပဲ။

အဲဒါဟာ စာရင်းဇယားတွေအားလုံးက ပြသနေတဲ့ ကျမတို့ရဲ့ အကြင်နာမဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး
ဥပဒေဟာ အမျိုးသမီးတွေကို သေစေ၊ နာကျင်ဒဏ်ရာရစေသလို တခြားသူတွေကို နာကျင်ခံစားရစေပေမယ့် သူတို့တွေက ကျမတို့ရဲ့ ရင်ထဲမှာ ရိုက်ခတ်လှုပ်ရှားသွားတဲ့ထိ အပြောင်းအလဲ ဖြစ်သွားအောင် မလုပ်နိုင်ခဲ့တဲ့ အကြောင်းပါပဲ။ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဆက်နွယ်တဲ့ ရောဂါဝေဒနာတွေကြောင့် ဆေးကုသခံချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်အရ ခန့်မှန်းခြေ တနှစ်ကို အမျိုးသမီး ၄ဝဝ,ဝဝဝ ဝန်းကျင်လောက် ကိုယ်ဝန် ဖျက်ချနေကြတယ်လို့ ယူဆရပါတယ်။ အဲဒီရောဂါဝေဒနာတွေကြောင့် အမျိုးသမီး ၁ဝဝ,ဝဝဝ မှာ ၃ဝဝ လောက်သေဆုံးနေကြရပါတယ်။ ဆိုလိုတာကတော့ လုံခြုံစိတ်ချရမှုမရှိ၊တရားဝင် မဟုတ်တဲ့ ဆေးခန်းတွေကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေကနေ တနှစ်ကို အမျိုးသမီး တသိန်းလောက်
သေဆုံးနေကြရတယ် ဆိုတာပါပဲ။

ဘယ်သူတွေက အလေးဂရုပြုကြပါသလဲ။ တကယ်လို့ အမျိုးသမီးတွေကြား အိပ်ခ်ျအိုင်ဗီ ပိုးကူးစက်မှုနှုန်းထားနဲ့ အစီအစဉ်မရှိတဲ့ ကိုယ်ဝန်ရှိမှုတွေ များပြားလာစေတဲ့ အမျိုးသားတွေရဲ့ ၁ ရာနှုန်းကသာ ကွန်ဒုံး သုံးစွဲကြတယ်ဆိုတာကို မိသားစု စီမံကိန်း စာရင်းဇယားတွေက ပြနေတယ်ဆိုရင်လဲ ကိစ္စမရှိတော့ပါဘူး။

ပြောလိုရင်းကတော့ ကိုယ်ဝန် ဖျက်ချချင်နေကြတဲ့ အမျိုးသမီး၇ဝ-၈ဝ ရာနှုန်းဟာ သူတို့တွေ အလုပ် ပြုတ်သွားမှာ စိုးလို့ဒါမှမဟုတ် နောက်ထပ် ပါးစပ်တပေါက် ထပ်ကျွေးဖို့ သိပ်ဆင်းရဲကြလွန်းလို့ ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဗဟိုဦးတည်ချက်ကတော့ လိင်စိတ်ကို ထိန်းချုပ်ဖို့ လိုနေတဲ့ အကျင့်ပျက် ဆယ်ကျော်သက် မိန်းကလေးတွေသာဖြစ်ပြီး ကျောင်းတွေရဲ့ နှလုံးသားကင်းမဲ့မှုတွေ၊လူမဆန်တဲ့ လုပ်ငန်းဆိုင်ရာ အလေ့အကျင့်တွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ရွေးချယ်ခွင့် ပိုရရှိစေနိုင်တဲ့ ဝန်ဆောင်မှုတွေကို အစိုးရက မပေးနိုင်တဲ့ အပေါ်မှာတော့ ဘယ်တုံးကမှ အပြစ်တင်လေ့မရှိပါဘူး။

ကျမတို့ရဲ့ လိင်အရဖိနှိပ်တတ်တဲ့ လောကအမြင်မှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပေးလိုက်ရင်ဆိုး
သွမ်းသွားပါလိမ့်မယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် စာရင်း ပိုဆိုးလာရတဲ့ အကြောင်းဟာ အဲဒါကြောင့်ပါ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ သန္ဓေသားတွေရဲ့ အရေအတွက်ဟာလဲ ဒီလိုပါပဲ။ပိုမြင့်မားလာလေ အမျိုးသမီးတွေရဲ့ ရက်စက်မှုကို ပိုပြနိုင် အမျိုးသမီးတွေကို ပိုထိန်းချုပ်ဖို့လိုပြီဆိုပြီး ပိုပြောနိုင်ကြတာပေါ့ရှင်။ ဘုန်းကြီးကျောင်း အအေးခန်းမှာ ကြေကွဲစရာ ကိုယ်ဝန် ဖျက်ချမှုအပေါ် ဒေါသအမျက်ဟာ မစ္စတာ ချာလမ်ချိုင်းရဲ့ ဖမ်းဆီးပြန်ပို့မှု မူဝါဒ မှာရှိတဲ့ရက်စက်မှုကို ကျမတို့ သိမြင်လာအောင် မလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှု မူဝါဒကိုရော ပြောင်းသွားစေနိုင်ပါသလား။ အမျိုးသမီးတွေအပေါ် အပြစ်ပုံချနေဆဲ အချိန်မှာတော့ မဖြစ်နိုင်ပါဘူး။

အခုတော့ ခေါင်းကြီးပိုင်းလေသံက သန္ဓေသားတွေရဲ့ ခြောက်လှန့်နေတဲ့ ဝိညာဉ်တွေကို ငြိမ်းအေးအောင် ချော့မော့ဖို့ ပြောင်းလာပြီး သတင်းဖေါ်ပြမှု ရပ်ဆိုင်းသွားဖို့ နီးလာပါပြီ။ ဒီထိတ်လန့် တုန်လှုပ်မှုက ကရုဏာတရားကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ လိင်ပိုင်းအရ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆံမှုကို ကိုင်မလှုပ်နိုင်ခဲ့ပါဘူး။ ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းလိပ်တခုလို အားလျော့ ပြေလျှော့သွားပြီး နောက်မှာ ဘာမှ မကျန်ရစ်ခဲ့တော့သလိုပါပဲရှင်။ ။


(Sanitsuda Ekachi ရဲ့ Pregnant and persecuted ဆောင်းပါးကိုပြန်ဆိုပြီး ဆောင်းပါးရှင် Sanitsuda ဟာ Bangkok Post ရဲ့လက်ထောက် အယ်ဒီတာတယောက် ဖြစ်ပါတယ်။

No comments: