Sunday, December 26, 2010

ရမ်းဗြဲတွင် လောင်းကစားမှု ထူပြော

နိရဉ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျေးလက်တောရွာများတွင် လောင်းကစားမှုများ ထူပြောလာသဖြင့် ဒုစရိုက်မှုများသာမက ကျောင်းသား ကျောင်းသူများပါ အကျင့်စာရိတ္တပျက်ပြားလာနေကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက � ကျွန်တော်တို့ ကျောက်ချောင်းတိုက်နယ် အနောက်ရွာအုပ်စုမှာ လောင်းကစားဝိုင်းတွေကို ဗွီဒီယိုတွေ ပြပွဲတွေနဲ့ တွဲပြီး ပြုလုပ်နေတဲ့ အတွက် ဒုစရိုက်မှုတွေ အထူးတိုးပွားနေသလို ကျောင်းသူ ကျောင်သားတွေလည်း ကျောင်းမတက်ကြတော့ဘဲ အဲသလို မကောင်းမှု လောင်ကစား ၀ိုင်းတွေမှာ ပါဝင်ကစားလာကြတဲ့ အတွက် မိဖတွေ အနေနဲ့ အထူး စိတ်ညစ်နေကြရပါတယ်� ဟု ပြောသည်။

ရမ်းဗြဲ ဒေသအတွင်း ခေတ်စားနေသော လောင်းကစားနည်းမှာ ဆွဲအံစာ သုံးလုံး ကစားနည်း ဖြစ်ပြီး ဆင်၊ကျား၊ ၀က်ဝံ စသော အရုပ်ကလေးများတွင် ငွေလောင်ကြေးတင်ကာ ကစားရသော နည်းဖြစ်သည်။ အဆိုပါ လောင်ကစားမှုကို တရွာဝင် တရွာထွက် နေ့စဉ် ရက်ဆက်ဆိုသလို စစ်တပ်မှ အငြိမ်းစားယူထားသော ကိုစန်းဌေးမှ ကျေးရွာ ရယကများ၊ ရဲအဖွဲ့ဝင်များနှင့် ပူပေါင်းပြီး လုပ်ဆောင်နေကြောင်း သူက ပြောသည်။

� အခုလို လုပ်ကိုင်ဆောင်ရွက်နေတာမှာ ကျေးရွာရယက ဥက္ကဌတွေနဲ့ ဒေသခံရဲတွေကို ပိုက်ဆံပေးပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကျောက်ချောင်းတိုက်နယ်မှာ စခန်းထိုင်နေတဲ့ ရဲအဖွဲ့ကို တညအတွက် ကျပ်တစ်သောင်းစီ ပေးရတယ်လို့ သိရပါတယ်။ အဲသလို လုပ်နေတာကို ကျေးရွာသားတွေက မကြိုက်ပေမယ့် ရယကတွေ၊ ရဲအဖွဲ့ဝင်တွေက ပါဝင်ပတ်သက်နေတော့ ဘယ်ကိုမှ တိုင်ကြားလို့ မရ ဖြစ်နေပါတယ်။�

ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်တွင် ရွာပေါင်း ၃၈ ရွာရှိပြီး ရွာတိုင်းလိုလိုတွင် လောင်းကစားဝိုင်းများကို ပြုလုပ်နေကြောင်း သူက ပြောသည်။

� အဓိက ဖြစ်တဲ့ အုပ်စုတွေက ဗောဓိ၊ ဆင်ဆီ၊ ဦးလှ၊ နယ်ခြားတောင်နဲ့ မျောက်ကေ အုပ်စု တွေမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က အထက်အာဏာပိုင်တွေ အနေနဲ့ ရပ်တန့်ပေးဖို့ လိုလားပါတယ်။ အမြန်ဆုံး မရပ်တန့်ပေးရင် လူထုတွေကို ပိုထိခိုက်လာနိုင်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေရော အသက်အရွယ် ၃၀ နဲ့ ၄၀ ၀န်းကျင် အရွယ်ရှိတဲ့ အမျိုးသမီးတွေပါ ကစားနေကြတဲ့ အတွက် အိမ်တိုင်းလိုလိုမှာ ပြဿနာ ဖြစ်နေကြပါတယ်� ဟု သူက ဆက်ပြောသည်။

ရမ်းဗြဲမြို့နယ်တွင် သုံးလုံး ဆွဲအံစာသာမက ကျေးရွာတိုင်းလိုလိုတွင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများလည်း အထူး ထူပြောလာပြီး ယခုအခါ ခိုးမှု လုယက်မှုများလည်း တိုးပွားလာနေကြောင်း သတင်း ရရှိသည်။

No comments: