Saturday, December 25, 2010

ဘေးကျပ်နံကျပ်

ဒေါက်တာဘဦး

ဒီဇင်ဘာ ၂၂ တောင်သူလယ်သမားအရေးတော်ပုံ စတင်သည့်ရက် အနှစ် ၈ဝ ပြည့် အမှတ်တရ စိန်ဝင်းစိန် ပြန်ဆိုသော သမ္မတဟောင်း ဒေါက်တာဘဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ “ကျွန်ုပ်၏ မြန်မာနိုင်ငံ” ( My Burma, The autobiography of a president by U Ba U, New York: Taplinger, 1958) မှ ထုတ်နုတ် ဖော်ပြသည်။

သြဂုတ်လ နောက်ဆုံးပတ်တွင် အားလပ်ရက်ရှည် စတင်သောအခါ ကျွန်ုပ် ခွင့်လေးလ ခံစားလိုက်ပါသည်။ ခွင့်ရက်ကုန်ချိန်တွင် ဒိစတြိတ်(ခရိုင်)နှင့် စက်ရှင်တရားသူကြီးအဖြစ် အင်းစိန်တွင် တာဝန်ချခံရသည်။ ထို့နောက် ရက်ပိုင်းမျှအကြာတွင် ဆရာစံ သူပုန်ဟုခေါ်ကြသော ပုန်ကန်ထကြွမှုတခု သာယာဝတီတွင် ဖြစ်ပွား၏။ ယင်းသို့မဖြစ်မီ သီတင်းပတ်အနည်းငယ်က ခွင့် ၄ လသွားသည့် ဆားချားလ်စ်အင်းနစ်နေရာတွင် အစားဝင်သည့် ယာယီဘုရင်ခံ ဆာဂျိုးဇက်သြဂတ်စတပ် မောင်ကြီးသည် ဒါဘာပွဲပြုလုပ်ရန် သာယာဝတီသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ဒါဘာပွဲတွင် သာယာဝတီဒိစတြိတ် တောင်သူလယ်သမား ကိုယ်စားလှယ်တို့က လူခွန်ကင်းလွတ်ခွင့်ပြုရန်၊ မြေခွန်လျှော့ချပေးရန်နှင့် စပါးဈေးတိုးမြှင့်ပေးရန် အသနားခံစာ တစောင်ကို ဝိုင်းဝန်းလက်မှတ်ထိုးကြပြီး ယာယီဘုရင်ခံထံ တင်သွင်းကြသည်။ တောင်သူလယ်သမား ကိုယ်စားလှယ်တို့က လက်ရှိအခြေအနေတွင် အသက်နှင့်ကိုယ် အိုးစားမကွဲအောင်ပင် အနိုင်နိုင် ကြိုးစားနေကြကြောင်း၊ ကြွေးတွင်းမှာ နက်သည်ထက် နက်လာကြကြောင်း ပြောဆိုကြ၏။ ဤသည်ကို ဆာဂျိုးဇက် မောင်ကြီးသည် နှစ်သိမ့်စကားပြောကြားခြင်း မပြုဘဲ တောင်းဆိုမှုများကို မလိုက်လျောနိုင်ကြောင်း မချေမငံ တုံးတိတိ ပြန်ကြားလိုက်ရာ မြန်မာလူမျိုးဘုရင်ခံ တယောက်ထံမှ စာနာထောက်ထားမှုကို ရရှိနိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားကြသော တောင်သူလယ်သမားတို့ များစွာစိတ်ပျက် နာကြည်းသွားကြသည်။

ယင်းသို့ ဆာဂျိုးဇက် မောင်ကြီး၏ မထီမဲ့မြင် ပြုမူဆက်ဆံပုံကို တောင်သူလယ်သမားတို့ နားမလည်နိုင်ကြ။ သူသည် သူ့ကိုယ်သူ မပိုင်ပေ။ ဖွဲ့စည်းပုံစနစ်အရ သူသည် အင်္ဂလိပ်တို့၏ ဩဇာကို မလွန်ဆန်နိုင်။ အင်္ဂလိပ်တို့ ခိုင်းသမျှသာ လုပ်ဖို့ရရှိသည်။ သူ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရလျှင် မြန်မာနိုင်ငံသားတို့၏ ကောင်းကျိုးကို သူတတ်နိုင်သမျှ ဆောင်ရွက်ပေးပါလိမ့်မည်။ သူသည် ပြင်းထန်သော မျိုးချစ် တယောက်ဖြစ်ကြောင်း ကျွန်ုပ် ကောင်းစွာသိပါသည်။ သူ့အနေအထား၏ အားနည်းချက်ကြောင့် ဆရာစံ သူပုန်ထဖို့အကြောင်း ဖြစ်လာခဲ့ရ၏။

ဆရာစံသည် ရွှေဘိုနယ်သား တယောက်ဖြစ်သော်လည်း အောက်မြန်မာနိုင်ငံသို့ ဆင်းလာကာ ဘီလူးကျွန်းတွင် အခြေချနေထိုင်ပြီး မြန်မာတိုင်းရင်းဆေး ဆရာအဖြစ် အသက်မွေးခဲ့သည်။

ဦးချစ်လှိုင်၏ ဦးဆောင်မှုနောက်သို့လိုက်ကာ နိုင်ငံရေးတွင် ပါဝင်ခဲ့သည်။ ဦးချစ်လှိုင်မှာ အလွန်ထင်ရှားသော နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး အရေအတွက်အားဖြင့် မနည်းလှသော သူ့ နောက်လိုက်များက သူ့ကို သမ္မတအဖြစ် သတ်မှတ်ထားကြ၏။ ထို့နောက် ဆရာစံသည် ဦးချစ်လှိုင်ထံမှ ခွာကာ ဦးစိုးသိမ်းပါတီနှင့် ဆက်သွယ်လိုက်သည်။ ဦးစိုးသိမ်းပါတီသည် နိုင်ငံရေး ရည်မှန်းချက်များ ပေါက်မြောက်အောင် အင်အားသုံးရမည်ဟု ခံယူထားသော အကြမ်းဖက်အုပ်စုဖြစ်၏။ ဆရာစံသည် ဦးစိုးသိမ်းပါတီ၏ ခံယူချက်ကို အားပေး ထောက်ခံသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သာယာဝတီသို့ ဆာဂျိုးဇက် သြဂတ်စတပ်မောင်ကြီး ရောက်ရှိလာချိန်တွင် ဆရာစံသည် သာယာဝတီ ခရိုင်အတွင်း၌ နိုင်ငံရေးတရားများ ဟောပြောနေပါသည်။ ဆာဂျေ-အေ-မောင်ကြီး ပြန်ကြားပြောဆိုလိုက်သည့် စကားကြောင့် တောင်သူလယ်သမားများ မခံမရပ်နိုင်ဖြစ်ကြသည်ကို ဆရာစံ တွေ့မြင်သောအခါ ထိုသူတို့အား မျိုးချစ်တရားများဟောပြီး မီးလောင်ရာလေပင့် ပေးလေတော့၏။ မြန်မာနိုင်ငံသည် ရှေးဘုရင်များ လက်ထက်က ကမ္ဘာ့အရှေ့ပိုင်းတွင် အင်အားကြီးနိုင်ငံတခု ဖြစ်ခဲ့ကြောင်း၊ တရုတ်ကိုပင် ကြိမ်ဖန်များစွာ စိန်ခေါ်နိုင်ခဲ့ကြောင်း ဆရာစံ ဟောကြားခဲ့သည်။

ထို့ပြင် ဗြိတိသျှတို့ကို မယုံကြည်ရကြောင်း၊ ပထမကမ္ဘာစစ်အတွင်း စစ်ရှုံးမည့်အခြေအနေ ဆိုက်ရောက် နေချိန်တွင် အိန္ဒိယနှင့် မြန်မာအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုမည်ဟု ကတိပေးပြီး စစ်နိုင်သောအခါ ကတိပျက်ခဲ့ကြကြောင်း၊ များမကြာမီ မင်းလောင်းပေါ်လာတော့မည် ဖြစ်ပြီး တိုင်းပြည်ကို အင်္ဂလိပ်တို့လက်မှ ပြန်လည်သိမ်းယူကာ နန်းသိမ်းပွဲ ခံတော့မည်ဖြစ်ကြောင်းကို ဟောပြောလျက် သွေးထိုးလှုံ့ဆော်ပေးခဲ့၏။ လူများအား တိုက်လိုခိုက်လိုစိတ် ပိုမိုထက်သန်စေရန် အလို့ငှာ အောက်လမ်းပညာများကိုလည်း ပြသခဲ့၏။ ဂါထာမန္တန်များနှင့် အင်းအိုင်ခါးလှည့် လက်ဖွဲ့အဆောင်များကိုလည်း ပေး၏။ ဘေးဆီးရန်ကာ ပြီးဆေးဆိုပြီး ထိုသူတို့၏လက်ဖျံတွင် အပ်သွင်းပေး၏။ ဝဠန်ရုပ်မင်ကြောင်လည်း ထိုးပေး၏။

ပုန်ကန်ထကြွမှုသည် ပဲခူးရိုးမတောင်ခြေရှိ ရွာလေးတရွာမှ စတင်ခဲ့ပါသည်။ ဒီဇင်ဘာ(၂၄)ရက်ညတွင် တိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၃ဝ ဒီဇင်ဘာ ၂၃ တွင် သာယာဝတီသို့ ချီတက်လာခဲ့ကြသည်။ အဓိကပစ်မှတ်များမှာ အကျဉ်းထောင်နှင့် ဒိစတြိတ်ကလပ် ဖြစ်သည်။ ထောင်တံခါးကိုဖွင့်ပြီး အကျဉ်းသားများကို လွှတ်ကာ သူတို့နှင့်ပူးပေါင်းစေရန် ကြံရွယ်ထား၏။ ဒိစတြိတ်ကလပ်တွင် ဥရောပတိုက်သား အရာရှိ အရာခံများ၊ သူတို့၏ မိသားစုများ၊ မိတ်ဆွေများ ခရစ္စမတ်အကြိုပွဲ ဆင်ယင်ကျင်းပကြမည်ဟု သူတို့သိထားကြသဖြင့် အလွယ်တကူ စီးနင်းနိုင်ကြောင်း တွက်ဆထားကြသည်။

ကံအားလျော်စွာ သူတို့ချီတက်လာရာ လမ်းတလျှောက်တွင် သူကြီးတယောက်နှင့် နောက်လိုက်များက သူတို့အား ခုခံတားဆီးသည်နှင့်ကြုံသဖြင့် အသေအပျောက် အနည်းငယ်ရှိကာ နောက်ကြောင်း ပြန်လှည့်သွားကြရသည်။ နောက်တနေ့တွင် သစ်တော ဗိုလ်တဲတလုံးတွင် တည်းခိုနေသော ဥရောပတိုက်သား သစ်တော အရာရှိတစ်ယောက်ကို ပစ်သတ်လိုက်ကြသည်။

ပုန်ကန်ထကြွမှုသည် အင်းစိန်၊ ပြည်၊ ဟင်္သာတ၊ သရက်မြို့၊ ပဲခူးဒိစတြိတ်များသို့ ကူးစက်ပျံ့နှံ့သွားလေသည်။ လပိုင်းအတွင်း ရှမ်းပြည်နယ်နှင့် အထက်မြန်မာနိုင်ငံ ရမည်းသင်း ဒိစတြိတ်အထိ ကူးစက်သွား၏။ ပုန်ကန်မှုကို နှိမ်နင်းရန် အစိုးရတွင် တပ်အင်အား အလုံအလောက် မရှိသဖြင့် အိန္ဒိယအစိုးရထံမှ ဒီဝီဇံနှစ်ခုကို မှာယူခဲ့ရသည်။ ယင်းသည့်တိုင် ပုန်ကန်ထကြွမှုအား နှိမ်နင်းရန် နှစ်နှစ်နီးပါး အချိန်ယူခဲ့ရသည်။ ပုန်ကန်သူတို့သည် ဓားများ၊ လှံများ၊ လုပ်သေနတ်များ ကိုင်စွဲလျက် သတ္တိနှင့်မျိုးချစ်စိတ်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်၏ ။ တောင်သူလယ်သမား ပုန်ကန်ထကြွမှုများ ပေါ်ပေါက်ပြီး လပိုင်းမျှအကြာတွင် သူပုန်များကို စစ်ဆေးရန် ခုံရုံးတခု ဖွဲ့ပါသည်။ ဟိုက်ကုတ် တရားဝန်ကြီး ဂျေ-ကန်းလစ်ဖ်က ခုံရုံးဥက္ကဋ္ဌ၊ အေ-ဂျေ-ဒါဝတ်နှင့်ကျွန်ုပ်က ခုံရုံးအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြသည်။ ကန်းလစ်ဖ် ခုံရုံးဥက္ကဋ္ဌ ခန့်ထားခံရချိန်တွင် မြန်မာနိုင်ငံသို့ သူရောက်ရှိနေခဲ့သည်မှာ ငါးနှစ်မျှ ရှိခဲ့ပြီဖြစ်၏။

သူသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ မိတ်ဆွေတယောက်ဖြစ်ပြီး မြန်မာလူမျိုးတို့၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များအပေါ် စာနာထောက်ထားသူလည်း ဖြစ်၏။ အဆိုပါရည်မှန်းချက်၊ မျှော်လင့်ချက်များ အကောင်အထည်ဖော်ရန်လည်း အားပေးအားမြှောက်ပြုသူ ဖြစ်သည်။ သူ၏ မြန်မာမိတ်ဆွေများမှာ အင်္ဂလိပ် မိတ်ဆွေများထက် အရေအတွက်ပိုသည်။ မြန်မာလူမျိုး ဝတ်လုံတော်ရများကို နိုင်ငံရေးလုပ်ရန် အားပေးမှုလည်းပြု၏။ သူ့ဇနီးသည် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့အုပ်ချုပ်မှုအပေါ် မကွယ်မထောင့် ပြစ်တင် ရှုပ်ချသူဖြစ်သည်။ ထို့ကြောင့် ခုံရုံးဥက္ကဋ္ဌအဖြစ် ကန်းလစ်ဖ်ကို ခန့်ထားသည်ကို ကျွန်ုပ် အလွန်ဝမ်းသာမိသည်။ အေ-ဂျေ-ဒါဝတ်မှာ မော်လမြိုင်ဇာတိ အင်္ဂလိပ်-မြန်မာ ကပြားတစ်ဦး ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်မှာ ဝတ်လုံတော်ရ။ အစပိုင်းတွင် အစိုးရရှေ့နေအဖြစ် လည်းကောင်း၊ ထိုနောက် ဒိစတြိတ်နှင့် စက်ရှင်တရားသူကြီး အဖြစ်လည်းကောင်း မော်လမြိုင်တွင် နှစ်ပေါင်းများစွာ အနေကြာခဲ့ပြီး ယာယီ ဟိုက်ကုတ် တရားသူကြီးအဖြစ် အငြိမ်းစားယူပြီးသည့် နောက်တွင် ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။

ကျွန်ုပ်တို့စစ်ဆေးရသည့် ပထမဆုံးအမှုမှာ ဖျာပုံတွင် ဖြစ်ပါသည်။ ဒါဝတ်နှင့် ကျွန်ုပ်က ဘိုတဲတွင် တည်းခိုကြပြီး ကန်းလစ်ဖ်က ဒေါ်ဆင်ဘဏ်ပိုင်ရှင်နှင့် မန်နေဂျာ အဲလ်-ဒေါ်ဆင်ထံတွင် တည်းခို၏။ အမှုတွင် အစိုးရဘက်မှရှေ့နေမှာ အေ-အဂ္ဂါဖြစ်ပြီး တရားခံများဘက်မှ ရှေ့နေမှာ ဒေါက်တာဗမော် ဖြစ်သည်။ ဗမော်သည် ထိုအချိန်က အပြင်းအထန်ကြိုးစားနေသည့် လူငယ်ဝတ်လုံတော်ရ တဦးဖြစ်သည်။ သူသည် ကန်းလစ်ဖ်၏ မိတ်ဆွေလည်းဖြစ်၏။ ဒေါက်တာဗမော်အား တရားခံဘက်မှ အမှုလိုက်ရန် တိုက်တွန်းသူမှာ ကန်းလစ်ဖ် ဖြစ်သည်။ နိုင်ငံရေး လောကသို့ ဝင်ရောက်ရန်အလို့ငှာ တသက်တွင် တခါကြုံသည့် အခွင့်အရေးဖြစ်သည်ဟု ပြောပြီး ကန်းလစ်ဖ် တိုက်တွန်းခဲ့၏။ ဗမော်သည် အမှုလိုက်ခမယူဟု ကျွန်ုပ် ယုံကြည်ပါသည်။ အမှုတွင် တရားခံများအဖို့ မျှော်လင့်ချက် မရှိပါ။ ဖျာပုံခရိုင်တွင် ဖြစ်ပွားသည်မှာ ပုန်ကန်ထကြွမှု မဟုတ်ကြောင်း၊ လူခွန်စည်းကြပ်ခြင်းကို ဆန့်ကျင်ဆန္ဒပြရာမှ ပေါ်ပေါက်သည့် ရုန်းရင်းဆန်ခတ်မှုသာ ဖြစ်ကြောင်း ဗမော်က ခုခံကာကွယ်သည်။

ဗမော်သည် ဤဥပဒေ အချက်အလက်ကို အခွင့်ကောင်းယူကာ ခုခံကာကွယ်ရာ၌ အခွင့်ကောင်းနှစ်ခုကို အလေးပေးပြောဆိုရန် မေ့လျော့နေခဲ့သည်။ ယင်းတို့မှာ (၁) တရားလိုဘက်မှ သက်သေများမှာ ကြံရာပါတို့၏ သက်သေခံချက် ဖြစ်သဖြင့် မယုံကြည်ထိုက်ခြင်းနှင့် (၂) ပြစ်ဒဏ်စီရင်ချက်တို့ ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုး အချို့က ပုန်ကန်မှု ပေါ်ပေါက်ရသည်မှာ သူတို့၏ သိက္ခာကို ထိခိုက်စေသည်ဟု ယူဆပြီး ဥပဒေက ခွင့်ပြုထားသော အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ပေးရန် တောင်းဆိုကြ၏။ ဤသည်မှာ သေဒဏ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ ဤအမှုတွင် ရင်တွင်းခံစားချက်နှစ်ခု ပဋိပက္ခကြောင့် ကျွန်ုပ် အကြီးအကျယ် စိတ်ထိခိုက်ရ၏။ ယင်းသို့ တခါမှ မခံစားဘူးပါ။ တရားခံများကို သနားသည့်ရင်တွင်းခံစားချက်နှင့် တာဝန်သိစိတ်၏ ပဋိပက္ခ ဖြစ်ပါသည်။ တရားဥပဒေရှုထောင့်မှကြည့်လျှင် တရားခံများသည် သူပုန်များ။ သို့သော် လူထုအမြင်တွင် တရားခံများသည် မျိုးချစ်ပုဂ္ဂိုလ် အာဇာနည်များ ဖြစ်နေကြသည်။ ကျွန်ုပ်၏ တာဝန်သိစိတ်က အခြေခံအားဖြင့် ကျွန်ုပ်ကို လွှမ်းမိုးလျက်ရှိသည်။ သို့သော် ခေါင်းဆောင် အစစ်အမှန်များနှင့် လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့သူများမှအပ မည်သည့်တရားခံကိုမျှ သေဒဏ်မပေးရန် ကျွန်ုပ် သန္နိဌာန် ချထားလိုက်၏။

အမှုစစ်ဆေးရာတွင် အောင်လှဆိုသူအပေါ် တရားလိုဘက်မှ ဖိစစ်နေသည်ကို ကျွန်ုပ် သတိပြုမိသည်။ အောင်လှသည် အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ဦးဖြစ်ပြီး အမူအရာသိမ်မွေ့သူ၊ ရိုရိုကျိုးကျိုး ရှိသူဖြစ်ပါသည်။ အောင်လှသည် ထန်းတောရွာ (အောင်လှ၏ရွာ) ဝံသာနုအသင်း၏ ဥက္ကဋ္ဌဖြစ်ကြောင်း၊ သူ့အသင်းဝင်များကို သူပုန်ထရန် လှုံ့ဆော်ပေးခဲ့ကြောင်း၊ သူ့ကိုယ်သူ မြန်မာနိုင်ငံ၏ ဘုရင်အဖြစ် ကြေညာထားသူ ဖြစ်ကြောင်း အထင်အရှားပြရန် တရားလိုဘက်မှ ကြိုးပမ်းနေခဲ့ပါသည်။ ဤအချက်များကို တရားခံအချို့၏ ဝန်ခံထွက်ဆိုချက်များက ထောက်ကူပေးနေကြ၏။ တဖက်တွင်လည်း ထန်းတောရွာ ဘုန်းတော်ကြီးနှင့် သက်ကြီးရွယ်အိုအချို့က အောင်လှသည် ပြယုဂ်မျှသာ ဖြစ်ကြောင်း၊ အဓိကလှုပ်ရှားသူမှာ အောင်လှ၏သား ဘစိန်ဖြစ်ကြောင်း၊ ဘစိန်သည် ရွာသားများအား ပုန်ကန်ထကြွရန် သွေးထိုးလှုံ့ဆော်သူ ဖြစ်ကြောင်း ပေါ်လွင်စေသည့် သက်သေခံချက်များလည်း ရှိနေ၏။

ထို့ပြင် ကာယကံရှင်က ငြင်းဆန်နေသည့်ကြားမှ အောင်လှကို မြန်မာနိုင်ငံဘုရင်အဖြစ် ကြေညာသူမှာ ဘစိန်ဖြစ်ကြောင်းလည်း သက်သေထွက်ချက်များတွင် ပါဝင်နေသည်။ တရားခံဘက်မှ သက်သေ ထွက်ချက်များအပေါ် ကျွန်ုပ်များစွာ သဘောကျမိသည်။ ဘစိန်၏ လူပုံလူပန်းနှင့် အမူအရာမှာ သက်သေ ထွက်ချက်များကို ထောက်ကူပေးနေသလို ရှိသည်။ ကျွန်ုပ်၏အမြင်တွင် သူသည် စိတ်ဆတ်သလိုရှိပြီး တရားခံ ဝက်ခြံထဲမှာပင် ဘာကိုမှအမှုမထား၊ အရေးမစိုက်ဟန်ဖြင့် သူ့အားမေးသော မေးခွန်းများကို ခပ်ဆတ်ဆတ် တိုတိုပြတ်ပြတ် ဖြေကြားပါသည်။ ဤသို့သော အခြေအနေတွင် ကျွန်ုပ်သည် အောင်လှ၏အသက်ကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်လိုက်၏။

တနေ့တွင် ကျွန်ုပ်သည် တရားခံများကို ပြစ်ဒဏ်ချမှတ်ရေးနှင့် ပတ်သက်၍ ကျွန်ုပ်သဘောထားကို ဒါဝတ်ကို ပြောပြလိုက်သည်။ ခေါင်းဆောင်များနှင့် လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့သူများမှလွဲ၍ မည်သူ့ကိုမှ သေဒဏ်ချမှတ်ခြင်း မပြုရန်ဟူသော ကျွန်ုပ်၏သဘောထားကို ဒါဝတ် သဘောတူပါသည်။ တရားခံ တယောက်ချင်းစီ၏ ပြစ်ဒဏ်နှင့် ပတ်သက်၍ ဆွေးနွေးသောအခါ ဒါဝတ်က အောင်လှတယောက်မှတစ်ပါး ကျန်တရားခံများပေါ်တွင် ကျွန်ုပ်၏ သဘောထားအတိုင်းရှိနေ၏။ အောင်လှကို သေဒဏ်ချရန်သာ ဒါဝတ်က အကျောက်အကန် ပြောနေတော့သည်။ ရက်ပိုင်းမျှ ကြာသည့်တိုင် ကျွန်ုပ်တို့ အချေအတင် ပြောဆိုကြသော်လည်း ဒါဝတ်က အလျှော့မပေးပါ။ နောက်ဆုံးတွင် ကျွန်ုပ်က “ကောင်းပြီလေ ခင်ဗျား ဆုံးဖြတ်ချင်သလို ဆုံးဖြတ်ပါ။ ခင်ဗျားဘက်မှာ ကန်းလစ်ဖ်ရှိမယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်နဲ့ ကျွန်တော် သဘောထားကွဲလွဲကြောင်းကိုတော့ မှတ်ချက်ရေးရလိမ့်မယ်။ မြန်မာလူမျိုးတွေအနေနဲ့ အင်္ဂလိပ်နှစ်ယောက်က မြန်မာတွေကို သတ်ပစ်တယ်လို့မြင်ကြမှာပဲ။ အဲသလိုမြင်တဲ့ အမြင်ဟာ ဗြိတိသျှတွေကို ပိုပြီးနာကြည်းစရာ ဖြစ်လာလိမ့်မယ်” ဟု ပြောလိုက်သည်။

ကျွန်ုပ် ဤသို့ပြောသောအခါ ကန်းလစ်ဖ်၊ ဒါဝတ်နှင့် ကျွန်ုပ်ညှိနှိုင်းတိုင်ပင်ကြသည်။ ကျွန်ုပ်က တရားခံ တယောက်ချင်းစီအပေါ် ကျွန်ုပ်၏ အမြင်ကို တင်ပြပြီး မည်သို့ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ပြောဆိုပါသည်။ ကန်းလစ်ဖ်သည် အောင်လှမှတစ်ပါး ကျန်တရားခံများအပေါ် ကျွန်ုပ်နှင့် သဘောထားချင်း တူမျှပါသည်။ သို့သော် အောင်လှနှင့် ပတ်သက်၍မူ ကျွန်ုပ်နှင့် သဘောထားချင်းတူမျှရန် ငြင်းဆန်ပြီး (ဒါဝတ်လိုပင်) အောင်လှကို သေဒဏ်ပေးရန် အကျောက်အကန် ပြောဆို၏။ ကျွန်ုပ် အလျှော့မပေးသောအခါ ကန်းလစ်ဖ်သည် ဒါဝတ်ဘက်သို့လှည့်ပြီး သဘောထားတောင်းပါသည်။ ထိုအခါ ဒါဝတ်က အလွန်ဣနြေ္ဒကြီးစွာဖြင့် “ဘဦးပြောတာကို ကျွန်တော် သဘောတူတယ်” ဟု ဆို၏။
သဘောကောင်းသော ကန်းလစ်ဖ်က “မင်းတို့နှစ်ယောက် သဘောတူရင်ပြီးရော” ဟု ပြောလိုက်ရာ ကျွန်ုပ် စိတ်အေးသွားပါတော့သည်။ ကျွန်ုပ် စိုးရိမ်ကြောင့်ကြနေသော ဝန်ထုပ်ဝန်ပိုးကြီးတခု ကျသွားပါ၏။

သို့သော် အမှုကို ဟိုက်ကုတ်တွင် အယူခံဝင်သောအခါ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ တရားဝန်ကြီးချုပ် ပေ့ခ်ျက တရားခံများအား သေဒဏ်မပေးရကောင်းလားဟု ဒေါသူပုန် ထတော့၏။ ဤသတင်းကိုကြားသော ဘုရင်ခံဆာချားလ်စ်အင်းနစ် ချွေးပြန်သွားလေသည်။ တရားခံများကို ဆာသာအာပေ့ခ်ျက သေဒဏ်ပေးလိုက်လျှင် ပုန်ကန်မှုအသစ်တဖန် ပြန်ဖြစ်လိမ့်မည်။ သည်တခါဖြစ်လျှင် ခရိုင်တချို့တွင်သာ ဖြစ်မည်မဟုတ်ဘဲ မြန်မာနိုင်ငံတဝှမ်းလုံးသို့ ပျံနှံ့သွားမည့် အခြေအနေကို ဆာချားလ်စ်အင်းနစ် ရိပ်စားမိ၏။ သို့ဖြင့် ပေ့ခ်ျကိုခေါ်ပြီး ချမှတ်ထားသော ပြစ်ဒဏ်များအား ပြင်ဆင် ပြောင်းလဲခြင်းမပြုရန် မေတ္တာရပ်ခံခဲ့ပါသည်။ ပေ့ခ်ျက အခြားတရားခံများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်များကို ပြင်ဆင်ပြောင်းလဲခြင်း မပြုပါဟု ကတိပေးသော်လည်း အောင်လှကိုမူ သေဒဏ်ကျခံစေရမည်ဟု အခိုင်အမာ ပြောနေတော့၏။ သို့ဖြင့် ခုံရုံး၏ စီရင်ချက်ဖြစ်သော တကျွန်းဒဏ်ကို ပြင်ဆင်ပြီး အောင်လှကို သေဒဏ်ပေးလိုက်လေတော့သည်။

ဤသတင်းကြောင့် ကျွန်ုပ် နှလုံးကွဲမျှ ခံစားရပါ၏။ ကျွန်ုပ် စိတ်ထိခိုက်ရလောက်အောင် ဖြစ်ရသည်မှာ ဟိုက်ကုတ်တွင် တချက်ကလေး အားထည့်ကြိုးစားလိုက်လျှင် အောင်လှ အသက်ကို ကယ်တင်လိုက်နိုင်မည် ဖြစ်ပါလျက် မကြိုးစားလိုက်သည့် အဖြစ်ကြောင့် စိတ်ထိခိုက်ရခြင်း ဖြစ်၏။

အယူခံကြားနာသော ဟိုက်ကုတ်တရားခွင်တွင် တရားဝန်ကြီးချုပ် ဆာအာသာပေ့ခ်ျနှင့် တရားဝန်ကြီးများ ဖြစ်ကြသော ဦးမြဘူးနှင့် ဘာဂလေတို့ ရုံးထိုင်ကြသည်။ ပေ့ခ်ျနှင့် ဘာဂလေတို့၏ သဘောထားမှာ ကန်းလဖ်စ်နှင့် ဒါဝတ်တို့ သဘောထားအတိုင်း နောက်နောင် အစိုးရကို မပုန်ကန်ရဲအောင် ပြစ်ဒဏ်ချမည်ဟူ၍ ဖြစ်သည်။ ဦးမြဘူး၏ သဘောထားကိုမူ ကျွန်ုပ်မသိပါ။ အကယ်၍ သူသည် ကျန်တရားသူကြီးနှစ်ဦးနှင့် သဘောထားကွဲလွဲကြောင်း မှတ်ချက်ပြုမည်ဆိုလျှင် ကျန်နှစ်ယောက်အဖို့ အောင်လှကို သေဒဏ်ချရန် လက်တွန့်ကြပေလိမ်မည်။ လက်မတွန့်ဘဲ သေဒဏ်ချလိုက်သော် ဘုရင်ခံသည် သေချာပေါက် ဝင်ရောက်စွတ်ဖက်မည်ဖြစ်ပြီး သူ၏အထူးလုပ်ပိုင်ခွင့် အာဏာဖြင့် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်ပစ်ပေလိမ့်မည်။ ဤစာကို ရေးနေစဉ်မှာပင် ကျွန်ုပ် အောင်လှအတွက် စိတ်မကောင်း ဖြစ်မိ၏။ သဘောကွဲလွဲကြောင်း မှတ်ချက်မပြုခဲ့သည်မှာ ဦးမြဘူးတွင် ခိုင်လုံသောအကြောင်းရှိ၍ ဖြစ်နိုင်ပါသည်။

ဖျာပုံမှနေ၍ ကျွန်ုပ်တို့ သာယာဝတီသို့သွားခဲ့ကြ၏။ သာယာဝတီအမှုတွင် တရားခံအများစုမှာ ဆေးမင်ကြောင်ထိုးနှံထားကြသည်။ အချို့ ကျောကုန်းမှာ၊ အချို့သောခြေထောက်မှာ၊ အချို့လက်ဖျံမှာ။ ဆေးမင်ကြောင်အမှတ်အသားတချို့သည် ဂဠုန်အရုပ်ဖြစ်ပြီး ကျန်အမှတ်အသားတချို့သည် ဂမ္ဘီရဆန်ဆန် အမှတ်အသားများဖြစ်ပါသည်။ ဤဆေးမင်ကြောင်များ ထိုးနှံထားလျှင် ဘေးဥပဒ်အပေါင်းမှ ကာကွယ်သည်ဟု လူအများယုံကြည်ကြ၏။ ဆေးမင်ကြောင်ထိုးနှံထားသူများအပေါ်တွင် သူပုန်ဖြစ်ကြောင်း သက်သေ အထောက်အထားမရှိသည့်တိုင် သူပုန်များအဖြစ် ယူဆ၍ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း တရားလိုဘက်မှ ခုံအဖွဲ့သို့ လျှောက်ထား၏။ တရားခံဘက်မှ ခုခံကာကွယ်သည်မှာ ဤဆေးမင်ကြောင်များသည် မြွေဆေးမျှသာ ဖြစ်သည်ဟူ၏။ တရားခံဘက်မှ ခုခံချက်ကို ကန်းလစ်ဖ်သည် ပြက်ရယ်ပြုပြီး ရယ်ပါလေသည်။

ကျွန်ုပ်သာ ကြားမဝင်လိုက်လျှင် တရားခွင်သည် အကျိုးနည်းတရားခွင် ဖြစ်တော့မည်ကို ကျွန်ုပ်သိ၏။ သို့ဖြင့် ကန်းလစ်ဖ်ကို “ရုံးမင်း၊ ဆေးမင်ကြောင်ထိုးထားတဲ့ လူတယောက်ကို သူပုန်အဖြစ် ယူဆရမယ်လို့ ခင်ဗျားထင်ရင် ကျွန်တော် တရားသူကြီး ထိုင်ခုံပေးကဆင်းပြီး ဟိုတရားခံတွေကနဲ့အတူ သွားထိုင်ရလိမ့်မယ်ထင်တယ်။ ကျွန်တော့်ဆေးမင်ကြောင်တွေကိုသာ ကြည့်ပါတော့” ဟု ပြောပြီး လက်ဖျံနှင့် ဒူးခေါင်းများပေါ်မှ ဆေးမင်ကြောင်များကို ပြသလိုက်၏။ “ရုံးမင်း၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ကလေးကလားဆန်တယ်လို့ ခင်ဗျားထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီလိုယုံကြတာပဲ။ အထူးသဖြင့် ကျေးရွာသားတွေက ဒီဆေးမင်ကြောင်တွေဟာ မြွေကိုက်တာကို ပြီးတယ်လို့ ယုံကြည်ကြတယ်”ကန်းလစ်ဖ်သည် အံ့ဩပုံပေါက်သွားပြီး ဘာမျှမပြောပါ။

ဤနည်းအားဖြင့် အတော်အတန်များပြားသော လူ့အသက်များကို ကယ်တင်ရန် ကျွန်ုပ် ဆောင်ရွက်ခဲ့ပါသည်။ ပြစ်ဒဏ်ထင်ရှားသူများအပေါ် ပြစ်ဒဏ်စီရင်ရန်အလို့ငှာ ဖျာပုံတုန်းကလိုပင် ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ကြသည်။
ကျွန်ုပ်တို့ နောက်ဆုံးစစ်ဆေးရသောအမှုမှာ ဆရာစံ၏အမှု ဖြစ်၏။ ဆရာစံသည် ကိုယ်လုံးကိုယ်ထည် အရွယ်အစားသင့်ရုံမျှ ရှိသော ပိန်ပိန်သေးသေး လူတယောက်ဖြစ်သည်။ သူ့အကြောင်းကို မသိလျှင် သူပုန်ခေါင်းဆောင်ဟု မည်သူမျှ ထင်ကြမည်မဟုတ်ပါ။

သူသည် ကိုယ်လုံးကိုယ်ထည်၊ အရပ်အမောင်း ဖွံ့လှကောင်းလှသည် မဟုတ်သော်လည်း မျက်နှာနှင့် မျက်လုံးများက ထိန်းထားသည်။ သူ့မျက်နှာသည် သန္နိဋ္ဌာန်ချထားသော ယတိပြတ်မျက်နှာမျိုးဖြစ်ပြီး မျက်လုံးများမှာ အရောင်တလက်လက် တောက်ပလျက်ရှိသည်။ ပုန်ကန်မှုမဖြစ်ခင် ရက်ပိုင်းအလိုတွင် အင်းစိန်ခရိုင်အတွင်းရှိ မြစိမ်းတောင်ဘုရားတွင် သုပန္နကဂဠုနရာဇာဘွဲ့ခံကာ သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် အောက်ပါမင်းမြှောက်တန်ဆာငါးပါးကို ဆင်မြန်းခဲ့၏။
(၁) ပတ္တမြားနားတောင်း၊
(၂) ကျောက်မျက်စီခြယ်ထားသော ခြေနင်း၊
(၃) ကျောက်မျက်စီခြယ်ထားသော သန်လျက်၊
(၄) သားမြီးယပ်၊
(၅) ထီးဖြူ
ဘုရင်အဖြစ် ကြေညာပြီးနောက် ဆရာစံသည် သာယာဝတီ ခရိုင်အတွင်း အလံတောင်သို့သွား၍ ဗုဒ္ဓရာဇာမြို့ကို ပန္နက်ရိုက်ကာ နန်းတည်ခဲ့၏။

သို့သော် သီတင်းပတ်အနည်းငယ်မျှအကြာတွင် အစိုးရတပ်ဖွဲ့များက အလံတောင်ကို အလုံးအရင်းနှင့် ဝိုင်းဝန်းတိုက်ခိုက်ရာ ဆရာစံသည် ဘုန်းကြီးအသွင်ရုပ်ဖျက်ပြီး ထွက်ပြေးလွတ်မြောက်သွား၏။ ထို့နောက်သူသည် ရှမ်းပြည်သို့ ရောက်ရှိပြီး တော်လှန်ရေး အဆင့်အတန်းကို မြှင့်တင်ခဲ့သော်လည်း အစိုးရတပ်ဖွဲ့များ လိုက်လာပြန်သဖြင့် ခြေရာဖျောက်ခဲ့ရပြန်ပါသည်။ နောက်ဆုံး ၁၉၃၁ သြဂုတ်လအတွင်း မြောက်ပိုင်းရှမ်းပြည်ရှိ ရွာတရွာတွင် ဆရာစံ အဖမ်းခံလိုက်ရသည်။

သူအားရုံးတင်စစ်ဆေးသည့် ပထမနေ့တွင် တရားခံရှေ့နေ ဒေါက်တာဗမော် ရုံးသို့ ရောက်မလာပါ။ သာယာဝတီ ဦးပု ရောက်လာပါသည်။ ဦးပုသည် လူသိများသော နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး နောက်လိုက်အတန်အသင့်ရှိသည့် အောက်လွှတ်တော် အမတ်လည်း ဖြစ်ပေသည်။ ရုံးတော်သို့ သူရောက်လာသောအခါ ကန်းလစ်ဖ်သည် ဦးပုကို မသိဟန်ဆောင်၍ ဘယ်သူလဲ၊ ဘာလဲဟု မေးပါလေ၏။

ဦးပုက “ရုံးမင်းခင်ဗျား၊ ကျွန်တော်ဟာ သာယာဝတီ ဦးပု ဖြစ်ပါတယ်။ အလုပ်အကိုင်က တတိယန်းရှေ့နေပါ”ဟု ပြန်ပြောရာ ကန်းလစ်ဖ် ရယ်ချလိုက်ပြီး “တတိယတန်း ရှေ့နေဟုတ်စ။ ကျုပ်တို့ရှေ့လာပြီး မထိလေးစားလုပ်တာပေါ့။ မင်းမှာ အမှုလိုက်ဖို့ အခွင့်အရေးမရှိဘူး” ဟု ပြော၏။ လူထု၏အမြင်တွင် ဦးပုကို သိမ်ငယ်သွားအောင် ကန်းလစ်ဖ် ပြောလိုက်ခြင်းဖြစ်သည်။

သနားစရာမောင်ပုခမျာ ဘာပြန်ပြောရမှန်းမသိတော့ပါ။ သူ့ကို ကျွန်ုပ်ကယ်မှ ဖြစ်တော့မည်။ ကျွန်ုပ်က လေသံတိုးတိုးဖြင့် “ရုံးမင်း၊ ကျွန်တော်တို့က ဟိုက်ကုတ်လို ရုံးထိုင်နေကြတာမဟုတ်ပါဘူး၊ အထူးခုံရုံးလို ရုံးထိုင်နေကြတာပါ။ ကျွန်တော်တို့ရှေ့မှာ တတိယတန်းရှေ့နေတစ်ယောက် အမှုမလိုက်ရဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမရှိပါဘူး”ဟု ကန်လစ်ဖ်အား ပြောလိုက်၏။

ထို့နောက် ကန်းလစ်ဖ်သည် ဦးပုဘက်သို့လှည့်ပြီး အလွန်ဖော်ရွေသော လေသံဖြင့် “ကောင်းပြီ ဦးပု၊ ခင်းဗျားလျှောက်တာ ကျုပ်တို့ကြားနာပါ့မယ်” ဟုပြောပြီး အမှုကို ရွှေ့ဆိုင်းလိုက်ပါသည်။ ရုံးချိန်းနေ့တွင် ဒေါက်တာဗမော် ရောက်လာ၏။ ဆရာစံကိုယ်စား သူဘာပြောနိုင်မည်နည်း။ မပြောနိုင်။ အမှုမှာ ရှင်းနေသည်။ ဆရာစံကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ခုခံကာကွယ်ရန် ငြင်းဆန်သည်။ သူသည် အမှုတလျှောက်လုံးတွင် အရေးမစိုက်သည့် ဟန်ဖြင့်သာ နေသွားခဲ့ပြီး ကြိုးစင်ပေါ်သို့ ခေါင်းမော့တက်သွားကြောင်း နောင်အခါတွင် ကျွန်ုပ်ကြားသိရသည်။

(ကျွန်ုပ်၏ မြန်မာနိုင်ငံ၊ ရန်ကုန်၊ လောကသစ် စာအုပ်တိုက်၊ ၂ဝ၁ဝ ဇွန်လ )

No comments: