Wednesday, December 29, 2010

MYANMAR PRESS AWARD 2010 ဆု ပေးပွဲ စိစစ်ရေး ဖိအားပေး

ရန်ပိုင် Tuesday, 28 December 2010

MYANMAR PRESS AWARD 2010 ဟု အမည်ပေးထားသော မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စာပေစိစစ်ရေး မှ ဖိအားပေးမှုကြောင့် လာမည့် ဇန်န၀ါရီလ အတွင်းသို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

ထို ဆုပေးပွဲ ရက်ရွှေ့ဆိုင်းရခြင်းမှာ စာပေစိစစ်ရေးမှ ညွန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေ ၏ ခေါ်ယူ ပြောဆိုမှုကြောင့် ဖြစ်ကြောင်း၊ စာပေစိစစ်ရေး အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းကို ကြိုဆိုပါသော်လည်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ခွင့်ပြု ချက်ကို ရယူစေလိုကြောင်း ဆုရွေးချယ်ရေး အဖွဲ့ကို ခေါ်ယူပြောဆိုခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သော စာနယ်ဇင်း သမားများနှင့်ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ပါဝင်သည့် အမှုဆောင်တချို့သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့သည်။

ပထမဆုံးအကြိမ် မြန်မာလူငယ် သတင်းစာ ဆရာများကို ပေးအပ်မည့် ယခုဆုကို မူလက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် စာရေးဆရာ ကျော်ရင်မြင့်ကလည်း ပြောဆိုသည်။

“အခက်အခဲကတော့ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ ညှိတဲ့နှိုင်းတဲ့ အစီအစဉ်လေးတွေ မပြီးသေးလိုပါ၊ ပွဲလည်း လုပ်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရက်ရွှေ့ရခြင်း အကြောင်းအရင်းတချက်မှာ မိမိတို့ အဖွဲ့မှ ကျင်းပမည့် ရက်သည် အစိုးရမှ နှစ်စဉ်ပေးအပ်နေသည့် အမျိုးသား စာပေ ဆုပေးပွဲနှင့် တိုက်ဆိုင်နေသည့် အတွက်လည်း ဖြစ်သည်ဟု ဆရာကျော်ရင်မြင့်က ပြောသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း အခြေအနေကို ကြည့်လျှင် သတင်းလောကရှိ လူငယ်ဂျာနယ်လစ်များမှာ ပိုမိုကြိုး စားအားထုတ်လာသည် ကို လေ့လာတွေ့ရသည့်အတွက် အသိအမှတ်ပြု အားပေးရန် ယခုကဲ့သို့ စုပေါင်းပြီး ဆုတခုဖန်တီးကာ ချီးမြှင့်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ယခုနှစ်တွင် ထုတ်ဝေသည့် ဂျာနယ်များမှ သတင်း၊ ဆောင်းပါး၊ သတင်းဓာတ်ပုံ၊ ကာတွန်းနှင့် သဘာဝ ပတ် ၀န်းကျင်နှင့် ပတ်သက်သည့် သတင်းများ စသည့် ကဏ္ဍများကို ဆု အဖြစ် ပေးအပ်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။

ထိုသို့ ဆုပေးနိုင်ရန် အတွက် စာရေးဆရာ အယ်ဒီတာ ရဲနိုင်မိုး၊ စာရေးဆရာ ကျော်ရင်မြင့်၊ ပန်းချီ ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း၊ ကာတွန်း အော်ပီကျယ်၊ စာရေးဆရာ ညီပုလေး တို့မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ Green Heart ဟု အမည်ပေးထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး အနုပညာအဖွဲ့၊ အောင်သမာဓိ ရွှေဆိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင် စသည့် လုပ်ငန်းရှင်များက ပံ့ပိုးမှုများပေးသည်ဟု ဆရာကျော်ရင်မြင့်က ရှင်းပြ သည်။

လက်ရှိ မြန်မာ စာပေလောကတွင် ၀တ္တုများနှင့် ပတ်သက်လျှင် အရည်အသွေးကျဆင်းသွားသည်ဟု ထင်မြင်သော်လည်း သတင်း ကဏ္ဍတွင် ပိုမိုတိုးတက်လာသည်ဟု ထင်မြင်ကြောင်း၊ စာစောင်ဂျာနယ်များကို ထုတ်လုပ်ခွင့်ပြုခဲ့သည့်အတွက် လူငယ် စာနယ် ဇင်းသမား ပိုမိုရောက်ရှိလာပြီး ပိုမိုကြိုးစားလာကြောင်းလည်း ဆရာကျော်ရင်မြင့်က ပြောဆိုသည်။

No comments: