Tuesday, December 28, 2010

တရုတ်ဘက် ဆိတ်ပို့သူအား စရဖ ထိုးကြိတ် ငွေတောင်း

သျှမ်းသံတော်ဆင့်

မူစယ်မြို့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) တပ်ဖွဲ့က တရုတ်ဘက် ဆိတ်အုပ်ပို့သူများအား ထိုးကြိတ်၍ တရုတ်ငွေ ယွမ် ၁၀၀၀၀ တောင်းယူခဲ့သည့် ဖြစ်ရပ် ယခုလ ၂၁ ရက် ည ၇ နာရီခန့်က မူစယ်မြို့၌ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အကောင် ၅၀ ကျော်ပါ ဆိတ်တစ်အုပ်ကို နယ်စပ်ဖြတ်၍ တရုတ်ဘက် တရားမ၀င်ပို့ဆောင်ရန် ပန်းဆေးပြည်သူ့စစ်အဖွဲ့ထံ ကယ်ရီအပ်နှံအပြီး ဆိတ်မောင်းသူ ၅ ဦး စရဖ တပ်ကြပ်ကြီး ဇော်မင်းစိုးနှင့်အဖွဲ့ ၃ ဦးက သွားရောက် ဖမ်းဆီးခဲ့ကြောင်း ဆိတ်မောင်းသမားနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပန်ခမ်းတံတားနားမှာ ပန်းဆေးပြည်သူ့စစ်ဝင်းရှိတယ် ၊ အဲဒီမှာ တရုတ်ကမ်း ကူးဖို့ကယ်ရီ အပ်တာပေါ့ အဲဒီကနေအထွက် စရဖ နှစ်ယောက် ကားနဲ့ရောက်လာတယ် ၊ သေနတ်နဲ့ထိုးချိန်ပြီး ပရမ်းပတာ ထိုးကြိတ်တော့တာပဲ ပြီးတော့ တရုတ်ငွေ တစ်သောင်းယူပြီး ပြန်သွားတယ် ” ဟု သူက ဆိုသည်။

အဆိုပါ ထိုးကြိတ်မှုကြောင့် ဆိတ်အုပ်ပိုင်ရှင် ကိုမင်းဆိုသူ၏ ဘယ်ဘက်မျက်လုံး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မူစယ် ဆေးရုံ၌ ဆေးကုသရန် ပြသသော်လည်း ဆေးကုသခွင့်မပေးကြောင်း သိရသည်။

“ဆိတ်မောင်းသူ ၅ ယောက်စလုံးအထိုးခံရတယ် ၊ ရေစကြိုမြို့နယ်က ဆိတ်ပိုင်ရှင် ကိုမင်းကတော့ ဘယ်ဘက်မျက် လုံးအတွင်းထဲမှာ သွေးခြေဥသွားတယ် ၊ မူစယ်ဆေးရုံသွားပြတော့လည်း ဆေးမကုပေးဘူး၊ အမှန်ကတော့ ဒီလို ဒဏ် ရာရတယ် ဆိုရင် ရဲစခန်းကိုဖုန်းဆက် ဆေးစာယူပြီး ဆေးကုပေးရမှာပေါ့ အခုက လက်မခံဘူးဗျ ” ဟု သူက ဆိုသည်။

စရဖအနေဖြင့်လည်း ပြေပြေလည်လည် ငွေတောင်း၍ ရသော်လည်း ရုပ်ရှင်ဆန်ဆန် သေနတ်ဖြင့်ချိန်ရွယ်ထိုးကြိတ် ငွေ တောင်းခဲ့သည့်လုပ်ရပ်သည်အာဏာပြအနိုင်ကျင့်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ နအဖ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့များ လိုင်စင်မဲ့ ထော် လာဂျီ ၊ ကား နှင့် ဆိုင်ကယ်များအား တစ်နေရာမှ တစ်နေရာသို့ အခကြေးငွေယူ ကယ်ရီသယ်ပေးခြင်းဖြင့် ၀င်ငွေရှာနေကြောင်း သိရသည်။

အချို့စီးပွားရေးသမားများက အဆိုပါ ပြည်သူ့စစ်အဖွဲ့များအတွင်းသို့ပါ ၀င်၍ အဖွဲ့အမည်ဖြင့် တရားမ၀င်ငွေရှာကာ သတ်မှတ်သည့် ရံပုံငွေ အတိုင်း အဖွဲ့သို့ ပေးဆောင်ရကြောင်း သိရသည်။

No comments: