Friday, December 24, 2010

ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပ

ခင်ဦးသာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ရွေးကောက်ပွဲအပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ နေပြည်တော်၌ တံခါးပိတ် ကျင်းပလျက်ရှိသည်။

အစည်းအဝေးသို့ ကြံ့ဖွံ့ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အတွင်းရေးမှူး ဦးဌေးဦးနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် တနိုင်ငံလုံးမှ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်၍ အနာဂတ်လုပ်ငန်းစဉ်များ၊ လွှတ်တော်၌ ပြောဆိုကြမည့် အကြောင်း အရာများ၊ ပေါ်ပေါက် လာမည့်လွှတ်တော်ထဲ၌ တာဝန်ခွဲဝေယူရေး အပါအဝင် လာမည့် အစိုးသစ်တွင် တာဝန် ယူသွားကြမည့် ရာထူးများ အကြောင်းကို အဓိက ဆွေးနွေးကြသည်ဟု အဆိုပါအစည်းအဝေး တက်ရောက်သူ ဇေကမ္ဘာ ဦးခင်ရွှေက ဆိုသည်။

ယခုအစည်းအဝေး မတိုင်ခင် ရက်ပိုင်းကလည်း ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တချို့ ကြိုတင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံပါတီ၏ ယခုပြုလုပ်သော အစည်းအဝေးသည် အနာဂတ် အစိုးရသစ်တွင် တာဝန်ယူကြမည့် ပြည်နယ် ၀န်ကြီးချုပ်များ၊ တိုင်းဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝန်ကြီး နေရာများ စသည့်အရေးပါသည့် ရာထူးအားလုံးကို ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ်များက အများဆုံး ရယူရန် ကြိုတင် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်သူများက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်မှ တဦး၊ အနိုင်ရ အရပ်သား ကိုယ်စားလှယ် များထဲမှ ၂ ဦးတို့ကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ် တင်မြောက်ကြမည် ဖြစ်ပြီး ထို ၃ ဦးထဲမှ တဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်ဟု ဖွဲ့စည်းပုံက ဆိုထားသောကြောင့် လွှတ်တော်မှ ရွေးကောက်မည့် သမ္မတသည် ကြံ့ဖွံပါတီ၏ ကိုယ်စားလှယ်သာ ဖြစ်မည်ဆိုသည့် အချက်ကို ယခု အစည်းအဝေး၌ ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ် တဦးဖြစ်သည့် ဇေကမ္ဘာဦးခင်ရွှေက ယခု အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီအား ပြန်လည် ဖွဲ့စည်းရေးနှင့် ပါတီ၏ အောက်ခြေအဆင့် အဖွဲ့ဝင်များကို အများ သဘောတူ စနစ်ဖြင့် ပြန်လည်ရွေးချယ် ခန့်ထားပေးရေး တို့ကို ဆွေးနွေးခဲ့သည်ဟု ဧရာဝတီ ကိုပြောသည်။

“ပါတီဝင် တချို့ရဲ့ လုပ်ရပ်တွေကြောင့် ပါတီသိက္ခာကျနေတာတွေကို ပြည်လည်ပြုပြင်သွားဖို့၊ ကျနော်တို့ပါတီကို မဲမပေးခဲ့တဲ့ နေရာတွေကို ပစ်မထားဘဲ ကတိပေးထားတဲ့အတိုင်း ၂ ဆပို လုပ်ပေးဖို့ ဆိုတာတွေကို ဆွေးနွေးကြပါတယ်” ဟု ဦးခင်ရွှေက ဆိုသည်။

ရွေးကောက်ပွဲ မတိုင်ခင်က ပေးထားသည့် ကတိများအတိုင်း လမ်းများကို ခင်းပေးရန်၊ ပျက်စီးနေသည့် အရာများကို ပြုပြင်ပေးရန်၊ လွှတ်တော်ထဲတွင် မည်ကဲ့သို့ ပြောဆို နေထိုင်ရန် စသည်တို့ကို ပါတီ ဥက္ကဋ္ဌက ပြောသွားကြောင်း ဦးခင်ရွှေက ရှင်းပြသည်။

ဦးခင်ရွှေသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော်မှ အနိုင်ရထား
သူဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် ၎င်းတို့ပါတီအား မဲပေးပါက လမ်းများခင်းပေးမည်၊ လျှပ်စစ်မီးများ ပုံမှန်ပေးမည်၊ ရေရရှိရေး ဆောင်ရွက်ပေးမည် စသည့်နည်းလမ်းများဖြင့် ပြည်သူများကို မက်လုံးပေး ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲ အနိုင်ရပြီး နောက်တွင် တ၀က်တပျက် ခင်းထားသော ရန်ကုန်မြို့မှ လမ်းများအား ဆက်လက် မခင်းပေးသဖြင့် သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ရွေးကောက်ပွဲအနိုင်ရပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် လမ်းခင်းသည့် လုပ်ငန်းများ အားလုံးနီးပါးကို ရပ်တန့်ထားကြောင်း စည်ပင်ဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

ထိုအချက်ကပင် ကြံ့ဖွံ့ပါတီ၏ အပြောနှင့်လုပ်ရပ်မညီခြင်း ဖြစ်နေကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

“အစည်းအဝေးက ချမှတ်တဲ့ မူဝါဒတွေကို လက်တွေ့လုပ်ဖို့က အရေးကြီးပါတယ်။ ကြံ့ဖွံ့နဲ့ အစိုးရက ဘာပဲလုပ်လုပ် တိတ်တဆိတ် လုပ်လေ့ရှိတယ်။ အခု အစည်းအဝေးကလည်း ပွင့်လင်းမှုမရှိဘူး” ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော သံတမန်များနှင့် နိုင်ငံရေးပါတီအားလုံးနီးပါးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီ သည် လာရောက်မှု မရှိကြောင်း၊ ၎င်းတို့ပါတီသည် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌လည်း အင်အားသုံးကာ လွှမ်းမိုး လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အစည်းအဝေးက ဆုံးဖြတ်ချက် တချို့အား ကြေညာချက်ထုတ်သွားမည်ဟု သိရပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဦးခင်ရွှေက ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ တချို့သည် ၎င်းတို့ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ငွေကြေးသုံးစွဲမှုအခြေအနေများ၊ ပါတီရန်ပုံငွေများ စသည့် လုပ်ငန်းစဉ်များကို ပြည်သူများအား တရားဝင်ကြေညာ ပေးသော်လည်း ကြံ့ဖွံ့ပါတီကမူ ၎င်းပါတီ၏ အခြေအနေ၊ အသုံးစရိတ် စသည်တို့အား ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ် စုစုပေါင် ၁၁၅၄ နေရာအနက် ၈၈၂ နေရာ အနိုင်ရကြောင်း စစ်အစိုးရ မီဒီယာများတွင် ရေးသားခဲ့သည်။

No comments: