Sunday, December 26, 2010

ဂီရိလေဘေးအတွက် ရောက်ရှိနေသော သစ်များ မယက ဥက္ကဌ ရောင်းစား

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မယက ဥက္ကဌသည် ဂီရိလေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ကူညီသော သစ်များကို ပြင်ပ သစ်ဆိုင်တစ်ခုသို့ မိမိကိုယ်ကျိုးအတွက် ရောင်းစားနေကြောင်း မယကနှင့် နီးစပ်သူများက ပြောသည်။


ကညင် အမျိုးအစား ၆ ပတ်လည် သစ်တန်ချိန် ၃၀ ကို ပေါက်တောမြို့မှ ဒေါ်------- သစ်ဆိုင်သို့ လွန်ခဲ့တဲ့ အပတ်က မယက ဥက္ကဌ ဦးခင်မောင်လွင်က ရောင်းချခဲ့ပါတယ်။ ဘယ်ဈေးနဲ့ ရောင်းတယ်ဆိုတာကိုတော့ မသိပါဘူး။ သူကိုယ်ကျိုးအတွက် ရောင်းချခဲ့တာ အမှန် ဖြစ်ပါတယ်� ဟု အမည်မဖေါ်လိုသူ စာရေးကြီး တစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ်တွင် လေဘေးသင့်ဒေသများတွင် ပြိုပျက်သွားသော ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ ပြန်လည် တည်ဆောက်ရန်အတွက် သစ်တန်ချိန် အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ သစ်တန်ချိန် ၃၀ ကို အမျိုးသမီး တစ်ဦးပိုင် သစ်ဆိုင်တစ်ခု သို့ရောင်းချခဲ့ခြင်း ဖြစ်သည်။

စစ်တွေ သစ်ဆိုင်မှ မန်နေဂျာ တစ်ဦးကလည်း � ပေါက်တောမြို့နယ်က လေဘေးသစ်တွေ စစ်တွေကို အကြီးအကျယ် ရောက်ရှိနေပါတယ်။ သူတို့က ပေါက်တောမှာ မထားရဲတာနဲ့ စစ်တွေကို စက်လှေတွေနဲ့ တင်ပို့ကြတဲ့ အတွက် စစ်တွေက သစ်ဆိုင်တွေမှာ လေဘေးသစ်တွေ ရောက်ရှိနေပါတယ်� ဟု ပြောသည်။

ပေါက်တောမြို့ မယကသို့ သစ်များ အပြင် တခြား လေဘေး အကူအညီ ပစ္စည်းများ ဖြစ်သည့် အိမ်မိုးသွပ်များ၊ သံမိုများ၊ ပလစတစ် မိုးကာစများ၊ တာပလင်ထည်များ၊ အိုးခွက်များ၊ အစားအစာများ အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ ပစ္စည်းများကိုလည်း ဥက္ကဌ ခင်မောင်လွင်မှ ပြင်ပသို့ ထုတ်ရောင်းချနေကြောင်း သိရသည်။

စစ်တွေမြို့တွင် ပေါက်တောမြို့မှ တင်ပို့သော လေဘေး ပစ္စည်းများ အများအပြားကို ပြင်ပ ဈေးဆိုင်များတွင် ရောင်းချနေကြပြီး ထိုအထဲတွင် အိမ်မိုးရာတွင် အသုံးပြုသော ပလစတစ်မိုးကာလိပ်များ ပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် ပြည်သူများမှာ ယခုအချိန်ထိ အမိုးအကာ မရှိဘဲ နေထိုင်နေကြရပြီး စားရေးသောက်ရေး အခက်ကြုံတွေ့နေကြရသော်လည်း ပေါက်တော မယက ဥက္ကဌမှာ အဆိုပါ လေဘေးပစ္စည်းများကို ရောင်းစားနေသဖြင့် အကြီးအကျယ် ကြီးပွားနေကြောင်း သိရသည်။

များမကြာမှီ ပေါက်တော မယက ဥက္ကဌ ဦးခင်မောင်လွင်သည် တာဝန်မှ အနားယူကောင်း ယူမည် ဖြစ်ကြောင်း ပေါက်တောမြို့တွင် ပြည်သူများ ဝေဖန်ပြောဆိုလျှက်ရှိကြောင်း သိရသည်။

No comments: