Tuesday, December 28, 2010

ဦးကျော်ငြိမ်းနှင့် တိုင်း ၆

ဘိုဘိုကျော်ငြိမ်း

စာပေလောကမှာ စိတ်ကူးနဲ့ ဇာတ်ကောင်တွေကိုထွင်ပြီး ဝတ္တုရေးတာကို Fiction လို့ ခေါ်ပါတယ်။ အကြောင်းအရာ အချက်အလက်ကို မှီပြီးရေးတာကို non-fiction လို့ ခေါ်ပါတယ်။ Non-fiction မှာ အထူးသဖြင့် ရာဇဝင်အကြောင်း ရေးပြီဆိုရင် အချက်အလက်ကို ထွင်လို့ မရသလို သွေဖီလို့မရပါဘူး။ အတိုချုပ် ရေးတာဗျ ဆိုပြီး ရောထွေးပစ်လို့လဲ မရပါဘူး။

ဥပမာ ဦးကျော်ငြိမ်း က တိုင်း(၆) နိုင်ငံရေးမှူး ၊ဒါက အချက်အလက် (fact)။ ဦးကျော်ငြိမ်း တိုင်း (၆) ကို ရောက်မလာလို့ ဗိုလ်ချုပ် ကျော်ဇောက ဦးကျော်ငြိမ်း ကို သူရဲဘော နဲတယ်လို့ ကောက်ချက်ချတယ်။ ဒါက သုံးသပ်ချက် - အမြင် (Opinion)။ မှားတာ မှန်တာ အပထားလို့ သူ့ အမြင် သူရှိခွင့်ရှိတယ်။ ဒါ လွတ်လပ်စွာ တွေးခွင့် ပြောဆိုခွင့်ကို ယုံကြည်ရင်ပေါ့။ တချိန်ထဲမှာ ဦးကျော်ငြိမ်းဘက်က ပြန်ချေပခွင့်ရှိတယ်။ ကျနော်က သားတယောက်အနေနဲ့ ပြန်ချေပ ပြီးပြီ။ စာဖတ်သူတွေ သုတေသီတွေ ရာဇဝင်ဆရာတွေ ဆုံးဖြတ်ကြပါစေ။

သာမန် အပေါ်ယံကြော အမြင်နဲ့ကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်ကြီးက ရေးတာဆိုတော့ မှန်နိုင်တာပေါ့၊ ယုံချင်စရာပေါ့။ ဒါပေမဲ့ ခရစ်တီကယ် တွေးခေါ်မှု နဲ့တိုင်းတာကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို ဒီလိုကောက်ချက်ချရအောင် ဘာအထောက်အထားတွေ ရှိလို့လဲ၊ ဦးကျော်ငြိမ်းအကြောင်း နီးနီးကပ်ကပ် သိလို့လား၊ ကွန်မြူနစ်အမြင်နဲ့ ရေးတာလား။ တာဝန်ကျရာတိုင်းကို မရောက်လာတာ ဘာ အကြောင်းများ ရှိသလဲ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း (၁) တာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို မရောက်လာတော့ဘူး။ ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား စသည်စသည်ဖြင့် တွေးမယ် မေးမယ်၊ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့။

ဦးကျော်ငြိမ်းနဲ့အနီးကပ် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဦးနုက တာတေစနေသား စာမျက်နှာ (၁၃၇) မှာ ဦးကျော်ငြိမ်း ဟာ သတ္တိရှိတယ်လို့ အတိအလင်းရေးခဲ့ပါတယ်။

ဦးကျော်ငြိမ်းဟာ အခုပြောခဲ့တဲ့လူစားမျိုးမှာ မပါဘူး သူဟာသတ္တိ ရှိတယ်၊ သာယာစီးတွေ အချောင်သမားတွေ၊ ခွတုပ်တွေလုပ်နေတဲ့ အလုပ်မျိုး သူမလုပ်ဘူး။ ရန်သူကို စစ်ကျေညာပြီး ချနေတာပဲ။ ....သူ့ကိုသာ ရန်သူက ဖမ်းမိသွားရင် လူထုရုံးတော်ကိုတောင် တင်နေမှာမဟုတ်ဖူး။ ချက်ချင်းကားစင်တင်၊ ရင်ခွဲ ၊ အူအသဲကို ထုတ်ပြီး အစိမ်းလိုက် ဝါးစားပြစ်ကြလိမ့်မယ် ထင်တယ်။ ဒီလိုလုပ်ကြမယ်ဆိုတာကို ဦးကျော်ငြိမ်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါကို နဲနဲကလေးမှ သူစောက်ဂရုမစိုက်ဖူး။ သူ့အစီအစဉ်အတိုင်း သူဆက်သွားနေတာပဲ။

ဦးနု နဲ့ ဗိုလ်ချုပ်ကျော်ဇော - ဘယ်သူက ဦးကျော်ငြိမ်း အကြောင်း ပိုသိမယ်ထင်ပါသလဲ။ ဘယ်သူ့ သုံးသပ်ချက်က ပိုမှန်နိုင်တယ် ထင်ပါသလဲ။ လွတ်လပ်စွာပြောဆိုခွင့်ကို ယုံရင် လွတ်လပ်စွာတွေး ခေါ်ခွင့်ကို လက်ခံရမှာပဲ။ တွေးခွင့်ရှိတယ်၊ အမြင် (Opinion) ရှိခွင့်ရှိပါတယ်။

ဒါပေမဲ့ အချက်အလက်ကို ဘယ်တော့ ဘယ်သူမှ ပြောင်းခွင့် မရှိပါဘူး။ ဗိုလ်ချုပ်ကျော်ဇောပင် ပြောင်းခွင့်မရှိပါဘူး။ ဝင်းတင့်ထွန်းရဲ့ ချေပချက်ကို သုံးသပ်ရရင် အချက်အလက် (facts) နဲ့ မိမိအမြင် (Opinion)ကို မခွဲခြားနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

တိုင်းတာဝန်တွေခွဲကြတော့ ဦးကျော်ငြိမ်းက တိုင်း(၆) နိုင်ငံရေးမှူး၊ သခင်ချစ်က တိုင်း (၄) နိုင်ငံရေးမှူး၊ သခင်ဗဟိန်းက တိုင်း (၁) နိုင်ငံရေးမှူး၊ ဦးဗဆွေက ရန်ကုန်တာဝန်ခံ။ ဒါတွေက ပြင်လို့မရတဲ့ အချက်အလက် တွေပါပဲ။ ဒါ ခေါင်းဆောင်တွေအားလုံး စုံပြီး သဘောတူခဲ့ကြတာ။

အကြောင်းကြောင်းကြောင့် တိုင်းကို ရောက်မလာတာတပိုင်း၊ ဦးကျော်ငြိမ်းသော်လည်းကောင်း ကိုဗဟိန်းသော်လည်းကောင်း ၎င်းတို့ တိုင်းသို့ မသွားနိုင်လျှင် ၎င်းတို့နေရာတွင်ရှိရာလူကို တိုင်းတာဝန်ရှိသူတို့က အစားထိုး ခိုင်းနိုင်တယ်။ သို့သော် နောင်တချိန်မှ ရာဇဝင် အကြောင်းရေးသူက ဦးကျော်ငြိမ်းသည် ရန်ကုန်တွင်ရှိနေ၍ ဦးဗဆွေကြီးနှင့်အတူ ရန်ကုန်တိုင်းတာဝန်ခံ ဖြစ်စေသတည်းလို့ လုပ်၍ မရပါ။

(ဂျပန်တော်လှန်ရေးအစမှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဦးဗဆွေ လွတ်မြောက်ရေးအတွက် လုံးပန်း အားထုတ်ဖို့ တာဝန်ကျရာ တိုင်း (၃) ကို မလိုက်နိုင်တော့တဲ့ ဦးကျော်ငြိမ်းဟာ ရန်ကုန်မှာပဲ လှည့်လည် ရှောင်တိမ်းရင်း ရန်ကုန်တာဝန်များကို ထမ်းဆောင်ပါတယ်လို့ ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားက ဗမာပြည်စာအုပ် စာမျက်နှာ ၃၉ မှာ ဖော်ပြထားပါတယ်။ အယ်ဒီတာ)

ဦးကျော်ငြိမ်း ဟာ တိုင်း(၆) နိုင်ငံရေး တာဝန်ခံဆိုတာ (ပြင်) ၍မရတဲ့ အချက်အလက် ဖြစ်တာကြောင့်ပါပဲ။ ဦးကျော်ငြိမ်းဘာကြောင့် တိုင်း(၆) ကိုမသွားရသလဲ ဆိုတာ ကျနော် ဗိုလ်ချုပ်ကျော်ဇောဆိုတဲ့ ဆောင်းပါးမှာ ရှင်းခဲ့ပြီးပါပြီ။

(၁) ဦးဗဆွေကြီးကို ဂျပန်ကင်တိုင်က ဖမ်းသွားတော့ နောက်ဆုံးအချိန်ကျမှ ပျဉ်းမနားကို မသွားနိုင်တော့လို့ ဦးကျော်ငြိမ်းနဲ့ ဦးလှမောင်တို့က ဦးဗဆွေကြီး လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့ကြရသည်ဟု ဒေါက်တာမောင်မောင်က ၁၉၅၅ မတ်လထုတ် ဂါးဒီးယန်း II, စာမျက်နှာ (၉) မှ (၁၉) တွင် ရေးခဲ့သည်ကို ဒေါက်တာမောင်မောင် ဇနီး၏ခွင့်ပြုချက်ဖြင့် Dr Robert Taylor ထုတ်ဝေတဲ့ Dr. Maung Maung Gentleman Scholar Patriot ဆိုတဲ့စာအုပ် စာမျက်နှာ (၁၃၈) မှာ ဖေါ်ပြထားပါတယ်။ ဒေါက်တာမောင်မောင်က ဦးကျော်ငြိမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ရေးသားခြင်းဖြစ်တယ်။ ဗိုလ်ချုပ်ကျော်ဇောအကြောင်းလဲ အခန်းတခန်းပါတယ်။

(၂) နောက် အရေးကြီးသော အကြောင်းတရပ်မှာ ကွန်မြူနစ် ဆိုရှယ်လစ် ပဋိပက္ခမှာ ကြီးမားရာ တဖက်နှင့် တဖက် သံသယဝင်မှုမှာ မသေးငယ်ပါ။ ထို့ကြောင့် စစ်တိုင်းတွေခွဲကြအပြီး နိုင်ငံရေးမှူးတွေခွဲကြရာမှာ ဗိုလ်ချုပ်ကျော်ဇောကဖိတ်ခေါ်ရာ ဦးကျော်ငြိမ်းကငြင်းပယ်ကာ ကျုပ် ဗိုလ်ရဲထွဋ်တိုင်းကိုသွားမယ်လို့ တိုင်း(၆) ကိုရွေးချယ်ခဲ့ကြောင်း ရေးပြခဲ့ပြီးပါပြီ။ ထို့နည်းတူစွာ ကွန်မြူနစ် ကိုဗဟိန်းလဲ ဗိုလ်ချုပ်အောင်ဆန်းအစား ဆိုရှယ်လစ် ဗိုလ်မောင်မောင်ဦးစီးသော စစ်တိုင်း(၁) သို့ မသွားတော့ပါ။

(မှတ်ချက်။ ရှုပ်ထွေးသောနိုင်ငံရေး အခြေအနေနောက်ခံကို ထည့်မတွက်ပဲ လိုရာဆွဲရေးလျှင် ပြည့်စုံမည်မဟုတ်ပါ)

ဖတပလ (AFO) ကို ဖွဲ့ကြတော့ သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ် အနေနဲ့ တက်လာတာပါ။ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အနေနဲ့ မဟုတ်ပါ။ တော်လှန်ရေးအပြီး နောင်ကွန်မြူနစ်ပါတီ အလံထောင်မှ တရားဝင် ကွန်မြူနစ် ဖြစ်သွားသူပါ။ ဒီအချက်ကို ကြည့်ရင် တော်လှန်ရေးပြီးမှ သခင်ချစ်ကိုကွန်မြူနစ်လို့ သတ်မှတ်လို့ ရပါမယ်။ တော်လှန်ရေးကာလမှာ သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်သာဖြစ်ပေတယ်။ ဤရာဇဝင်အချက်အလက်ကိုလဲ (ပြင်) ၍ မရပါ။

ထို့ကြောင့် အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံ ပါတီက ဦးကျော်ငြိမ်း သည် တိုင်း (၆) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက သခင်ချစ်က တိုင်း (၄) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက ဦးဗဆွေကြီးက ရန်ကုန် နိုင်ငံရေး တာဝန်ခံ။ ထို့ကြောင့် ဝင်းတင့်ထွန်း ရေးတဲ့ တိုင်း နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည်မှာ အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ဝင်းတင့်ထွန်းက ပြန်လည်ခြေပရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်း က ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အ ဖြစ် အတိအလင်းပြောင်းလဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင် ချစ် ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ်တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒီရေးသားချက်ကိုကြည့်ရင် ဝင်းတင့်ထွန်းဟာ သူ့ဟာသူ ဝိရောဓိ (conflict) ဖြစ်နေတယ် ဆိုတာကိုပင် သတိပြုမိပုံ မပေါ်ပါ။ သခင်ချစ် ဟာ ပြည်သူ့အရေးတောပုံပါတီကဖြစ်ကြောင်း အရှေ့မှာဝန်ခံထားပြီး နောက်မှာတခါ သခင်ချစ်ဟာ မဟာကွန်မြူနစ်ဖြစ်ကြောင်း ရောချထားပါတယ်။ သခင်ချစ်ဟာ ကွန်မြူနစ် ဘုရားသခင် အဖြစ် သေသွားအုံး အရေးမကြီးပါ။ အရေးကြီးသော အချက်မှာ နိုင်ငံရေးမှူး သခင်ချစ်ကို ပြည်သူ့အရေးတော်ပုံပါတီကပါဟု လက်ခံလျှင် “နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်” ဆိုသည်မှာ အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ရာဇဝင်အကြောင်းရေးရာမှာ အတိုချုပ် ရောရေးတာမရှိရပါ တိကျမှုရှိရပါမယ်။ စိတ်မကောင်းစရာက ဤသို့ အချက်အလက် အမှန်ကို လိုရာဆွဲဆန့်ပြီး ကောက်ချက် ချခြင်းသည် မည်မျှ အရေးကြီးသော လွဲမှားမှုဖြစ်ကြောင်း ဆိုတာကို ဝင်းတင့်ထွန်း သဘောပေါက်ပုံမရပါ။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ်ပါတီကချည်းလို့ ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား လို့ရေးရဲတာပါ။

ရာဇဝင် ဆိုတာ အတိုဘဲရေးရေး ၊စာတကြောင်းဘဲ ရေးရေး ပေါ့ပေါ့ရေး၍မရ အချက်အလက်မှန်ရမည် ဆိုတာကို နားမလည်နိုင်ရင်တော့ ခက်သားလား။

သခင်တင်မြရဲ့တန်ဖိုး

သခင်တင်မြ ကို နိုင်ငံရေး ဝါဒအမြင်နဲ့ ကြည့်ရင် ဘဝင်မကျစရာ လက်မခံ စရာတွေ ရှိပါတယ်။ သို့သော် သခင်တင်မြဟာ ငယ်စဉ်ကထဲက တော်လှန်ရေးမှာ ပါခဲ့တာကြောင့် အတွင်းသိ တယောက် ဖြစ်ပြန်တယ်။ ဒါကြောင့် စာရေးဆရာ အထူးသဖြင့် ရာဇဝင် စာရေးဆရာတယောက်အနေနဲ့ ကြည့်ရင် တန်ဖိုး ရှိပါတယ်။
ကျနော်က သခင်တင်မြ ကို နိုင်ငံရေးသမား သခင်တင်မြ နဲ့ ရာဇဝင် စာရေးဆရာ သခင်တင်မြလို့ ခွဲမြင်ပါတယ်။

ကျနော်က ဗိုလ်ချုပ်ကျော်ဇော ကို ကွန်မြူနစ်လို့ မမြင်ဖူး၊ တိုင်းပြည်အတွက် အသက်စွန့်စား လွတ်လပ်ရေး အတွက်တိုက်ခဲ့ တဲ့ တော်လှန်ရေးသမားကြီး လို့ပဲ မြင်မိတယ်။

ကျနော် ရှင်းပြပါရစေ၊ ရာဇဝင် သုတေသီတယောက်ဖြစ်လိုရင် စာအုပ်ပေါင်းများစွာကို ထောင့်ပေါင်းစုံက ကြည့်ရပါတယ်။ ပြီးမှ ကွဲပြားမှုက ဒါ တူညီမှုက ဒါ ဖြစ်နိုင်ခြေက ဒါ ဆိုတာ ဉာဏ်မီသလောက် သုံးသပ်ရပါတယ်။ ဒါကို reconcile လို့ခေါ်ပါတယ်။ ဒီလူကိုတော့ မကြိုက်လို့ ဒီလူရေးတာတွေ မဖတ်ဖူးဆိုရင် မိမိကိုယ်မိမိ ”ဆင်ဆာ” လုပ်တာ ဖြစ်သွားပါတယ်။ self-censorship လို့ခေါ်ပါတယ်။ ဒါကြောင့် လူကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တော်လှန်ရေးတွင် ကိုယ်တိုင် အတွင်းကျကျ ပါဝင်ခဲ့သော သခင်တင်မြ အရေးအသားများကို လျစ်လျူရှု၍ မရပါ။ ဘုံဘဝ ကို မဖတ်ဖူးရင် နိုင်ငံရေး လေ့လာမှု မှာ အားမနဲ သွားဘူးလား။

သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ် မှာ ရဲဘော် ဂိုရှယ်ကိုမသတ်ခင် သခင်သန်းထွန်းက မိန့်ခွန်းချွေရာမှာ ဗမာပြည်ကွန်မြူနစ်ဆဲလ် စဖွဲ့စဉ်က အိန္ဒိယ ကွန်မြူနစ် နဲ့ အင်္ဂလိပ် ကွန်မြူနစ်ပါတီက အကူအညီ ယူခဲ့ရတယ်လို့ ဆိုခဲ့တယ်။ (သခင်သန်းထွန်း နောက်ဆုံးနေ့ စာမျက်နှာ ၄၆ဝ)။ အိန္ဒိယကွန်မြူနစ်ပါတီရဲ့ အကြောင်းကရှင်းတယ် အင်္ဂလိပ် ကွန်မြူနစ်ပါတီ အကြောင်းရှာမရခဲ့ပါ။ ဇူလိုင် (၂၂) ၂ဝ၁ဝ ထုတ် Northern Star အပတ်စဉ် ဂျာနယ် အမှတ် (၇၄) မှာ ပါတဲ့ သခင်တင်မြ ရဲ့ ဆောင်းပါးမှာမှ အင်္ဂလိပ်တွေရဲ့ ပါဝင်မှုအကြောင်းစုံကို သိခွင့်ရခဲ့တော့တယ်။ ဧပြီလ (၁) ရက် ထုတ် Northern Star အပတ်စဉ် ဂျာနယ် အမှတ် (၆ဝ) - စာမျက်နှာ (၅) မှာပါတဲ့ ဆောင်းပါးမှာ ဖတပလ ဖွဲ့စဉ်က သခင် ဗဟိန်း ငှက်ဖျားထ နေတာကြောင့် မပါနိုင်ကြောင်းရေးပြခဲ့ပါတယ်။

ကျနော်တို့ ဗမာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်စွဲ သိပ်ကြီးကြတယ်။ ဒီလူရဲ့ နိုင်ငံရေး ကိုမကြိုက်တာနဲ့ ဒီလူကို ပစ်ပယ်ရမယ်၊ တိုက်ခိုက်ရမယ်ဖြစ်လာကြတယ်။ ရန်ငါစည်းကွဲရမယ်၊ ဖြုတ်-ထုတ်-သတ် စိတ်တွေ ဝင်လာကြတယ်၊ အစွန်းသိပ်ရောက်တယ်။ ရလဒ်က ဘက်စုံအမြင်အစား တဖက်သတ် (ဘက်လိုက်) အမြင်တွေ ဝင်လာတယ် ရှုပ်ထွေးလာတယ်။ အဆိုးဆုံးက ရာဇဝင် အကြောင်းရေးသူတွေမှာ (တာဝန်) ရှိတယ်ဆိုတာကို မသိကြတဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ ဆက်တိုက် လိုက်လာတတ်တယ်။

အခု ပြဿနာမှာလဲ ကြည့်ပါ။ တိုင်းတွေခွဲစဉ်က ဦးကျော်ငြိမ်းအတွက် သတ်မှတ်ချက်က တိုင်း(၆) နိုင်ငံရေးမှူး - ဒါကရာဇဝင် အဖြစ်မှန် - ဝင်းတင့်ထွန်းက ဗိုလ်ချုပ်ကျော်ဇောရေးတာကို ဖတ်ပြီး သူ့အမြင်အရ သူ့ဟာသူ ကောက်ချက်ချပြီး ဦးကျော်ငြိမ်းကို ရန်ကုန် တာဝန်ခံ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်။ ဝင်းတင့်ထွန်း ရေးတာကိုဖတ်ပြီး နောက်တယောက် ကလဲ ထပ်ဆင့် ရေးခဲ့ပြန်ရင် ဒီလိုနဲ့ ဆက်ကာဆက်ကာ (ပွား) သွားတော့ နောင် အနှစ် (၂ဝ) (၄ဝ) (၅ဝ) မှာ ဦးကျော်ငြိမ်းဟာ တိုင်း (၆) နိုင်ငံရေးမှူးလား - ရန်ကုန် တာဝန်ခံလား ဆိုတာကို အငြင်းပွားစရာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ရာဇဝင်အချက်အလက်ကို ပြောင်းလို့မရဘူးလို့ ဆိုနေရတာပါ။

သခင်တင်မြပြဿနာကိုကြည့်ရင်လဲ ကျနော့်အယူအဆကတော့ တယောက်ယောက်က ဝင်းတင့်ထွန်းလို အစောကြီး ပြောင်း ရေးလိုက်တယ်လို့ သံသယရှိတယ်။ ကျနော်ကိုယ်နှိုက်ပင် ဖတ်ခါစ က ဘာကြောင့် သခင် ဗဟိန်း မဟုတ်ပဲ သခင်တင်မြ ဖြစ်တာလဲ ဆိုပြီးတွေးမိတယ်။

ဝင်းတင့်ထွန်း က သခင်ကြီးတွေစုပေါင်းရေးထားတဲ့ စာအုပ်ကြီးကိုညွှန်းလာပြီး သခင်သိန်းဖေ စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို ရှေ့တန်းတင်လာပါတယ်။ စာရေးရင် အင်္ဂလိပ်လို (context) အကြောင်းအရာ ဟာအလွန်အရေးကြီးပါတယ်။ ဒီသခင်ကြီးတွေကို ကျနော်လေးစားပါတယ်။ ဒါပေမဲ့ ဒီသခင်ကြီးတွေ သူတို့ပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးအကြောင်းရေးတာမှာ ယုံကြည်မှု ရှိစရာဖြစ်ပေမယ့် ဆင်ပေါင်ဝဲရွာက ကြက်တိုက်ပွဲ အကြောင်းမှာ ဒီသခင်ကြီးတွေကို သွားကိုးကားရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဖြစ်စဉ်မှာ ကိုယ်တွေ့ ဖြစ်ဖို့က အရေးကြီးပါတယ်။ ဖတပလ ဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေရော ဒီအစည်းအဝေးမှာ ရှိခဲ့လို့လား ။

ထိုစဉ်အချိန်က ကွန်မြူနစ်တွေအကြားမှာ အာဏာအရှိဆုံးခေါင်းဆောင်က သခင်စိုးကြီးပါ။ ထိုစဉ်က သခင်စိုးကြီး အားအကိုးဆုံးက သခင်တင်မြ ပါ။ စစ်တပ်အထဲမှာ ကွန်မြူနစ် ဝါဒတရားတွေ သင်ကြားဖို့ သခင်စိုးကြီးက ဗိုလ်ချုပ်အောင်ဆန်းစီမှာ ခွင့်တောင်းပြီး စေခိုင်းတာဝန်ပေးတာလဲ သခင်တင်မြ ကိုပါပဲ။ ထိုစဉ်က သခင်စိုးရဲ့ ကိုယ်ပွားဟာ သခင်တင်မြ လို့ပြော လို့ရပါတယ်။ လက်ဝဲညီညွတ်ရေးအတွက် ပြည်သူ့ရေးတော်ပုံပါတီနဲ့ ကွန်မြူနစ်ပါတီပေါင်းစည်းဖို့သဘောတူညီမှု ကို ဘယ်သူမှမတိုင်ပင်ပဲ ဖျက်ပစ်တာလဲသခင်စိုးပါပဲ။ ဒီလောက် သခင်စိုးမှာ အာဏာရှိပါတယ် သြဇာကြီးပါတယ်။ ထိုစဉ်က သခင်စိုးကို ဘယ်သူမှ မကျော်နိုင်ပါ။ ဒါကြောင့် ဖတပလ ဖွဲ့စဉ်က အစည်းအဝေးမှာ ရှိနေတဲ့ သခင်စိုး ရဲ့တပည့်အရင်း သခင်တင်မြ ရေးတာက ပိုနီးစပ်တယ်လို့ တွေးလို့ ရပါတယ်။

စာဖတ်သူများ တို့ဗမာအစည်းအရုံးသမိုင်းကို ရှာလို့ရရင်ရှာဖတ်စေချင်ပါတယ်။ အရှေ့ပိုင်းမှာ တို့ဗမာအစည်းအရုံးအကြောင်းရေးစဉ်က အသေးစိတ်တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ရေးပြသွားကြ ပါတယ်။ စာမျက်နှာ ၅၇၇ မှစ၍ ”တို့ဗမာအစည်းအရုံးကြီးမှဖြာထွက်သွားသောအင်အားစု နှင့်အဖွဲ့ အစည်း” များခေါင်းစဉ် အောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ က (၂)ပိုဒ် - (တမျက်နှာ) ပြည်သူ့ရေးတော်ပုံပါတီက (၁)ပိုဒ် နီးနီး - ဗမာ့တပ်မတော် က (၂) ပိုဒ် (၂)ခု ပေါင်း တမျက်နှာ အခန်း (၁) နှင့် အခန်း (၂) တွင် ”မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း“ ခေါင်းစဉ်အောက်တွင် ဖတပလ အကြောင်း တမျက်နှာကျော်ကျော်သာဖေါ်ပြခဲ့ပါတယ်။ စာစီစာကုံး ဆန်ဆန် ရေးသားခြင်းသာဖြစ်တယ။် ဆိုလိုတာက အင်္ဂလိပ်လို authoritatively တိတိကျကျ သေချာသဖြင့် ရဲရဲရေးသားထားတဲ့ လေသံ မရှိပါ။ ဤအဖွဲ့အစည်းများသည် တို့ဗမာအဖွဲ့အစည်းများမှဖြာထွက်လာသည်လို့ ဆိုလိုရင်းဖြစ်တယ်။ တဆင့်ခံ ဖေါ်ပြခြင်း ဆိုတာ ထင်ရှားပါတယ်။ သခင်တင်မြကဲ့သို့ ကိုယ်တွေ့ ရေးသားပုံမပေါက်ပါ။

ဝင်းတင့်ထွန်းဟာ တို့ဗမာအစည်းအရုံးသမိုင်း စာအုပ်ထူကြီးကို အကိုးအကားပြု ရှေ့တန်းတင် လာသော်လဲ အသေအချာစေ့စေ့စပ်စပ်ဖတ်ပုံမရပါ။

ရေးနည်းရေးဟန် သတ်မှတ်ချက်များ - စာမျက်နှာ (၄) -

အမှတ်စဉ် (၆) - အထောက်အထားအကိုးအကားမှန်သမျှ အခိုင်အမာဖြစ်စေရန်

အမှတ်စဉ် (၇) - သမိုင်းကို အတိတ်၏ဖြစ်စဉ် ဖြစ်ရပ်အတိုင်းသာ ရေးသားရန်။ ပုဂ္ဂိုလ်အာဘော်များ၊ သဘော တရားကောက်ချက်များ၊ ပစ္စုပ္ပန်ဖြင့်သွားရောက် နှိုင်းယှဉ်ချက်များမပါရန်

အချက် (၈)ချက်ပါသော စည်းမျဉ်းဘောင် သတ်မှတ်ပေးထားပါတယ်။

ဤ သတ်မှတ်ချက်များအရဆိုလျှင် - ဦးကျော်ငြိမ်းကို ဖြစ်စဉ်က သတ်မှတ်ချက်အတိုင်း - တိုင်း (၆) နိုင်ငံရေးမှူးအဖြစ်သာဖေါ်ပြရပါမယ်။ ဝင်းတင့်ထွန်းရဲ့အာဘော် အရ ရန်ကုန်တာဝန်ခံလို့ ပြောင်းလဲသတ်မှတ်ခွင့် မရှိပါ။ စာရေးလျှင် ရည်ညွှန်းကိုးကားသောစာအုပ်များလို့ ရောချပြီး ကျမ်းကိုး စာရင်းတင်ပြရုံနဲ့ မပြည့်စုံပါ။ (အမှောင်ကြားကဗမာပြည်(စာမျက်နှာ ၅၆ဝ-၅၆၁)) အတိအကျ မည်သည့်စာအုပ် မည်သည့် စာမျက်နှာတွင် ပါရှိကြောင်းအတိအကျ ကိုးကားရပါမယ်။ သို့မဟုတ်ပါက ဤစာအုပ်များကို ဖတ်ဖူးပါသည်ဆိုသည်မှ လွဲ၍ ဘာမှ အဓိပ္ပာယ်မရှိပါ။ အထောက်အထားအကိုးအကား ပြည့်စုံရမယ်ဆိုတာကို ဤ ရေးနည်းရေးဟန် သတ်မှတ်ချက်များမှ ဝင်းတင့်ထွန်း ပညာရပါစေလို့ ဆုတောင်းလိုက်ပါရစေ။ ကျနော့်ဆီမှာ ပထမတွဲ ဒုတိယတွဲ (၂)အုပ်ပေါင်း ပထမနှိပ်ခြင်း ၁၉၇၆ ထုတ် စာအုပ် ရှိပါတယ်။

တခါ ဝင်းတင့်ထွန်းက တက္ကသိုလ်များ သမိုင်းသုတေသန ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓာန်” ဒေါက်တာသန်းထွန်းတို့အမှာ ရေးသားထားတယ်ဆိုပြီး သက်သေ ထုတ်လာပြန်တယ်။ ဦးမြဟန် ရဲ့ သုတေသနပြုမှု မည်မျှသေချာ တိကျတယ်ကို ကျနော်မသိပါ။ အမှာစာ ဆိုတာက မိတ်ဆက်တာပါ တည်းဖြတ်တာနဲ့ မတူပါ။ သုတေသနမှာ ကောင်းပြီး သေချာသပ်ရပ် တိကျတဲ့ စာရေးဆရာကောင်းတယောက်ကိုတော့ ကျနော် သိပါတယ်။ သူက ဆွီဒင်နိုင်ငံသား ကွန်မြူနစ်တွေရဲ့ ဌာနချုပ် ပန်ဆောင်ကို သက်စွန့်ဆံဖျား သွားရောက် သုတေသနပြု ဗမာကွန်မြူနစ်နဲ့တိုင်းရင်းသားတွေအကြောင်း နှိုက်နှိုက် ချွတ်ချွတ် ရေးပြနိုင်ခဲ့တဲ့ Bertil Lintner ပါပဲ ။

ကွန်မြူနစ် ဆဲလ်စဖွဲ့တဲ့ကြောင်းကိုရေးကြရင် နေ့ရက်တခုပဲ အငြင်းမပွားစရာ လာဖြစ်ပါတယ်။ နေရာ နဲ့ ဘယ်သူတွေပါတယ်ဆိုတာ အငြင်းပွားစရာလာဖြစ်ပါတယ် သခင်စိုး သခင်တင်မြကိုပြန်ပြော တာ - ဗိုလ်လက်ျာ ပြောတာ - သခင်သိန်းဖေ ပြောတာ - သခင်ဗသိန်းတင်ပြောတာချင်း (မတူ) ကြပါ။ Bertil Lintner က သူရဲ့ Burma in Revolt ဆိုတဲ့စာအုပ် စာမျက်နှာ (၃၉) မှာ ဒီ ဆဲလ်စဖွဲ့ဒါကို ဖေါ်ပြခဲ့ပြီး စာမျက်နှာ (၉ဝ) မှာနောက်ဆက်တွဲ အဖြစ်ကျန်တဲ့ လူတွေရဲ့ ကွဲလွဲသော ပြောဆိုချက်တွေကို ထပ်ဖေါ်ပြခဲ့ပါတယ်။ ဤမျှတိကျ ၍ သုတေသနပြမှုမှာ နာမည်ကြီးပြီး တကမ္ဘာလုံးကသိတဲ့ ကျနော်လေးစားတဲ့ စာရေးဆရာ Bertil ကသူ့ရဲ့ Burma in Revolt စာအုပ် စာမျက်နှာ (၇၃) မှာ ဖတပလ ဖွဲ့တဲ့အကြောင်း ရေးရာမှာ - (သခင်တင်မြ) လို့ ရေးခဲ့ပါတယ်။ သခင်ဗဟိန်း လို့ မရေးခဲ့ပါ။ သခင်တင်မြ လဲ အသက်ထင်ရှား ရှိပါသေးတယ်။

ကျနော်မှတ်မိသမျှ ကျနော်တို့ငယ်စဉ်က တော်လှန်ရေးနေ့တွေလို နေ့ထူး တွေမှာ ပြတိုက် မှာ အထူး ပြသရာ ဖတပလ ဖွဲ့စဉ်က ပါဝင်ခဲတဲ့လူတွေ လက်မှတ်ထိုး ထားတာ တွေ့ဖူးပါတယ်။ မော်ကွန်းတိုက်မှာ ရှိပါသေးတယ်။ သုတေသန ပြုရင်ပေါ်လာမှာပါ။ ဘယ်စာအုပ် ဘယ်စာတန်းမှာမှလဲ သခင်ဗဟိန်း ဒီအစည်းအဝေးကို တက်တယ်လို့ ဘယ်သူကမှ ဖော်ပြထားတာ မတွေ့ဖူးသေးပါ။ အစည်းအဝေးမတက်ရင် လက်မှတ် မထိုးနိုင်ပါ။

နောက်စဉ်းစားစရာရှိတာက (၉)ယောက်မှာ ဘယ်သူမှ အငြင်းပွားစရာမဖြစ်ပါ။ သခင်တင်မြ တယောက်ထဲသာ အငြင်းပွားစရာလာဖြစ်ရတယ်။ အဘယ်ကြောင့်ပါလဲ။ဒါကြောင့် ရာဇဝင် အချက်အလက်ကို မပြင်ကောင်းလို့ ပြောနေရခြင်းပါ။ လူကိုမုန်းတာနဲ့ ရာဇဝင် အချက်အလက်ကိုပြင်ရင် အန္တရာယ် ကြီးတယ်ဆိုတာကို လူငယ်လေးတွေ သတိပြုစေချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာ လက်ဝဲ၊ လက်ယာအားလုံးကို တိုင်းပြည်ချစ်ရင် လိုက်ခဲ့ဆိုပြီး အားလုံးကို ဆွဲခေါ်ခဲ့တာပါ။ ဒါကြောင့် အင်အားကြီးမား ထောက်ခံမှုများပြီး အောင်ပွဲခံနိုင်ခဲ့တယ်။ အတု ယူစရာပါ။

ဦးကျော်ငြိမ်းကို (မုန်း) လို့ရပါတယ်၊ (မုန်း) ခွင့်ရှိပါတယ်။ သို့သော် ဦးကျော်ငြိမ်းကို (မုန်း) တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်းပါ။

No comments: